Friday, July 25, 2014

အဆက်အသွယ် မပြတ်မီ AH5017 လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့


ရုတ်တရက် ပျောက်ဆုံးသွားသည့် အယ်လ်ဂျီးရီးယား ခရီးသည်တင် လေယာဉ်သည် အဆက်အသွယ် ပြတ်တောက်မသွားမီ လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့သေးကြောင်း သတင်းရရှိသည်။

Air Algerie လေကြောင်းလိုင်းမှ AH5017 လေယာဉ်သည် ခရီးသည် (၁၁၀)၊ အမှုထမ်း (၆)ဦး လိုက်ပါ လာပြီး ဘာကီနာဖာဆိုမှ အယ်လ်ဂျီးရီးယားသို့ ဦးတည်ပျံသန်းနေစဉ် အဆက်အသွယ် ပြတ်တောက် သွားခြင်း ဖြစ်သည်။

လေယာဉ်မှာ DC-9 အမျိုးအစားဖြစ်ပြီး (သတင်းအချို့တွင် MD83 ဟု ဖော်ပြ) ခရီးသည်များမှာ နိုင်ငံပေါင်း အတော်များများမှဖြစ်ကြောင်း သိရသည်။

လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက လေယာဉ်သည် အယ်လ်ဂျီးရီးယား လေပိုင်နက်ထဲ မဝင်မီ တောင်ဘက် မာလီနိုင်ငံ ကောင်းကင်ယံတွင် ရှိနေစဉ် လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့ကြောင်း ဆိုသည်။ AH5017သည် ဘာကီနာဖာဆိုမှ ပျံတက်လာပြီး မိနစ်(၅၀)မျှ အကြာတွင် ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

“အဆက်အသွယ် ပြတ်တောက်သွားချိန်မှာ လေယာဉ်ဟာ အယ်လ်ဂျီးရီးယားနဲ့ သိပ်မဝေးတဲ့ နေရာထိ ရောက်နေပြီ။ လေယာဉ်အမှုထမ်းတွေက လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြင်ကွင်း မရှင်းလင်းဘဲ ဖြစ်နေပြီး အယ်လ်ဂျီးရီးယားကနေ ဘာကီနာဖာဆိုဘက် ပျံသန်းလာတဲ့ လေယာဉ်တစ်စီးစီးနဲ့ ဝင်တိုက်မိနိုင်တဲ့ အန္တရာယ် ရှိနေလို့ ဖြစ်ပါတယ်”ဟု လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။ ၎င်းကပင် “လမ်းကြောင်းပြောင်း ပျံသန်းပြီးတာနဲ့ပဲ အဆက်အသွယ် ပြတ်သွားတာပါ”ဟုလည်း ဆိုသည်။

“လေကြောင်းလမ်းညွှန် စနစ်တွေမှာ Air Algerie လေကြောင်းလိုင်းပိုင် လေယာဉ်ရဲ့ ပျံသန်းမှု လမ်းကြောင်း အချက်ပြမှု ပျောက်ဆုံးသွားပါတယ်။ လေယာဉ်ကွင်းကနေ ပျံတက်လာပြီး မိနစ်(၅၀) အကြာမှာ အဆက်အသွယ် ပြတ်သွားတာပါ”ဟု လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရ တာဝန်ရှိသူ တစ်ဦး၏ အဆိုကို ကိုးကားပြီး အယ်လ်ဂျီးရီးယား သတင်းဌာန APSက အစောပိုင်းတွင် ဖော်ပြထားခဲ့သည်။ လေကြောင်းလိုင်းသည် လေယာဉ် အဆက်အသွယ် ပြတ်သွားသည်နှင့် ပျံသန်းသည့် လမ်းကြောင်း တလျှောက် လိုက်လံရှာဖွေရန် ပြင်ဆင်နေပြီ ဖြစ်သည်။

အဆိုပါ လမ်းကြောင်းမှာ ပျံသန်းချိန် (၄)နာရီ ကြာမြင့်ကြောင်းလည်း သိရသည်။ အယ်လ်ဂျီးရီးယား နိုင်ငံ သည် ယခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး လေယာဉ် မတော်တဆမှု တစ်ရပ်နှင့် ကြုံတွေ့ဖူးသည်။ ထိုစဉ်က စစ်ဘက်သုံး C-130 လေယာဉ်တစ်စီးသည် နိုင်ငံအရှေ့မြောက် ပိုင်းရှိ တောတောင်ထူထပ်ရာ ဒေသတွင် ပျက်ကျပြီး လူ(၇၀)ကျော် သေဆုံးခဲ့သည်။

 Ref: AFP
7Day News Journal

No comments:

Post a Comment

My Blog List