Friday, July 25, 2014

တအောင်း(ပလောင်)စစ်ပြေးဒုက္ခသည်များအရေးနှင့် ပတ်သက်၍ သူရဦးရွှေမန်းနှင့် ဒေသခံအမတ်များ သီးသန့်ဆွေးနွေး



တအောင်း(ပလောင်) ဒေသများတွင် ဖြစ်ပွားနေသည့် လတ်တလောတိုက်ပွဲ များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများအရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းနှင့် တအောင်း(ပလောင်) လွှတ်တော်ကိုယ်စားလှယ်များ ဇူလိုင် ၂၃ ရက်တွင် နေပြည်တော်၌ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
အဆိုပါတွေ့ဆုံပွဲတွင် အရပ်သားများ အသေအပျောက်ဖြစ်ပွားသည်အထိ ပြင်းထန်နေသော ပလောင်ဒေသအတွင်းရှိ စစ်ပွဲများအရေး၊ အရပ်ဘက် ဆိုင်ရာအဆောက်အအုံများ၊ တိုက်ပွဲများအတွင်း လူနေအိမ်များကို လက်နက်များထိမှန်ခဲ့ မှုများ၊ စစ်ပြေးဒုက္ခသည်များအရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်မုန်းက ပြောသည်။

‘‘တိုက်ပွဲဖြစ်တဲ့အခြေအနေ တွေကိုတင်ပြတယ်။ သတင်းရ တာတင် နမ့်ခမ်းဘက်မှာစစ်ဖြစ်လို့ ရွာကထွက်ပြေးရတဲ့သူက ၈၀၀ ကျော် ၉၀၀ လောက်ရှိတယ်’’ဟု ၎င်းကပြောသည်။

တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး (PSLF/TNLA) သည် အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုအပြီးမသတ်နိုင်သေးဘဲ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။

လပေါင်းများစွာ နှစ်ဖက် အကြားဖြစ်ပွားနေသည့် တိုက်ပွဲ များသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပိုမိုပြင်းထန်လာခဲ့ပြီး အရပ်သားများအပြင်းအထန် ထိခိုက်မှုများရှိခဲ့သည်အထိ ဖြစ်ခဲ့ရသည်။

‘‘ငြိမ်းချမ်းရေးဖော်ဆောင် တဲ့ကာလလည်းဖြစ်တယ်။ စစ် အရှိန်မလျှော့ ဘဲနဲ့တော့ ငြိမ်းချမ်း ရေးရဖို့က မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းလည်းပြောဖြစ် တယ်’’ ဟု ဦးအိုက်မုန်းက ပြောသည်။

နှစ်ဖက်အကြား ဖြစ်ပွား သည့်တိုက်ပွဲများကြောင့် ရှမ်း ပြည်နယ် နမ့်ခမ်းမြို့နယ် အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည်များသည် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း များလိုအပ်နေကြောင်း တအောင်း (ပလောင်)အမျိုးသား ပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူးဦးအောင်ထွဏ်းက ပြောသည်။

‘‘ပါတီဘက်ကအစီအစဉ်နဲ့ ကူညီရေးလုပ်ငန်းတွေလုပ်မယ်။ တအောင်းစာပေနဲ့ ယဉ်ကျေးမှု အသင်းရယ်အားလုံးပေါင်း စပ်ပြီး တော့ ဇူလိုင် ၂၅ ရက်မှာ သွား လှူမယ်’’ဟု ဦးအောင်ထွဏ်းက ပြောသည်။

ဇူလိုင် ၂၀ ရက်ကလည်း မိုးကုတ်မြို့နယ်အတွင်း မြန်မာ့ တပ်မတော်နှင့် (PSLF/TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက် (၈၂)နှစ်အရွယ် အဘွားအိုတစ်ဦး၊ အသက်(၅၀)ခန့်ရှိ အမျိုးသမီးကြီးတစ်ဦးနှင့် အသက် (၁၈)နှစ်အရွယ် အမျိုးသားတစ်ဦး တို့ ထိခိုက်ဒဏ်ရာများရသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List