Friday, July 25, 2014

ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့မှ အဖွဲ့ဝင်အဖြစ် ဦးအောင်လွင် နုတ်ထွက်



၂၀၁၃ ခုနှစ်အကယ်ဒမီဆုရွေးချယ်ပွဲအတွက် ဖွဲ့စည်းထားသည့် ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့တွင် အဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန်ယူထားသည့် ဦးအောင်လွင်သည် ဇူလိုင် ၁၈ ရက်က နုတ်ထွက်လိုက်သည်ဟု မဇ္ဈိမကို ပြောသည်။

“ဘကြီးအောင် ရုပ်ရှင်ဇာတ်ကားတွေကို အကဲဖြတ်ပေးခဲ့တာ ငါးကား၊ ခြောက်ကားရှိနေပြီ။ နောက်နေ့ “အမိုက်စား” ဆိုတဲ့ ဇာတ်ကားကို ကြည့်လည်းကြည့်ရော ဘကြီးအောင် ရုပ်ကြီးထွက်လာတယ်။ ဘကြီးအောင်လည်း လန့်ပြီး အပြင်ကို ထွက်ပြေးတာပေါ့”ဟု ၎င်းက ပြောသည်။
ဦးအောင်လွင်သည် ၎င်းပါဝင်သရုပ်ဆောင်ထားသည့် “အမိုက်စား” ရုပ်ရှင်ဇာတ်ကားတွင် ၎င်း၏ပုံကို တွေ့မြင်လိုက် ခြင်းကြောင့် ဇူလိုင် ၁၈ ရက်၌ပင် ၎င်း၏ စိတ်ဆန္ဒဖြင့် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် အကယ်ဒမီဆုရွေးချယ်ပွဲအတွက် ဖွဲ့စည်းထားသည့် ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့တွင် ပါဝင်သူများသည် မိမိကိုယ်တိုင်သရုပ်ဆောင်ထားသည့် ဇာတ်ကားပါရှိပါက အကဲဖြတ်အဖွဲ့တွင် ၀င်ရောက်ရွေးချယ်ခြင်း မပြုရဟူသည့် စည်းကမ်းချက်များကြောင့် ဦးအောင်လွင်သည် အကယ်ဒမီရွေးချယ်ရေးအဖွဲ့မှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

အကယ်ဒမီဦးအောင်လွင်သည် လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးသည့် “အမိုက်စား” ရုပ်ရှင်ဇာတ်ကားတွင် ခန့်စည်သူ၊ မိုးအောင်ရင်၊ သူထူးစံ၊ ကျော်ကျော်ဗို၊ မိုးမိုး၊ စိုးမြတ်သူဇာ၊ မယ်လိုဒီ၊ စိုးပြည့်သဇင်တို့နှင့် ပါဝင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ယင်းဇာတ်ကား ထုတ်လုပ်ရိုက်ကူးသူများက ဇာတ်လမ်းအကျဉ်းနှင့် ပါဝင်ရိုက်ကူးသူများ စာရင်းကို အကယ်ဒမီ အကဲဖြတ်အဖွဲ့သို့ တင်ရာတွင် ဦးအောင်လွင်၏အမည်ကို ထည့်သွင်းတင်ပြခြင်း မရှိခဲ့ခြင်းကြောင့် မသိရှိဘဲ အကယ်ဒမီရွေးချယ်ရေးအဖွဲ့တွင် ပါဝင်ဆောင်ရွက်ရန် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းရုပ်ရှင်ထူးချွန်ဆုစိစစ်အကဲဖြတ်အဖွဲ့တွင် ပူးတွဲတာဝန်အဖြစ် ဦးအောင်လွင်နှင့် ဦးကြည်စိုးထွန်းကို တာဝန်ပေး ထားခြင်းဖြစ်ရာ ယင်းတာဝန်မှ ဦးအောင်လွင်သည် နုတ်ထွက်ခဲ့ခြင်းကြောင့် ဦးကြည်စိုးထွန်းက ၎င်း၏ တာဝန်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ၂၀၁၄ ခုနှစ်မှ စတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အကယ်ဒမီဆု ရွေးချယ်နိုင်ရန် အစည်းအဝေးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးပြီး ဇွန်လ ၃ ရက်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပခဲ့ကာ ဇူလိုင် ပထမပတ်တွင် ဇာတ်ကားများ စတင်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။ ဆုရွေးချယ်ရေးကို အဆင့်နှစ်ဆင့်ခွဲကာ သတ်မှတ်မည်ဖြစ်ပြီး တစ်ဆင့်ချင်းစီ၏ မှတ်ချက်များကိုယူကာ အဆင့်နှစ်ခု၏ မှတ်ချက်များဖြင့် အကဲဖြတ်ရွေးချယ်မည်ဖြစ်သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ စတင်တာဝန်ယူလုပ်ဆောင်မည့် ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီဆုချီးမြှင့်ခြင်းကို နှစ်စဉ်ကျင်းပခဲ့သည့် ပွဲများထက် အဆင့်မနိမ့်သည့် ကြီးကျယ်ခမ်းနားသည့် အကယ်ဒမီပွဲဖြစ်အောင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက လုပ်သွားမည်ဖြစ်သည်။ ယင်းဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအပြင် ပြန်ကြားရေးဝန်ကြီး ဌာနဘက်ကလည်း ပါဝင်ကူညီပံ့ပိုးပေးမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List