Wednesday, July 23, 2014

ထိုင်းစစ်အစိုးရ၏ ယာယီအခြေခံဥပဒေသစ်ကို ထိုင်းဘုရင် ထောက်ခံချက်ပေး



ထိုင်းနိုင်ငံတွင် စစ်အစိုးရ၏ ယာယီဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်အား ထိုင်းဘုရင်က အင်္ဂါနေ့က အတည်ပြုပေးခဲ့ သည်။ ထိုယာယီအခြေခံဥပဒေထဲတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထိုင်းနိုင်ငံရေးတွင် လွှမ်းမိုးနိုင်မှုကို တိုက်ဖျက်ရန် ရည်ရွယ်ထားပုံရသည့် တစ်နှစ်ကြာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရေးလည်း ပါဝင်သည်။
ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha) အား ထိုင်းစစ်အာဏာ သိမ်းမှု နောက်ပိုင်းကာလတွင် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

“ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ ယာယီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပေးခဲ့တဲ့ ဘုရင်မင်းမြတ်နဲ့ တွေ့ဆုံခဲ့ပါတယ်” ဟု ထိုင်းစစ်တပ်မှ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဗိုလ်မှူးကြီး ဆီရီချန်နက်သောန် (Sirichan Ngathong) က ဆိုခဲ့သည်။

၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ဝန်းကျင်မတိုင်မီ ရွေးကောက်ပွဲကျင်းပရေးကို ဗိုလ်ချုပ်ကြီး ပရာယွတ်က ပယ်ချခဲ့သည်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်သွားရန် အမေရိကန် နှင့် ဥရောပ သမဂ္ဂတို့က မေတ္တာရပ်ခံနေသည့်ကြားမှ ထိုကဲ့သို့ ပယ်ချခဲ့ခြင်း ဖြစ်သည်။ စစ်တပ်အနေဖြင့် နိုင်ငံကို မည်ကဲ့သို့ စီမံခန့်ခွဲအုပ်ချုပ်ရန် စီစဉ်ထားကြောင်း နှင့် နိုင်ငံရေး စနစ်ကို မည်ကဲ့သို့ ပြုပြင်မည်ဖြစ်ကြောင်း ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေကို လူသိရှင်ကြား တရားဝင် ထုတ်ပြန်သော အခါတွင် ညွှန်ပြနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

သို့ရာတွင် အဓိက ပြုပြင်ပြောင်းလဲမှုများမှာမူ နောက်ထပ်ရေးဆွဲထုတ်ပြန်မည့် အမြဲတမ်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိလိမ့်မည်ဟု မျှော်လင့်ရသည်။

ချင်းမိုင်ရှိ အရှေ့တောင်အာရှရေးရာ လေ့လာရေး သိပ္ပံမှ သုတေသန ဒါရိုက်တာ ပေါလ်ချိမ်းဘားစ် (Paul Chambers) က “ရည်ရွယ်ချက်ကတော့ သက်ဆင်ရဲ့လွှမ်းမိုးမှုကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ဖို့ပါပဲ” ဟု ဆိုသည်။ “ဒါပေမဲ့ အဲဒီလိုဖြစ် မယ့်အစား၊ စစ်အစိုးရတစ်ရပ် နဲ့ အခြေခံဥပဒေသစ်ကြောင့် ကျေးလက်တောနယ်က သူတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ထိုင်းတွေဟာ သက်ဆင်ကို ဂရုဏာသက်ပြီး ပိုမိုထောက်ခံလာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်” ဟု သူက ပြောခဲ့သည်။

ဓာတ်ပုံ- EPA
Mizzima - News in Burmese

No comments:

Post a Comment

My Blog List