Wednesday, July 23, 2014

တရားစွဲခံထားရသည့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ (၄) ကြိမ်မြောက်ရုံးချိန်းတွင် မိသားစုနှင့် ပထမဆုံးတွေ့ခွင့်ပေး



နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် စစ်ဆေးကြားနာသည့် တရားစွဲဆိုခံထားရသော သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်၏ လေးကြိမ်မြောက်ရုံးချိန်းတွင် မိသားစုများနှင့် ပထမဆုံး တွေ့ဆုံခွင့်ပေး ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၂ ရက်က သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ လေးကြိမ်မြောက်ရုံးချိန်းကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် နံနက် ၁၀ နာရီခန့်တွင် စစ်ဆေးကြားနာမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ သာသနာရေး
ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ စစ်ဆေးကြားနာမှုကို ပြည်တွင်း၊ ပြည်ပ မီဒီယာများ တက်ရောက်သတင်း ယူခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ ၀န်ကြီးဦးဆန်းဆင့် ရုံးချိန်းကို အရင်ဒုတိယအကြိမ် ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာတွေ့ပြီး သတင်းယူခွင့် ရရှိခဲ့တယ်။ အဲ့ဒီနောက် တတိယရုံးချိန်းကို ဇူလိုင် ၁၇ ရက် ချိန်းဆိုခဲ့ပြီး ပုဗ္ဗသီရိ တရားရုံး ကနေ ဒက္ခိဏခရိုင် တရားရုံးကိုပြောင်းပြီး ကြားဖြတ် ဇူလိုင် ၈ ရက်မှာ အာဏာပိုင်တွေက သတင်းထောက်တွေ ကို ရှောင်ရှားရင်း ရုံးထုတ်ခဲ့တယ်။ အခု လေးကြိမ်မြောက်ရုံးချိန်းမှာလည်း ကျွန်တော် တို့ ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေကို သတင်းယူခွင့် မပေးခဲ့ဘူး။ တရားရုံး ဧရိယာထဲမှာတော့ လုံခြုံရေးတင်းကျပ် ချထားတယ်။ တကယ်တော့ ၀န်ကြီးဦးဆန်းဆင့်ရဲ့အမှုကို ပြည်သူလူထုကိုသိအောင် ပွင့်လင်းမြင်သာအောင် ချပြသင့်ပါတယ်” ပြည်ပသတင်းမီဒီယာ သတင်းထောက်တစ်ဦးက ပြောကြားသည်။

ဇွန် ၁၉ ရက်တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို သိန်းတစ်ရာခန့် အလွဲသုံးစားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြု အမှုဖွင့်၍ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းတွင် ပ/၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း မဲဆန္ဒနယ်မြေ (၁) မှ ဦးခင်မောင်ဝင်းက “ကိုဇာဂနာပြောသလိုပဲ မှန်ရင်တော့ ခံရမှာပဲ။ မှန်တိုင်း မကောင်းဘူး။ ဒီရုံးချိန်းမှာ သူ့မိသားစုနဲ့ တွေ့ခွင့်ပေးလို့ လာတွေ့ရတာပါ။ အခုလာတဲ့သူတွေက သူ့အမျိုးသမီး၊ သူ့သား၊ သူ့ညီမအရင်းနဲ့ တစ်ဝမ်းကွဲညီမ ပါတယ်။ သူ့ယောက်ဖပါတယ်။ ဒီအမှုမှာ ပွင့်လင်းမြင်သာမှု မရှိဘူး။ အရင်ကလည်း ကြားဖြတ်လုပ်သွားလိုက်တယ်။ အခုအကြိမ်မှာ ဒီလိုမီဒီယာတွေ ၀င်ခွင့်မပေးဘဲ တံခါးပိတ်လိုက်တာ သဘာဝမကျဘူး။ သူမှန်တာကို မတရားတော့ မဖြစ်စေချင်ဘူးပေါ့” ဟု ပြောကြားခဲ့သည်။

အလွဲသုံးစားမှုဖြင့် အမှုဖွင့် အရေးယူခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ တတိယမြောက်ရုံးချိန်းအား ဇူလိုင် ၁၇ ရက် ချိန်းဆိုထားရာ၌ ဇူလိုင် ၈ ရက်တွင် ဒက္ခိဏခရိုင် တရားရုံးတွင် လွှဲပြောင်း၍ ကြားဖြတ်ရုံးထုတ် စစ်ဆေးခဲ့ပြီး ဦးဆန်းဆင့်၏ ကိုယ်ရေးအရာရှိအား ပြန်လည်လွှတ်ပေး ခဲ့ကြောင်း သိရသည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်နှင့် အပေါင်းအပါများအား သိန်းတစ်ရာခန့် အလွဲသုံးစားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြု အမှုဖွင့်၍ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းတွင် ပ/၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ ဖြင့် အမှုဖွင့်အရေးယူခဲ့ရာ ဇူလိုင် ၈ ရက် ကြားဖြတ်ရုံးထုတ်သည့်နေ့တွင် ဦးဆန်းဆင့်၏ အပေါင်းအပါများအား ခရိုင်တရားရုံးက လွှတ်ပေးခဲ့သောကြောင့် ပုဒ်မ ၁၀၉ အား ပယ်ဖျက်ခဲ့ပြီးနောက် ၀န်ကြီးဟောင်းဦးဆန်းဆင့်အား ပြစ်မှုပုဒ်မ ၄၀၉/၁၂၄-ကဖြင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း တရားရုံးအသိုင်းအ၀ိုင်းမှ သိရသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ရုံးချိန်းသို့ ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် နိုင်ငံပိုင် မီဒီယာများ အပါအ၀င် သတင်းထောက် ၃၀ ၀န်းကျင်ခန့် တက်ရောက်သတင်းယူခဲ့သော်လည်း လုံးခြုံရေး တင်းကျပ်ထားမှုများကြောင့် သတင်းရယူသည့်အပေါ် အခက်အခဲများရှိကြောင်း သိရသည်။

ဝန်ကြီးဟောင်းဦးဆန်းဆင့်၏ ငါးကြိမ်မြောက်ရုံးချိန်းအား ဇူလိုင် ၂၉ ရက်တွင် ဒက္ခိဏခရိုင် တရားရုံးတွင် ထပ်မံရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List