Tuesday, July 22, 2014

အခြေခံအဆောက်အအုံ ပြည့်စုံပြီး နိုင်ငံတော်မှ လိုအပ်ပါက သင့်လျော်သည့် အချိန်တွင် သုတေသနသုံး နျူကလီးယားဓာတ်ပေါင်းဖို လည်ပတ်သုံးစွဲနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား


အခြေခံအဆောက်အအုံပြည့်စုံပြီး နိုင်ငံတော်မှ လိုအပ်ပါက သင့်လျော်သည့်အချိန်တွင် သုတေသနသုံး နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက် လည်ပတ်သုံးစွဲနိုင်ရန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားသည်။

ဇူလိုင် ၂၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ဒေါက်တာမြင့်ကြည် မေးမြန်းသည့် နျူကလီးယား ဓာတ်အားထုတ် (သုတေသနလုပ်ငန်းသုံး) စက်ရုံတည်ထောင်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာကိုကိုဦးက“နျူကလီးယား စွမ်းအင်အသုံးပြုခြင်းဟာ အန္တရာယ်ကြီးမားတယ်လို့ ယူဆကြသော် လည်း မှန်ကန်စွာအသုံးပြုပါက အကျိုးကျေးဇူးများရှိ ပါတယ်။ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးစတဲ့ လုပ်ငန်းနယ်ပယ်တွေ များစွာ အသုံးဝင်တဲ့အတွက် သုတေသနလုပ်ငန်းသုံး နျူကလီးယားဓာတ်ပေါင်းဖို လိုအပ်ပါတယ်။ လက်ရှိအချိန်မှာတော့ နျူကလီးယားနည်းပညာ တိုးချဲ့သုံးစွဲနိုင် ဖို့အတွက် လိုအပ်တဲ့ ဓာတ်ရောင်ခြည်ကာကွယ်ရေးနဲ့ နျူကလီးယား လက်နက် မပြန့်ပွားရေးနဲ့သက်ဆိုင်တဲ့ အခြေခံအဆောက် အအုံတွေ ဖြည့်တင်းဖို့ လိုအပ်ပါတယ်။ နျူကလီးယားနည်းပညာ အသုံးချရေးဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိပါတယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားနည်းပညာကို နယ်ပယ်အသီးသီး၌ အသုံးချနိုင်ရန်အတွက် အဏုမြူ စွမ်းအင်ဦးစီးဌာနကို ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ အဏုမြူစွမ်းအင်ဥပဒေကို ၁၉၉၈ ခုနှစ် ဇွန်လ တွင် ရေးဆွဲပြဌာန်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ စက်မှု၊ သုတေသနနှင့် ပညာရေးစသည့် နယ်ပယ်များတွင် အိုင်အေအီးအေနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆောင်ရွက် လျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် တည်ဆဲဥပဒေဖြစ်သည့် အဏုမြူစွမ်းအင်ဥပဒေတွင် Reactor နှင့်ပတ်သက်သည့် ပြဌာန်းချက်များ မပါဝင်ကြောင်း၊ ထို့အတွက် ယခု အသစ်ရေးဆွဲလျက်ရှိသည့် ဥပဒေ (မူကြမ်း) တွင် Reactor နှင့် ပတ်သက် သည့် ပြဌာန်းချက်များ၊ နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရန်၊ နျူကလီးယားလုံခြုံ ရေး၊ နျူကလီးယားလုပ် ငန်းနှင့် လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ရေးဆိုင်ရာ လိုက်နာရမည့် ပြဌာန်းချက်များကို ထည့်သွင်းရေး ဆွဲထားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ၊ သုတေသနသုံး နျူကလီးယားဓာတ်ပေါင်းဖိုများ တည်ဆောက်အသုံးပြုလျက်ရှိကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တည်ဆောက် အသုံးပြုလျက်ရှိကြောင်း၊ အိုင်အေအီးအေ၏ ၂ဝ၁၁ ခုနှစ် စာရင်းများ အရ သုတေသနလုပ်ငန်းသုံး နျူကလီးယားစက်ရုံ ၂၄၁ ရုံ ရှိကြောင်း၊ ၉၂ ရုံသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အသုံးပြုလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် နျူကလီးယားအဆောက်အအုံများမှ လျှပ်စစ် ၁၃၈၄၂ မဂ္ဂါဝပ် ထုတ်ယူလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံသည်လည်း ၄၃၈၅ မဂ္ဂါဝပ် ထုတ်လုပ်လျက်ရှိကြောင်း၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံ များတွင်လည်း နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း ဒေါက်တာကိုကိုဦးက ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List