Wednesday, July 23, 2014

ဖြစ်ဖူးခဲ့သမျှ ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုများ




ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်က ပစ်ချခံခဲ့ရသည်။ 

ယင်းလေယာဉ်ကို ရုရှားလိုလားသူ ယူကရိန်း ခွဲထွက်ရေး သူပုန်များက ပစ်ချလိုက်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ပြီး သူပုန်များကို ကျောထောက်နောက်ခံ ပြုထားသည့် ရုရှား အစိုးရမှာလည်း နိုင်ငံတကာ၏ ပြစ်တင်မှုများကို ခံနေရသည်။ 

လေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သည့် ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၉၈ဦးစလုံး သေဆုံးခဲ့ ရသည့် အဆိုပါ ခရီးသည်တင် လေယာဉ် ပစ်ချခံရမှုကြီး နောက်ပိုင်းတွင် အကြမ်းဖက် သမားများ အနေဖြင့် ခရီးသည်တင် လေယာဉ် များကို ပစ်မှတ်ထား တိုက်ခိုက်နေပြီလားဟု သံသယပွားလာခဲ့ကြသည်။ 

ယင်းဖြစ်ရပ် ဖြစ်ပွားပြီးနောက်တွင် ဘီဘီစီသတင်းဌာနက ယခင်ဖြစ်ပွားခဲ့ဖူးသည့် ခရီးသည်တင် လေယာဉ် ပစ်ချခံရမှုများ အကြောင်းကို ဖော်ပြခဲ့ရာ ပြန်လည် တင်ဆက်လိုက်ပါသည်။ 

ဆားဘီးယား လေကြောင်းလိုင်း လေယာဉ် အမှတ် ၁၈၁၂ (အောက်တိုဘာ ၂၀၀၁)

အစ္စရေး နိုင်ငံ တဲလ်အဗစ် မှ ရုရှားနိုင်ငံ နိုဗိုဆီဘစ်စ် သို့ ဦးတည် သွားသော ဆားဘီးယား လေကြောင်း လိုင်းပိုင် လေယာဉ် တစ်စီးသည် ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၄ ရက် နေ့တွင် ပစ်ချ ခံခဲ့ရပြီး ပင်လယ်နက် ထဲသို့ ထိုးကျ သွားခဲ့သည်။ လေယာဉ်ပေါ်တွင် လိုက်ပါ သွားခဲ့သော ခရီးသည် ၇၈ ဦးလုံးသေဆုံး သွားခဲ့သည်။ အစပိုင်းတွင် ယူကရိန်း စစ်ဘက်က ၄င်းတို့ မပါဝင် မပတ်သတ်ကြောင်း ငြင်းခဲ့သေးသည်။

သို့ရာတွင် ယူကရိန်းစစ်ဘက် အနေဖြင့် စစ်ရေး လေ့ကျင့်မှု တစ်ခု ပြုလုပ် နေစဉ်အတွင်း ထိုလေယာဉ်ကို မှားယွင်း ပစ်ချနိုင်ခဲ့ကြောင်း နောက်ပိုင်း၌ ယူကရိန်း အရာရှိများက ဝန်ခံခဲ့ ကြသည်။ လေယာဉ်ပေါ်တွင် လိုက်ပါ သွားခဲ့သူများ၏ ဆွေမျိုး သားချင်းများအား လျော်ကြေး အချို့ ပေးအပ်ခဲ့သည်။

ထရန်စ်အဲ ဂျော်ဂျီယာ လေယာဉ် သုံးစင်း (စက်တင်ဘာ ၁၉၉၃)

ထရန်စ်အဲ ဂျော်ဂျီယာ လေကြောင်းလိုင်းပိုင် တူပိုလက်ဗ် (Tupolev) အရပ်ဘက် လေယာဉ်သုံးစီး သီးခြားစီ ပစ်ချ ခံခဲ့ရမှုတွင် စုစုပေါင်း ၁၃၆ ဦး သေဆုံး သွားခဲ့သည်။ ဂျော်ဂျီယာမှ ခွဲထွက်ပြီး လွတ်လပ်ရေး ယူရန် ကြိုးပမ်းခဲ့ ကြသော အက်ဘ်ခေးဇီးယား (Abkhazia) ဒေသတွင် သူပုန်များ ပစ်ခတ်သော ဒုံးကျည်များနှင့် လက်နက်များ ထိမှန်ခဲ့ ကြခြင်း ဖြစ်သည်။

ပထမ အစီးဖြစ်သည့် ရုရှားမှ လာသော T-134 လေယာဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အက်ဘ်ခေးဇီးယား ဒေသရှိ ဆူခူမီ (Sukhumi) လေဆိပ်သို့ ချဉ်းကပ် ခဲ့စဉ်တွင် လက်နက် ထိမှန်ခဲ့ခြင်း ဖြစ်သည်။ ထိုဂျက်လေယာဉ်မှာ ပင်လယ်နက် ထဲသို့ ပျက်ကျ သွားခဲ့ပြီး လေယာဉ် အမှုထမ်း ငါးဦးလုံးနှင့် ခရီးသည် ၂၂ ဦး သေဆုံးခဲ့ ရသည်။

နောက်တစ်ရက်တွင် T-154 လေယာဉ်တစ်စီးမှာ ဆူခူမီ လေဆိပ်သို့ ဆင်းသက်ရန် ကြိုးစားခဲ့စဉ်တွင် ထပ်မံ ပစ်ချခြင်း ခံခဲ့ရသည်။ လေယာဉ် ပေါ်တွင်လိုက်ပါ သွားခဲ့သူ ၁၃၂ ဦးအနက် ၁၀၈ ဦး သေဆုံး သွားခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၂၃ ရက်နေ့ တွင်လည်း ဆူခူမီ လေဆိပ်၌ လေယာဉ် တစ်စီးပေါ်သို့ ခရီးသည်များ တက်နေစဉ်တွင် ထိုလေယာဉ်ကို လက်နက် ထိမှန်ခဲ့ပြီး လေယာဉ် မီးလောင်ခဲ့ကာ လေယာဉ် အမှုထမ်း တစ်ဦး သေဆုံး သွားခဲ့သည်။

အီရန် လေကြောင်းလိုင်း လေယာဉ်အမှတ် ၆၅၅ (ဇူလိုင် ၁၉၈၈)

Iran

၁၉၈၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ဒူဘိုင်းသို့ သွားသော အီရန် အဲဘတ်စ် A 300 လေယာဉ် တစ်စီးသည် ပါရှန် ပင်လယ်ကွေ့ အထက် ဝေဟင်တွင် ပစ်ချခံခဲ့ရသည်။ ၁၉၇၉ ခုနှစ် တော်လှန်ရေး မတိုင်မီကာလက အီရန် နိုင်ငံအား ရောင်းချခဲ့ဖူးသော F-14 တိုက်လေယာဉ် တစ်စီးနှင့် မှားယွင်း၍ အမေရိကန် ခရူဇာ သင်္ဘော တစ်စီးဖြစ်သည့် USS Vincennes က ဒုံးကျည် နှစ်စင်းဖြင့် အီရန် လေယာဉ်အား ပစ်ချ လိုက်ခြင်းဖြစ်သည်။ လေယာဉ် ပေါ်တွင် လိုက်ပါ သွားခဲ့ကြသည့် ခရီးသည် နှင့် လေယာဉ် အမှုထမ်း စုစုပေါင်း ၂၉၀ ဦးလုံး သေဆုံး သွားခဲ့သည်။

ထိုဖြစ်ရပ်နှင့် ပတ်သတ်၍ “ရာဇဝတ်မှု လုပ်ရပ် တစ်ခု” ၊ “ရက်စက် ယုတ်မာမှု တစ်ရပ်” နှင့် “အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ရပ်” ဟု အီရန်ကဝေဖန် ရှုတ်ချ ခဲ့သော်လည်း၊ အမေရိကန်ကမူ နားလည်မှု လွဲမှားသွား ခဲ့ခြင်းသာ ဖြစ်ကြောင်း ဆိုခဲ့သည်။ ထိုဖြစ်ရပ်နှင့် ပတ်သတ်၍ ၁၉၉၆ ခုနှစ်တွင် အီရန်နိုင်ငံက အမေရိကန်အား အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် စတင် တရားစွဲဆို ခဲ့သည်။ လေယာဉ်ပစ်ချ ခံရမှုကြောင့် သေဆုံးသွားခဲ့ သူများ၏ မိသားစု များအား အမေရိကန် အစိုးရက နောက်ပိုင်းတွင် လျော်ကြေး ပေးခဲ့သည်။

ကိုရီးယား လေကြောင်းလိုင်း လေယာဉ်အမှတ် ၀၀၇ (စက်တင်ဘာ၊ ၁၉၈၃)

နယူးယော့ခ်မြို့မှ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ဦးတည် ထွက်ခွာ သွားခဲ့သော ကိုရီးယား လေကြောင်းလိုင်းပိုင်  ခရီးသည်တင် လေယာဉ်တစ်စီးမှာ ၁၉၈၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဆိုဗီယက် တိုက်လေယာဉ် တစ်စီး၏ ပစ်ချခြင်းကို ခံခဲ့ရရာ လေယာဉ်ပေါ်တွင် လိုက်ပါ သွားခဲ့သူ ခရီးသည် နှင့် လေယာဉ် အမှုထမ်း စုစုပေါင်း ၂၆၉ ဦးလုံး သေဆုံး သွားခဲ့သည်။ ထိုလေယာဉ်မှာ လမ်းကြောင်းမှား သွားပြီး ဆိုဗီယက် ပိုင်နက်ထဲသို့ ရောက်ရှိ သွားချိန်တွင် ပစ်ချ ခံခဲ့ရခြင်း ဖြစ်သည်။

ထိုဖြစ်ရပ် ဖြစ်ပွါးကြောင်း မသိရှိခဲ့ဟု ကနဦးတွင် ဆိုဗီယက် ခေါင်းဆောင်များက ငြင်းဆန်ခဲ့ ကြသော်လည်း နောက်ပိုင်းတွင် ဆိုဗီယက်၏ အခန်းကဏ္ဍကို ဝန်ခံခဲ့ကြကာ ထိုကိုရီးယား လေယာဉ်မှာ ထောက်လှမ်းရေး ရည်ရွယ်ချက် တစ်ခုဖြင့် ဆိုဗီယက် ပိုင်နက်ထဲသို့ ဝင်လာခဲ့ခြင်း ဖြစ်ကြောင်း အကြောင်းပြ ခဲ့ကြသည်။

Korea Airline Flight 007

ပစ်ချခံခဲ့ရသည့် ကိုရီးယား လေကြောင်းလိုင်း လေယာဉ်အမှတ် ၀၀၇။

အဲရိုဒီရှာ လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် ၈၂၅ နှင့် ၈၂၇ (စက်တင်ဘာ ၁၉၇၈ နှင့် ဖေဖော်ဝါရီ ၁၉၇၉)  

ထိုလေယာဉ် နှစ်စီးလုံးမှာ ရိုဒီရှာ (ယခုအခါ ဇင်ဘာဘွေ) တွင် ဇင်ဘာဘွေ ပြည်သူ့ တော်လှန်ရေး တပ်မတော် (Zipra) မှ ပြောက်ကျားများ၏ ပစ်ချခြင်းကို ခံခဲ့ရသည်။ ထိုပစ်ချမှုများမှာ ၁၉၇၀ ပြည့်လွန် နှစ်များက ပြည်တွင်းစစ် အတွင်းတွင် ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။

လူ ၅၆ ဦး လိုက်ပါသွားခဲ့သော အဲ ရိုဒီရှာ လေယာဉ်အမှတ် ၈၂၅ မှာ ၁၉၇၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ဒုံးကျည် ထိမှန်ခဲ့ခြင်း ဖြစ်သည်။ လေယာဉ် ပျက်ကျပြီး နောက်ပိုင်းတွင် လူ ၁၈ ဦး အသက်ရှင် ခဲ့သော်လည်း နောက်ပိုင်းတွင် သူပုန်များက ထို ၁၈ ဦးထဲမှ ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်။ လေယာဉ်အမှတ် ၈၂၇ မှာ ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဒုံးကျည်တစ်စင်း ထိမှန်ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သူ ၅၉ ဦးလုံး သေဆုံးသွားခဲ့သည်။

လစ်ဗျားအာရပ်လေကြောင်းလိုင်း လေယာဉ်အမှတ် ၁၁၄ (ဖေဖော်ဝါရီ ၁၉၇၃)

၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် လစ်ဗျားလေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၂၇-၂၀၀ လေယာဉ်တစ်စီးမှာ အီဂျစ်ပြည်၏ ဆီနိုင်း သဲကန္တာရထဲတွင် အစ္စရေး တိုက်လေယာဉ်များ၏ ပစ်ချခြင်းကို ခံခဲ့ရသည်။ အီဂျစ် မြောက်ပိုင်းတွင် ဆိုးဝါးလှသော ရာသီဥတု နှင့် စက်ချို့ယွင်းမှုတို့ကြောင့် လေယာဉ်မှူးများ လမ်းပျောက် သွားခဲ့ကြ သည်ဟု ယုံကြည် ယူဆရပြီး ထိုလေယာဉ်မှာ ဆီနိုင်း သဲကန္တာရဒေသရှိ အစ္စရေး ထိန်းချုပ်ထားသော ဝေဟင်ပိုင်နက် ထဲသို့  ရောက်သွား ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သတိပေး ပစ်ခတ်မှုများနှင့် ဆင်းသက်ရန် အချက်ပေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် အစ္စရေး ဂျက် တိုက်လေယာဉ် နှစ်စီးက ထိုလေယာဉ်ကို ပစ်ချခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သူ ၁၁၃ ဦးအနက် တွဲဘက်လေယာဉ်မှူး အပါအဝင် လူငါးဦးသာ အသက်ရှင်ခဲ့သည်။

ကက်သေး ပစိဖိတ် လေကြောင်းလိုင်းပိုင် လေယာဉ် C-54  (ဇူလိုင် ၁၉၅၄)

၁၉၅၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ခရီးသည် နှင့် လေယာဉ်အမှုထမ်း ၁၉ ဦး လိုက်ပါလာခဲ့ကာ ဘန်ကောက်မှ ဟောင်ကောင်သို့ ဦးတည်ပျံသန်းခဲ့သော ကက်သေးပစိဖိတ်လေကြောင်းလိုင်းပိုင် C-54 စကိုင်းမာစတာ လေယာဉ်အား ဟိုင်နန်ကျွန်း၏ ကမ်းလွန်ဒေသတွင် တရုတ်ပြည်မကြီး၏ စစ်တပ်မှ တိုက်လေယာဉ် တစ်စီးက ပစ်ချခဲ့ရာ လူဆယ်ဦး သေဆုံးသွားခဲ့သည်။ တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် လာသည့် စစ်လေယာဉ်တစ်စီးအဖြစ် အထင်မှားကာ ပစ်ချခဲ့မိခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက ဆိုခဲ့သည်။

Ref: BBC
Mizzima - News in Burmese 

No comments:

Post a Comment

My Blog List