Tuesday, July 22, 2014

ကော့မှူးမဲဆန္ဒနယ်မှ လယ်သိမ်းခံ တောင်သူများအတွက် ဦးအောင်သိန်းလင်း လွှတ်တော်သို့ မေးခွန်းတင်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေ ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မဲဆန္ဒနယ်မှ လယ်သိမ်းခံ တောင်သူများ၏ လယ်မြေကို ပြန်လည် လွှဲပြောင်းပေးရန် အစီအစဉ် ရှိမရှိ မေးခွန်းကို ကြံ့ခိုင်ရေးပါတီ (တောင်ဥက္ကလာပ မဲဆန္ဒနယ်) မှ ဦးအောင်သိန်းလင်းက မေးမြန်းခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောကြားသည်။
ဇူလိုင်လ ၂၁ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကော့မှူးမြို့နယ် သခွတ်ပင်ကျေးရွာရှိ တန် ၁၀၀ ဆန်စက်ရုံ မြေအတွက် သိမ်းယူခဲ့သော လယ်မြေကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က ရောင်းချခဲ့ခြင်းကြောင့် ဥပဒေနှင့်အညီ ပြန်လည် ပေးအပ်နိုင်ခြင်း ရှိမရှိကို မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်သိန်းလင်းက ပြောကြားသည်။
“သူ့နယ်မြေရယ် ကိုယ့်နယ်မြေရယ် မရွေးပါဘူး၊ ဖြစ်လာတဲ့ ကိစ္စတွေကို ပြည်သူအတွက် ရှင်းပေးတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆန်စက်မြေ ၁၇ ဒသမ ၈၄ ဧကကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ ကျပ် (၂၃၀ ဒသမ ၀၄) သန်းဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင် ဦးဇော်ဇော်တို့ထံ ရောင်းချရန် လျာထားခဲ့ပြီး နာဂစ်မုန်တိုင်း၏ ပျက်စီးမှုကြောင့် ၈၃ သန်းကျော် လျှော့ပေါ့ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်က ပြောကြားသည်။

လက်ရှိတွင် ဥပဒေအရ လုပ်ငန်းဆောင်ရွက်ခြင်း မရှိသည့် လယ်မြေများကို မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်ရမည် ဖြစ်သောကြောင့် မည်သည့် အခြေအနေတွင် ပြန်လည် ပေးအပ်နိုင်မည်ကို ဦးအောင်သိန်းလင်းက ထပ်ဆင့်မေးမြန်းခဲ့ရာ ယင်းကိစ္စကို မိမိတစ်ဦးတည်း အနေနှင့် လွှတ်တော်တွင် ရှင်းလင်းပေးရန် မဖြစ်နိုင်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်က ပြောသည်။

“ဦးဇော်ဇော်ဆိုတာ ဘယ်သူလဲတော့ မသိဘူးဗျ၊ တင်ပြလာတဲ့အတိုင်း ဖြေတာ” ဟု ဒုတိယဝန်ကြီးက The Voice သို့ ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List