Friday, July 25, 2014

လစာနှင့် နစ်နာကြေးမပေးဘဲ ပိတ်သိမ်းသွားသည့် ကိုရီးယားနိုင်ငံသားပိုင် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမား ၆၀၀ ကျော် အလုပ်ပြန်ရနေဟု အလုပ်သမားဒုဝန်ကြီး၏ ပြောစကား မမှန်ကန်ကြောင်း အလုပ်သမားများ ရှင်းလင်း




လစာနှင့် နစ်နာကြေးမပေးဘဲ ပိတ်သိမ်းသွားသည့် ကိုရီးယားနိုင်ငံသားပိုင် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမား ၆ဝဝကျော် အလုပ်ပြန်ရပြီဟု အလုပ်သမားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၏ ပြောစကားဖြင့် သတင်းစာ တချို့တွင် ဖော်ပြခဲ့မှုမှာ မဟုတ်မှန်ကြောင်း အလုပ်သမားများက ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် Master Sport ဖိနပ်စက်ရုံရှေ့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

“အလုပ်သမား ၆ဝဝ ကျော်စလုံးကို တခြားဖိနပ်စက်ရုံတွေမှာ အလုပ်ပြန်လည်လုပ်နေပြီဆိုပြီး အလုပ်သမားဝန်ကြီး ဌာနက ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၏ ပြောစကားနဲ့ သိရတယ်ဆိုပြီး တချို့သတင်းစာတွေမှာ ပါလာတယ်။ ဒါက တကယ်တော့ မဟုတ်ပါဘူး။ လက်ရှိနဲ့ တခြားစီဖြစ်နေတယ်။ စက်ရုံက အလုပ်သမားကိုယ်စားလှယ်တွေနဲ့ လာရောက်ညိနှိုင်းတယ်ဆိုတာလည်း မဟုတ်ဘူး။ အလုပ်သမားတွေအနေနဲ့ ဇွန်လ လစာနဲ့ စက်ရုံပိတ် နစ်နာကြေးငွေ အဓိကလိုချင်တာပါ။စက်ရုံပိုင်ရှင်ဘက်က လစာနဲ့နစ်နာကြေးငွေ တစ်ပေါင်းတည်းပေးမယ်ဆိုရင်တော့ လက်မခံနိုင် ဘူး”ဟု အလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးဌေးက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စက်ရုံအလုပ်သမား ၆ဝဝ ကျော်က ဇူလိုင် ၁၇ ရက် နံနက် ၈နာရီတွင် အလုပ်ရှင်ထံက လစာငွေရရှိရေး နှင့် စက်ရုံပိတ်သိမ်းကြေး နစ်နာငွေရရှိရေးအတွက် လှိုင်သာယာမြို့နယ်မှ ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းရှိ ကိုရီးယားသံရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့သည်။

“သံရုံးရှေ့ထိသွားဆန္ဒပြတောင်းဆိုခဲ့ပေမယ့် ဘာမှထူးမလာဘူး။ တစ်စုံတစ်ရာဖြေရှင်းပေးမယ်ဆိုပြီးတောင် ထွက်မတွေ့ ဘူး။ကျွန်မတို့အနေနဲ့ကတော့ လစာငွေနဲ့ စက်ရုံပိတ် နစ်နာကြေးငွေကို လိုချင်တယ်။ ဌာနဆိုင်ရာတွေကတော့ အလုပ်ရှင် ကို တရားစွဲထားတယ်လို့ ကြားတယ်”ဟု စက်ရုံအလုပ်သမားတစ်ဦးက ဆိုသည်။

ယင်းအပြင် စက်ရုံပိုင်ရှင် ကိုရီးယားလူမျိုးအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်ခြင်း၊ အလုပ်သမားများအား လစာငွေနှင့် နစ်နာကြေးငွေပေးဆောင်ခြင်းမရှိဘဲ တိမ်းရှောင်ခဲ့မှုတို့ကြောင့် အလုပ်သမားဝန်ကြီးဌာနမှ ပုဒ်မ လေးခုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ထို့အတူ အလုပ်ရှင်ဘက်မှ အလုပ်သမားများ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်၌ စက်ရုံဘက်မှ လျော်ကြေးနှင့် ၂ဝ၁၄ ခုနှစ် ဇွန်လပိုင်းစာပေါင်းပြီး လစာ တစ်လစာသာ ပေးနိုင်မည်ဖြစ်ကြောင်း လက်ခံ သူများအနေဖြင့် လစာငွေကို ၂ဝ၁၄ ခုနှစ် ဇူလိုင်လပိုင်းမှ စတင်၍ ထုတ်ယူနိုင်ကာ နောင်တွင် စက်ရုံဘက်သို့ ထပ်မံမတောင်းဆိုကြောင်း လက်မှတ်ရေးထိုးရမည်ဟု ပါရှိခဲ့သည်။

ထို့ပြင် စက်ရုံပိတ်သိမ်းရသည့်အကြောင်းမှာ ထုတ်ကုန်အရည်အသွေးစံချိန်မမီ၍ export မပြုလုပ်နိုင်သောကြောင့် ကုန်ထုတ်လုပ်မှုကို ရပ်ဆိုင်းရခြင်းဖြစ်သည်ဟုလည်း ပါရှိခဲ့သည်။

7Day Daily

No comments:

Post a Comment

My Blog List