Wednesday, July 23, 2014

Bi မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာသုံးဦးအား ရုံးထုတ်သည့်နေ့တွင် ရဲသတင်းတပ်ဖွဲ့က စစ်ဆေးရန်ရှိသည်ဟုဆိုကာ ချုပ်ရက်ရမန် နောက်တစ်ကြိမ်ထပ်ယူပြီး သြဂုတ် ၄ ရက်မှသာ စစ်ဆေးမည်


Bi မွန်းတည့်နေဂျာနယ်မှ တာဝန်ခံအယ်ဒီတာ အပါအ၀င် အယ်ဒီတာသုံးဦးအား ဇူလိုင် ၂၂ ရက် နံနက် ပိုင်းက ပန်းဘဲတန်းတရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ရဲသတင်းတပ်ဖွဲ့မှ ထပ်မံစစ်ဆေးရန် ရှိသည်ဟုဆိုကာ ချုပ်ရက်ရမန် နောက်တစ်ကြိမ်ထပ်ယူခဲ့သည်ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်ဆန်းအောင်ထံမှ သိရသည်။

စတင်ဖမ်းဆီးစဉ် ဇူလိုင် ၈ ရက်ကလည်း ချုပ်ရက်ရမန် နှစ်ပတ်ယူထားပြီး ယခုနောက်တစ်ကြိမ် ချုပ်ရက် ရမန်နှစ်ပတ် ထပ်ယူသောကြောင့် သြဂုတ် ၄ ရက်မှသာ ဖမ်းဆီးခံရသော အယ်ဒီတာသုံးဦးကို ရုံးထုတ်စစ်ဆေးနိုင် မည်ဖြစ်ကြောင်း ဦးရောဘတ်ဆန်းအောင်က ပြောကြားသည်။

ရဲသတင်းတပ်ဖွဲ့၏ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ဃ)/(ည)ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးခြင်းခံရသော Bi မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာသုံးဦးဖြစ်သည့် တာဝန်ခံအယ်ဒီတာ ကိုနိုင်စိုင်းအောင် (ခ) ကိုအောင်သန့်၊ အယ်ဒီတာကိုဝင်းတင်နှင့် အယ်ဒီတာကိုရဲမင်းအောင်တို့ကို ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီဝန်းကျင်က အချုပ်ကားမဟုတ်ဘဲ ဟွန်ဒိုင်းအမျိုးအစား Street GRX ကားနံပါတ် ၇ (ခ) ၈၅၄၅ ဖြင့် သယ်ဆောင်လာခဲ့သည်။ ရမန်ယူ ရုံးထုတ်ချိန်မှာလည်း မိနစ် ၂၀ ခန့်သာ ကြာမြင့်ခဲ့ပြီး ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးခံရသော အယ်ဒီတာများကို ရမန်ယူပြီးပြီးချင်း ပြန်လည်ခေါ်ဆောင် သွားသောကြောင့် တွေ့ဆုံမေးမြန်းခွင့်လည်း မရရှိခဲ့ပေ။

ယခုရုံးချိန်းတွင် တရားစွဲ အမှုဖွင့်ခံရသော မွန်းတည့်နေဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုနိုင်စိုင်းအောင် ၏ဖခင် ဦးထင်ကျော် တစ်ဦးတည်းသာ လာရောက်ခဲ့ပြီး ကျန်မိသားစုဝင်များနှင့် မွန်းတည့်နေဂျာနယ်မှ တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ လာရောက်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

ဒီနေ့ရုံးချိန်းမှာလည်း အချုပ်ကားနဲ့ ရုံးမထုတ်ဘူး။ တခြားကားနဲ့ ထုတ်တယ်။ နောက်ပြီး တရားခံတွေကို ပြုမူသလို သတင်းသမားတွေကို ပြုမူတာ တွေ့ရတယ်။ ချက်ချင်းရမန်ယူပြီး ချက်ချင်းထွက်သွားတယ်။ သတင်းမီဒီယာအချင်းချင်း အားပေးခွင့်၊ မေးမြန်းခွင့် ဘာမှမရလိုက်ဘူး . . . . . ဇူလိုင် ၇ ရက်က ဖြန့်ချိခဲ့သော Bi မွန်းတည့်နေဂျာနယ် မျက်နှာဖုံးတွင် ဖော်ပြခဲ့သည့် “ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF က ထုတ်ပြန်” သတင်းတစ်ပုဒ် ပါလာခဲ့သည်။

ယင်းသတင်းမှာ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု MDCF မှ ဖြန့်ဝေသော လက်ကမ်းစာစောင် ထုတ်ပြန်ချက်ကို ရေးသားခြင်းသာဖြစ်ပြီး ယင်းလက်ကမ်းစာစောင်ဖြန့်ဝေသူ ကိုနောင်နောင်ကိုလည်း အယ်ဒီတာသုံးဦးနှင့်အတူ အရေးယူထားသည်။

“ကျွန်တော့်သားက ထုတ်ပြန်ချက်ကိုပဲ ရေးလိုက်တာပါ။ သတင်းသမားရဲ့အသက်ဟာ သတင်းပါပဲ။ အခုရေးတာလည်း တိုင်းပြည်ပုန်ကန်တာ မဟုတ်ပါဘူး။ အဲဒါ သူ့အမှားလား။ လွတ်လပ်ခွင့်ရှိလာပြီဆိုလို့ ရေးကြတာပါ။ တကယ်တော့ လွတ်လပ်ခွင့် မရှိသေးဘူးလို့ ထင်ပါတယ်” ဟု ယင်းသတင်းကိုရေးသားသူ ကိုမင်းဝဿန်၏ဖခင် ဦးခင်အောင်က ဆိုသည်။

ဖမ်းဆီးခံရသည့်အထဲတွင် ပါဝင်သည့် သတင်းထောက် ကိုမင်းဝဿန်ကိုမူ ဇူလိုင် ၂၃ ရက် (ယနေ့) မှသာ ရမန်ပြည့်မည်ဖြစ်သောကြောင့် ရုံးထုတ်မည်ဖြစ်ပြီး ၎င်း၏ဖခင်မှာ ကိုမင်းဝဿန်ပါလာမည်အထင်နှင့် ဇူလိုင် ၂၂ ရက်က ရုံးချိန်းတွင် လာရောက်စောင့်ဆိုင်းနေခြင်းဖြစ်သည်။

“ကျွန်တော့်သားကိုတော့ အခုစမ်းချောင်းရဲစခန်းမှာ ချုပ်ထားတယ်။ စအဖမ်းခံရခြင်း သုံးလေးရက်က ကျိုက်ဝိုင်းက စစ်ကြောရေးစခန်းမှာ အစစ်ခံရတယ်လို့ သိရတယ်။ အမှုနဲ့ပတ်သက်တာကတော့ ဘာမှမသိရသေးဘူး” ဟု ၎င်းကပြောကြားသည်။

ယင်းသတင်းကြောင့် Bi မွန်းတည့်နေဂျာနယ်မှ ဖမ်းဆီးခံရသူ ခုနစ်ဦးအထိရှိနေပြီး ဂျာနယ်ထုတ်ဝေသူ လင်မယား ဦးကျော်မင်းခိုင်နှင့် ဒေါက်တာအိအိစံ၊ ၎င်းတို့၏မိတ်ဆွေ ဦးယဉ်မင်းထွန်း၊ ယနေ့ရုံးထုတ်သော အယ်ဒီတာသုံးဦးနှင့် သတင်းထောက်ကိုမင်းဝဿန် တို့ဖြစ်ပြီး ယင်းတို့ထဲမှ ဂျာနယ်ထုတ်ဝေသူ ဒေါက်တာ အိအိစံ ကိုမူ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၉ အရ ရဲသတင်းတပ်ဖွဲ့မှ လွှတ်ပေးခဲ့ကြောင်း တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောကြားသည်။

မွန်းတည့်နေဂျာနယ်မှ လူခြောက်ဦး သတင်းတစ်ပုဒ် ရေးသားမှုကြောင့် ဖမ်းဆီးခံရမှုတွင် ရဲသတင်းတပ်ဖွဲ့ မှာ သတင်းမထုတ်ပြန်ခြင်း၊ စာနယ်ဇင်းကောင်စီ (ယာယီ) ကို အသိမပေးခြင်း၊ သတင်းမီဒီယာဥပဒေကို လေးစားလိုက်နာမှု မရှိခြင်းတို့မှာ နဂိုစစ်အစိုးရ လက်ထက်ကကဲ့သို့ ဖြစ်နေကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်မှ အတွင်းရေးမှူး ဦးသန်းဌေးက ပြောကြားသည်။

“ဒီနေ့ရုံးချိန်းမှာလည်း အချုပ်ကားနဲ့ ရုံးမထုတ်ဘူး။ တခြားကားနဲ့ ထုတ်တယ်။ နောက်ပြီး တရားခံတွေကို ပြုမူသလို သတင်းသမားတွေကို ပြုမူတာ တွေ့ရတယ်။ ချက်ချင်းရမန်ယူပြီး ချက်ချင်းထွက်သွားတယ်။ သတင်းမီဒီယာအချင်းချင်း အားပေးခွင့်၊ မေးမြန်းခွင့် ဘာမှမရလိုက်ဘူး။ သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ပြီး သတင်းမီဒီယာတွေကို ဆက်တိုက်ဖိနှိပ်လာတာကို တွေ့ရတယ်။ အမှန်ဆို သူတို့ (မွန်းတည့်နေ အယ်ဒီတာ) တွေအနေနဲ့ တရားဝင်မီဒီယာတွေကို ပြောကြားခွင့် အခွင့်အရေးတွေ ပေးကိုပေးရပါမယ်” ဟု သတင်းလာရောက်ရယူသည့် သမဂ္ဂဂျာနယ်မှ ဒေါ်ရွှေမှုန်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List