Tuesday, July 22, 2014

MH-17 လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးရေး ပူးပေါင်း ဆောင်ရွက်မည်ဟု ရုရှားသမ္မတ ပူတင် ကတိပေး


မလေးရှား လေကြောင်းလိုင်းပိုင် MH-17 လေယာဉ် ပျက်ကျမှုအတွက် ရုရှားနိုင်ငံကို အမေရိကန်နှင့် အခြား အနောက်နိုင်ငံများက ဝိုင်းဝန်း ဖိအားပေးခဲ့ပြီး နောက်တွင် MH-17 လေယာဉ် ပျက်ကျမှု စုံစမ်း စစ်ဆေးရေး တွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ကတိပေးလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

မလေးရှား လေယာဉ်ကို ပစ်ချခဲ့သည်ဟု ယူဆရသော ဒုံးကျည်စနစ်မှာ ရုရှားက ယူကရိန်း ခွဲထွက်ရေး သူပုန်များကို လွှဲပြောင်းပေးထားသော ဒုံးကျည်စနစ် ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်ပြီး နောက်တွင် နိုင်ငံတကာက ရုရှားနိုင်ငံအပေါ် အမျက်ဒေါသ ထွက်နေမှုကို လျှော့ချနိုင်ရန် သမ္မတပူတင်က ယခုကဲ့သို့ ကတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

သက်သေ အထောက်အထားများ၊ လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့ရသူများ၏ ခန္ဓာကိုယ် အစိတ်အပိုင်း များနှင့် Black Box တို့ ပျောက်ဆုံးကုန်မည်ကို စိုးရိမ်မှုများ မြင့်တက်လာပြီးနောက် တနင်္လာနေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယူကရိန်း ခွဲထွက်ရေးသူပုန်များ အနေနှင့် ၎င်းတို့ ထိန်းချုပ်ထားသည့် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ လေယာဉ် ပျက်ကျခဲ့သည့် နေရာကို အတားအဆီးမရှိ ဝင်ရောက်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။

သီးခြားစီ ခေါ်ဆိုခဲ့သော ဖုန်းခေါ်ဆိုမှုများထဲတွင် ရုရှားသမ္မတ ပူတင်က နယ်သာလန် ဝန်ကြီးချုပ် မက်ခ် ရတ်တီနှင့် သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့တို့ကို လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့ရသူများ၏ ခန္ဓာကိုယ်များနှင့် Black Box တို့ကို ပြန်လည်ရရှိရေး ဆောင်ရွက်ရာ၌ အပြည့်အဝ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ကတိပေးခဲ့သည်။

ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော မလေးရှားလေကြောင်းလိုင်းပိုင် MH-17 လေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်ပေါ် လိုက်ပါသွားသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့ပြီး သေဆုံးသွားသူများ အနက်အများစုမှာ ဒတ်ခ်ျ လူမျိုးများ ဖြစ်ကြသည်။

MH-17 လေယာဉ်သည် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဟု ယူဆရသော လက်နက်ဖြင့် ပစ်ချခံခဲ့ရသဖြင့် ပျက်ကျခဲ့ခြင်း ဖြစ်ပြီး ထိုကဲ့သို့ လေယာဉ် ပစ်ချခံရမှုနှင့် ပတ်သက်၍ ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေး သူပုန်များသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စွပ်စွဲလျက်ရှိသည်။

MH-17 လေယာဉ်၏ Black Box များကို နိုင်ငံတကာ စောင့်ကြည့်ရေး သမားများ မမြင်အောင် ဝှက်ထားရန် ခွဲထွက်ရေးသူပုန်များ အချင်းချင်း ဆွေးနွေးနေသည်ကို ဖမ်းယူထားသည့် အသံဖိုင်ကို ယူကရိန်း အာဏာပိုင် များက ထုတ်ပြန်ခဲ့သည်။

ထို့အတူ အမေရိကန်သံရုံးကလည်း ယူကရိန်းအစိုးရ ထုတ်ပြန်ခဲ့သော အသံဖိုင်များမှာ သူပုန်ခေါင်းဆောင် တစ်ဦးနှင့် ရုရှားထောက်လှမ်းရေး တစ်ဦးအကြား ခရီးသည်တင် လေယာဉ်တစ်စင်းကို ၎င်းတို့ ပစ်ချလိုက် မိကြောင်း ပြောဆိုနေမှုများကို ကြားဖြတ်ဖမ်းယူထားခြင်း ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

သို့ရာတွင် ရုရှားအာဏာပိုင်များနှင့် ရုရှားနိုင်ငံပိုင် မီဒီယာတို့ကမူ ယူကရိန်း အစိုးရသည် သူပုန်များကို အပြစ်ပုံချရန်အတွက် ခရီးသည်တင်လေယာဉ် တိုက်ခိုက်မှုကို အကွက်ချ စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြား ခဲ့သည်။

ယူကရိန်း ခွဲထွက်ရေး သူပုန်များကလည်း Black Box ဟု ယူဆရသော ပစ္စည်းများကို ၎င်းတို့ ရရှိထားပြီးပြီ ဖြစ်ကြောင်းနှင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့များ ရောက်ရှိလာပါက ထိုပစ္စည်းများကို လွှဲပြောင်းပေး သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့အပြင် ခွဲထွက်ရေး သူပုန်များသည် တနင်္ဂနွေနေ့က လေယာဉ်ပျက်ကျသည့် နေရာမှ ရရှိသော အလောင်း ၂၀၀ နီးပါးကိုလည်း အအေးပေးစနစ် ပါရှိသော ရထားတွဲများပေါ်သို့ ပြောင်းရွှေ့ တင်ဆောင်ခဲ့ကြပြီး အလောင်းများ ပျောက်ဆုံး ပျက်စီးကုန်မည် စိုးသဖြင့် ယခုကဲ့သို့ ပြောင်းရွှေ့ထားခြင်း ဖြစ်ကြောင်းနှင့် စုံစမ်း စစ်ဆေးရေးအဖွဲ့များ ရောက်ရှိလာပါက လွှဲပြောင်းပေးသွားမည်ဟု သူပုန်အဖွဲ့ အကြီးအကဲက ပြောကြား ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List