Tuesday, July 22, 2014

ဂါဇာဒေသ အပစ်အခတ်ရပ်စဲမှု ပေါ်ထွက်ရန် ကုလသမဂ္ဂ မေတ္တာရပ်ခံ၊ ပဋိပက္ခ ပြေလည်ရေးအတွက် အမေရိကန် ကြားဝင်ဆောင်ရွက်



ဂါဇာဒေသတွင် ပြင်းထန်စွာ စစ်မက် ဖြစ်ပွားလျက် ရှိသော အစ္စရေးနှင့် ဟားမတ်စ်တို့ အမြန်ဆုံး အပစ်အခတ်ရပ်စဲ ပေးကြရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မေတ္တာရပ်ခံ တိုက်တွန်းလိုက်ကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။ 
အရှေ့အလယ်ပိုင်း ဂါဇာဒေသ၌ ဖြစ်ပွားလျက်ရှိသော စစ်မက် ပဋိပက္ခနှင့် ပတ်သက်၍ တံခါးပိတ် ဆွေးနွေးပွဲတစ်ရပ်ကို တနင်္လာနေ့က ကျင်းပ ပြုလုပ်ပြီးနောက် လုံခြုံရေးကောင်စီက အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ဂါဇာစီးတီး ဆင်ခြေဖုံးဒေသမှ ဟားမတ်စ် စစ်သွေးကြွ အုပ်စုများကို အစ္စရေးတို့က အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်း အစရှိသည်တို့သည် ရက်စက်ကြမ်းကြုတ်သည့် လုပ်ဆောင်ချက်များပင် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထုတ်ဖော် ပြောဆိုပြီးနောက် အဆိုပါ တံခါးပိတ် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်း လည်း ဖြစ်သည်။ 

ဂါဇာဒေသ၏ ကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်အရ ဟားမတ်စ်တို့အပေါ် အစ္စရေးတို့၏ ထိုးစစ်ဆင် တိုက်ခိုက်မှု များကြောင့် လူပေါင်း ၅၀၁ ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။ 

အဆိုပါ ဂါဇာစစ်မက် ပြဿနာကြီးကို ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ သည် အီဂျစ်နိုင်ငံသို့ တနင်္လာနေ့တွင် ရောက်ရှိလာသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဂျွန်ကယ်ရီသည် ကိုင်ရိုမြို့ရှိ နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံ ကာ ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပေါ်ထွန်းရေးအတွက် ကြားဝင်ဆောင်ရွက်ပေးရန် ကြိုးပမ်းသွား မည် ဖြစ်သည်။ 

အစ္စရေးတို့သည် ဇူလိုင်လ ၈ ရက်နေ့က စတင်ကာ ဂါဇာရှိ ဟားမတ်စ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြရာ ပြီးခဲ့သည့် တနင်္ဂနွေနေ့သည် လူအများဆုံး သေဆုံးသည့် နေ့တစ်နေ့ ဖြစ်ခဲ့ကြောင်း၊ ယင်းဒေသမှ ပါလက်စတိုင်း အရပ်သား ၁၀၀ ကျော်ခန့်နှင့် အစ္စရေး စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အစ္စရေးတို့က တနင်္လာနေ့တွင်လည်း လေကြောင်းမှ ထပ်မံထိုးစစ်ဆင် တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပါလက်စတိုင်း ၂၀ ခန့် သေဆုံးခဲ့ရသည်။ 

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင် နေတန်ညာဟုက BBC သတင်းဌာနသို့ ပြောဆိုရာတွင် “အရပ်သားတွေ ထိခိုက်သေဆုံးရ မှုအပေါ် ကျွန်တော် အင်မတန် နောင်တရမိပါတယ်” ဟု ပြောကြားသည်။ 

ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း သံအမတ်ကြီး ရာဗစ်မန်ဆော်က ကုလသမဂ္ဂ အနေနှင့် မဖြစ်မနေ တာဝန်ယူပေးရ မည် ဖြစ်ကြောင်း ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List