Monday, October 07, 2013

ဆိုမာလီယာ အယ်လ်ကိုင်းဒါများနှင့်ဆက်စပ်နေသော Shebab အဖွဲ့၏ အခြေစိုက်စခန်းအား ဗြိတိန်နှင့် တူရကီ တိုက်ခိုက်

Monday, October 7, 2013
မိမိတို့၏ အခြေစိုက်စခန်းတစ်ခုအား ဗြိတိန်နှင့်တူရကီ အထူးတပ်ဖွဲ့ဝင်များက ပင်လယ်လေကြောင်းမှ တစ်ဆင့် ညအချိန် တိုက်ခိုက်ခဲ့သည်ဟု ဆိုမာလီယာ အယ်လ်ကိုင်းဒါများနှင့် ဆက်စပ်နေသော Shebab အဖွဲ့မှ ပြောကြားလိုက်ကြောင်း အောက်တိုဘာ ၆ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။
သို့သော် ဗြိတိန်အစိုးရက ယင်းစွပ်စွဲမှုအား ငြင်းဆန်ထားသည်။ အသေခံတပ်ဖွဲ့ဝင်များမှ ရဟတ်ယာဉ်များပေါ်မှ ဆင်းသက်လာကာ Shebab ထိပ်တန်းခေါင်းဆောင်တစ်ဦး၏ အိမ်အား တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့ဟု ဆိုမာလီယာတောင်ပိုင်းရှိ Barawe ဆိပ်ကမ်းမြို့မှသူပုန် ခေါင်းဆောင်များက ပြောကြားလိုက်သည်။ ယခုကဲ့သို့ စွပ်စွဲပြောဆိုမှုမှာ ကင်ညာနိုင်ငံမှကုန်တိုက်အား Shebab သေနတ်သမားများက လေးရက် အကြာတိုက်ခိုက်ခဲ့သည့် တိုက်ခိုက်မှုအပြီး နှစ်ပတ်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
“မူဂျာဟစ်ဒင် ခေါင်းဆောင်တွေကို ညအချိန်မှာ စစ်ရဟတ်ယာဉ် တစ်စင်းကို အသုံးပြုပြီးတော့ လျှပ်တစ်ပြက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်” ဟု အဆိုပါမြို့တွင် နေထိုင်နေသည့် Shebab ခေါင်းဆောင်တစ်ဦး ဖြစ်သူ Suleiman က ပြောကြားလိုက်သည်။
နောက်ပိုင်းတွင် Shebab ၏ ပြောခွင့်ရပုဂ်္ဂိုလ် Abu Musab က ယင်းတိုက်ခိုက်မှုမှာ “ဗြိတိန်နှင့်တူရကီ” တို့၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲလိုက်သည်။ အသေခံတပ်ဖွဲ့ဝင်များမှာကမ်းခြေဒေသများကို လည်း လှေဖြင့် လိုက်လံ တိုက်ခိုက်ခဲ့သည်။ နိုင်ငံပေါင်းစုံမှ အထူးတပ်ဖွဲဝင်များအနေဖြင့် အာဖရိကတိုက် အရှေ့ပိုင်းဒေသအား အလားတူ စစ်ဆင်မှုများ လွန်ခဲ့သော ကာလများအတွင်း ပြုလုပ်ခဲ့သည်။
ယခုနှစ် ဇန်န၀ါရီလကလည်း ပြင်သစ်တော်ဝင်တပ်ဖွဲ့ဝင်များက Shebab တပ်ဖွဲ့များမှ ဖမ်းဆီးထားသော ထောက်လှမ်းရေးအရာရှိတစ်ဦး အား ပြန်လည်ကယ်တင်ရန်အတွက် ရဟတ်ယာဉ်ငါးစင်းနှင့် တပ်ဖွဲ့ဝင် ပေါင်း ၅၀ အားအသုံးပြုကာ တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဆိုမာလီယာနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။ သို့သော်တိုက်ခိုက်ရေး ရည်မှန်းချက်မှာ မအောင်မြင်ခဲ့ပေ။
ယမန်နှစ်ကလည်း အမေရိကန် NavySEAL များမှ ရဟတ်ယာဉ်ခြောက်စင်းအား အသုံးပြုကာ ပင်လယ်ဓားပြများမှ ဖမ်းဆီးထားသော ကူညီထောက်ပံ့ရေး လုပ်သားနှစ်ဦးအား ကယ်တင်ရန် ဆိုမာလီယာ မြောက်ပိုင်းတွင် ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ အမေရိကန်ထောက်လှမ်းရေး လေယာဉ်များမှာလည်း ဆိုမာလီယာနိုင်ငံပေါ်သို့ ပုံမှန်ပျံသန်းကာ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအား အခါအားလျော်စွာ ပြုလုပ်လေ့ရှိသည်။
AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List