ဂျပန်နိုင်ငံ တိုယိုတာယာဉ်များနှင့် ပတ်သက်သော မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ အခြေခံသင်တန်းကို တိုယိုတာ၏ ဝန်ဆောင်မှုဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု TTAS ကုမ္ပဏီက အောက်တိုဘာလ ၅ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးအေးဇော်က ပြောကြားသည်။

TTAS ကုမ္ပဏီသည် ဂျပန်နိုင်ငံ Toyota Tsusho ကော်ပိုရေးရှင်းက ၇၅ ရာခိုင်နှုန်းနှင့် မြန်မာကုမ္ပဏီက ၂၅ ရာခိုင်နှုန်း ပူးပေါင်း တည်ထောင်ခြင်း ဖြစ်ပြီး တိုယိုတာ မော်တော်ယာဉ် အရောင်းကိုယ်စားလှယ်နှင့် ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်လျက် ရှိသည်။
နည်းပညာမြင့် မော်တော်ယာဉ်အများအပြား မြန်မာနိုင်ငံသို့တင်သွင်းလာပြီးနောက်တွင် မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းခြင်း သင်တန်းများရှိရန် အထူးလိုအပ်ကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် ကုန်သည် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုဖွင့်လှစ်သည့် သင်တန်းသည် မော်တော်ယာဉ်နှင့် ပတ်သက်သော အခြေခံ သင်တန်းမျှသာ ဖြစ်ပြီး သင်တန်းကာလ ပြီးဆုံးပြီးနောက် သင်တန်း၏ ထိရောက်မှုကို ပြန်လည် သုံးသပ်ပြီးမှသာ ပိုမိုအဆင့်မြင့် သောသင်တန်း ထပ်ဖွင့်သင့်၊ မသင့်ကို စဉ်းစားသွားမည် ဖြစ်ကြောင်း TTAS ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment