Monday, October 07, 2013

သဘာဝပတ်ဝန်းကျင် မထိခိုက်မှသာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည်ဟုဆို

Monday, October 7, 2013
ဒေသခံများ ကန့်ကွက်နေကြသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှစ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းကို သဘာဝပတ်ဝန်းကျင် မထိခိုက်မှသာ တည်ဆောက်မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။ အောက်တိုဘာလ ၆ ရက်နေ့က ကျိုင်းတုံမြို့ စည်ပင်သာယာ ခန်းမတွင် ပြုလုပ်သော ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းတွင် ပါဝင်သည့် မိုင်းလပ်ကျေးရွာအုပ်စုမှ ဝမ်တောင်းရွာ၊ ဝမ်ကျွမ်ရွာနှင့်ပါဆံကျရွာတို့မှ ဒေသခံများနှင့် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တို့တွေ့ဆုံစဉ် ၎င်းက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာနကနေ ဒီစက်ရုံကြောင့် ဒေသခံ ပြည်သူလူထုအတွက် ဆိုးကျိုးမဖြစ်ဘူး။ သဘာဝပတ်ဝန်းကျင်အတွက် ထိခိုက်မှု မရှိဘူးဆိုပြီး ခွင့်ပြုချက်ရမှ တည်ဆောက်မှာပါ” ဟု ၎င်းကဆိုသည်။ ယင်းကျောက်မီးသွေး အသုံးပြု လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ၂၀ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ကာ ဂျပန်နည်းပညာကို အသုံးပြုမည် ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်သည့်အပြင် ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများမှ သဘာဝ ဓာတ်မြေသြဇာနှင့် ဘိလပ်မြေများ ရရှိမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ရှင်းပြသည်။

ယင်းကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ဒေသခံ ၃၀၀ ခန့်က ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတထံ တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း ကျိုင်းတုံမြို့နယ် ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဒေါက်တာစိုင်းရွက်ဟောင်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List