Tuesday, October 08, 2013

လာမည့်ရက်သတ္တပတ်တွင် မှတ်ပုံတင်တော့မည့် ရခိုင်အမျိုးသားပါ တီ ခေါင်းဆောင် ဦးအေးသာအောင်နှင့် တွေ့ဆုံခြင်း

Tuesday, October 8, 2013
MMA : ပါတီ မှတ်ပုံတင်ဖို့ ပြင်ဆင်နေပြီလို့ သိရတယ်။ ဘယ်တော့လောက် မှတ်ပုံတင်ဖြစ်မလဲ။
UATA : ၆ ရက်နေ့က ဆုံးဖြတ်တာတော့ လာမယ့်အပတ် အဆင်ပြေတဲ့ နေ့တစ်နေ့ကို မှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားတယ်။ ကျန်တာတွေကတော့ အကုန်ပြီးပြီ။ ပါတီဖွဲ့စည်းပုံ၊ ပ ခေါင်းဆောင် ဒု ခေါင်းဆောင် ရွေးပြီးပြီ။ နောက်အပတ် အဆင်ပြေတဲ့ ရက်တစ်ရက်မှာ ပါတီသစ် ANP ရခိုင်အမျိုးသား ပါတီ အနေနဲ့ မှတ်ပုံတင်မယ်။
MMA : ပါတီတွေ ပေါင်းမယ်ဆိုရင် မူလပါတီတွေကို ဖျက်သိမ်းရမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က သိရတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုလုပ်သွားဖို့ ရှိလဲ။
UATA : ဒါက ပါတီသစ်ကျလာမှ ဒီလိုဖျက်ရမယ်။ အဲဒီမှာ သူ့ကို ဖျက်သိမ်းမယ့် ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်း ရှိတယ်။ အဲဒါကို ဖျက်ဖို့အတွက်လည်း ထပ်တင်ရမယ်။ ပါတီသစ်ကျပြီးမှ ဖျက်ရမယ်။ လောလောဆယ် မဖျက်ရဘူး။ MMA : ပါတီနှစ်ခု ပေါင်းမယ်ဆိုတော့ ပါတီတွေရဲ့ အကျိုးစီးပွားတွေကို ဘယ်လို ပူးပေါင်းသွားမလဲ။
UATA : ကော်မရှင်ရဲ့ ဥပဒေအရ ဒီပါတီနှစ်ခု ပေါင်းပြီဆိုရင် နှစ်ဖက်ပါတီရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကလည်း ပါတီသစ်နဲ့ပဲ ဆိုင်ရမယ်။ ပါတီဝင်တွေ အားလုံးလည်း ပါတီသစ်မှာပဲ ပါရမယ်။ မပါချင်တဲ့ သူတွေလည်း ထွက်သွားလို့ ရတယ်။ အထူးသဖြင့် တစ်ဖက်ပါတီမှာ ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ကလည်း သူက အလိုအလျောက် ပါတီသစ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရမယ်။ မဖြစ်ဘူးဆိုရင် သူက တစ်သီးပုဂ္ဂလအနေနဲ့ နေချင်တယ်ဆိုတာကို ကော်မရှင်ကို သီးခြားလျှောက်လွှာတင်ရမယ်။ လုပ်ထုံးလုပ်နည်းက အဲလိုပါတယ်။

MMA : အခုပါတီတွေ ပူးပေါင်းဖို့မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်က အဆင့်တွေများတယ်လို့ အခြားပါတီတွေက သိရတယ်။ အန်ကယ့်အနေနဲ့ ဒီအပေါ်မှာ ဘယ်လိုများ ထင်မြင်မိလဲ။
UATA : ကော်မရှင်က ထုတ်ပြန်ထားတဲ့ အနေအထားပေါ်မှာ ပေါင်းဖို့အတွက် အမျိုးသားအကျိုးစီးပွား၊ ညီညွတ်ရေးအပေါ်မှာ အခြေခံပြီး ပေါင်းဖို့ ဆုံးဖြတ်တယ်ဆိုရင် ကျန်တဲ့ကိစ္စတွေကတော့ သိပ်အခက်အခဲ မရှိပါဘူး။ အဲဒီအခက်အခဲတွေ ဆိုတာကိုလည်း နှစ်ပါတီဆွေးနွေးညှိနှိုင်းပြီး ကျော်လွှားနိုင်ရမယ်။ ကော်မရှင်က ချမှတ်ထားတဲ့ ဟာတွေကိုလည်း လိုက်လုပ်ရုံပဲ ရှိတော့တာပေါ့။ အခက်အခဲတော့ သိပ်မရှိပါဘူး။

MMA : လက်ရှိနိုင်ငံရေးလောကမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့၊ အသစ်ပြန်ရေးဆွဲဖို့ တော်တော်လေး ဂယက်ရိုက်နေတယ်။ အန်ကယ့်အနေနဲ့ရော ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ပြန်ရေးဆွဲဖို့နဲ့ ပတ်သတ်ပြီး ဘာများပြောချင်လဲ။
UATA : အန်ကယ်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ပဲ ပြောမယ်လေ။ ANP က တရားဝင်ပါတီ မဟုတ်သေးတော့။ ပြင်မယ်ဆိုရင် စ လယ် ဆုံး ပြင်။ ဒီဖွဲ့စည်းပုံက အန်ကယ်တို့ ပြောရုံသက်သက် မဟုတ်ဘူး။ ဥပဒေပညာရှင်တွေက ပြင်လို့မလွယ်ဘူး၊ ပြင်လို့မရအောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံလို့ ပြောတယ်။ ဖွဲ့စည်းပုံပါ အပိုဒ်တစ်ခုကို ပြင်ဖို့တောင် အဆိုပြုရင် လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြုမှ ဆွေးနွေးမယ်။

အရေးကြီးတဲ့ အပိုဒ်တွေ တော်တော်များများဟာ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ရမယ်။ ဆိုတော့ ၇၅ ရာခိုင်နှုန်း ကျော်ဖို့ မလွယ်ဘူး။ ၂၅ ရာခိုင်နှုန်း တပ်မတော်က သဘောမတူရင် ပြင်ဖို့ မလွယ်ဘူး။ ကြံ့ခိုင်ရေးကပါ သဘောမတူရင် ပိုမလွယ်သေးဘူး။ ဒီမှာ ရွေးကောက်တင်မြှောက်ထားတဲ့ သူတွေက ၇၅ ရာခိုင်နှုန်းဆိုပေမယ့် ကွယ်လွန်သွားတဲ့ သူတွေ ရှိတယ်။ ပြီးတော့ လွှတ်တော်တက်ဖို့ ပျက်ကွက်တဲ့ (မကျန်းမာလို့) ဆိုပြီး ပျက်ကွက်မယ့်သူ ရှိဦးမယ်။

ဘယ်လိုလုပ် ၇၅ ရာခိုင်နှုန်း ပြည့်ဖို့တောင် မလွယ်ဘူး။ ကောင်းပြီ
တပ်က တစ်ယောက်နှစ်ယောက်လောက် သဘောတူလို့ ပြင်ဖို့ ၇၅ ရာခိုင်နှုန်း ကျော်ပြီထားဦး။ အဲဒါနဲ့ မရသေးဘူး။ ပြည်သူ့ဆန္ဒ ခံယူရမယ်။ ပြည်သူ့ဆန္ဒကလည်း သူက ဖွဲ့စည်းပုံမှာ ရေးထားတာက မဲဆန္ဒ ပေးပိုင်ခွင့် ရှိသူရဲ့ ၅၀ ရာခိုင်နှုန်း ကျော်ရမယ်။ မဲဆန္ဒ ပေးသူရဲ့
၅၀ ရာခိုင်နှုန်း မဟုတ်ဘူး။ မတူဘူးနော်။ မဲဆန္ဒ ပေးပိုင်ခွင့် ရှိသူရဲ့
၅၀ ရာခိုင်နှုန်း။ ခု ၁၉၉၀ မှာ၊ ၂၀၁၀ မှာ ဒီရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်ကို မဲပေးတဲ့အခါ ပေးပိုင်ခွင့်ရှိတဲ့သူ အားလုံးမပေးဘူး။ တချို့စိတ်မဝင်စားလို့ မပေးတာ ရှိတယ်။

တမင် သပိတ်မှောက်လို့ မပေးတာ ရှိတယ်။ အကြောင်းကြောင်းကြောင့် ခရီးလွန်၊ နယ်လွန်၊ ပြည်ပရောက်နေလို့ မပေးတာ ရှိတယ်။ အဲဒီတော့ မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူ ၅၀ ရာခိုင်နှုန်းဆိုတာကလည်း မဖြစ်အောင် လုပ်ထားတဲ့သဘောမို့ ပြင်ဖို့ မလွယ်ဘူး။
နောက်တစ်ခုက လွှတ်တော်တွင်းပြင်ဖို့ လွှတ်တော်ပပြင်ဖို့ သဘောထားရှိတယ်။ NLD ကလွှတ်တော်ထဲရောက်တော့ ၁၀၉ ဦး ကော်မတီကနေ ပြင်မယ်ပေါ့။ အဲဒီတော့ အန်ကယ်တို့ တိုင်းရင်းသားပါတီတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ လွှတ်တော်ပကနေ ပြင်ချင်တယ်။ လွှတ်တော်တွင်း ရောက်နေတဲ့ ပါတီတွေ ရှိသလို လွှတ်တော်ပြင်ပမှာ တိုင်းရင်းသားပါတီတွေ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများကြီး။ လွှတ်တော်တွင်းက ပြင်မယ်ဆိုရင် လွှတ်တော်တွင်းမှာ မပါတဲ့ ပါတီတွေ။ အခု အစိုးရပြောတာ ၁၄ ဖွဲ့ အပစ်ရပ်ထားတယ်။ ဒီအဖွဲ့တွေက လွှတ်တော်တွင်း ပြင်တာထက် လွှတ်တော်ပြင်ပမှာ ပြင်ချင်ကြတယ်။ ပြီးတော့ ဒီ၂၀၀၈ ဖွဲ့စည်းပုံက လွှတ်တော်က ရေးဆွဲထားတာ မဟုတ်ဘူး အမျိုးသား ညီလာခံကနေ ရေးဆွဲပြီး ပြည်သူ့ဆန္ဒ ခံယူတယ်။

ပြင်မယ်ဆိုရင် စ လယ် ဆုံး ပြင်ရမယ် ပြင်ဖို့ မလွယ်ဘူး။ ပြည်တောင်စု စံနဲ့ ကိုက်အောင် ပြင်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူးဆိုရင် အသစ်ရေးတာက ပိုကောင်းမယ်လို့ ပြောတယ်။ လွှတ်တော်ပ ပြင်မယ်ဆိုတာ ညီလာခံကို ပြောတာ။ လွှတ်တော်တွင်း ပြင်မယ်ဆိုတာကို မဆန့်ကျင်ဘူး။ လုပ်ပါ။ ပြင်ဖို့ ကြိုးစားကြည့်။ ဘယ်လောက်ထိ ပြင်လို့ရမလဲ။ ဘယ်အပိုဒ်တွေ ပြင်လို့ ရမလဲ။ မရတာ ဘာတွေရှိမလဲ။

ထင်ရှားလာလိမ့်မယ်။ အဲဒီအခါကျမှ လွှတ်တော်တွင်းကတော့ ဒီလောက်ပဲ ပြင်လို့ရမယ်။ ဒါတွေကတော့ ပြင်လို့ မရနိုင်ဘူး။ ဒါဆိုရင် လွှတ်တော်တွင်း လွှတ်တော်ပ အင်အားစုတွေ အားလုံးပေါင်းပြီးတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ အဆင်ပြေမလဲ။ ဆွေးနွေးကြ၊ ညှိနှိုင်းကြ၊ တိုင်ပင်ကြ။ ဒီနေရာမှာ အန်ကယ်တို့ ပြောနေတာ ပြင်ဖို့ပဲဖြစ်ဖြစ် အသစ်ရေးဖို့ပဲဖြစ်ဖြစ် တိုင်းပြည်ကောင်းဖို့ ပြောနေတာ။ အဖွဲ့အစည်းတစ်ခုရဲ့ အရေးအရာထက် တိုင်းပြည်ရဲ့ အရေး ပြည်ထောင်စုရဲ့အရေး တိုင်းရင်းသားတွေရဲ့ အရေးက ပိုပြီးတော့ အရေးကြီးပါတယ်။ ပြည်သူတွေ လွဲမှားတဲ့ စနစ်၊ လွဲမှားတဲ့ အုပ်ချုပ်ရေးကြောင့် ဆင်းရဲတွင်းထဲမှာ ငရဲတမျှ ခံစားနေရပြီ။ ဒီလူတွေကို စာနာပါ။ ကိုယ့်အဖွဲ့အစည်း တစ်ခုထဲအတွက် မစဉ်းစားနဲ့။ တိုင်းပြည်ကြီးပွားချင်တယ်ဆိုရင် ကိုယ့်အဖွဲ့အစည်း အရေးထက် တိုင်းပြည်အရေးကို ကြည့်ပြီးတော့ လုပ်ကြပါလို့ပဲ ပြောချင်တယ်။

MMA : UNFC ကလည်း ဒီဥပဒေကို အသစ်မရေးဆွဲဘူးဆိုရင် သူတို့ ပြည်တွင်းကို ဝင်ဖို့ခက်တယ်။ ဦးခွန်ထွန်းဦးတို့ကလည်း ဒီဥပဒေကို မပြင်ရင် ၂၀၁၅ မှာလည်း လွှတ်တော်ပြင်ပကနေပဲ ဆက်သွားမယ်လို့ သိရတယ်။ အန်ကယ့်အနေနဲ့ရော ၂၀၁၅ မှာ ဘယ်လိုပုံစံမျိုးနဲ့ သွားမယ်ဆိုတာလေး သိချင်ပါတယ်။
UATA : အန်ကယ် တစ်ဦးတည်း အနေနဲ့ ပြောရရင်တော့ ၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံကို ပြင်စေချင်တယ်။ မပြင်ရင်တော့ ရွေးကောက်ပွဲဝင်ဖို့ သိပ်ဆန္ဒမရှိဘူး။ ဒါပေမယ့် ခု ပါတီနှစ်ခု ပေါင်းထားတော့ ပါတီတာဝန်ရှိတဲ့ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်တဲ့အတိုင်း လိုက်နာရမယ်။

MMA : အန်ကယ်တို့အနေနဲ့ တကယ်လို့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ဖြစ်မယ်ဆိုရင် အခုလက်ရှိ ဘာတွေ ကြိုတင်ပြင်ဆင်ထားပြီးပြီလဲ။
UATA : အခု တိုင်းပြည်မှာ လိုအပ်တာက ပြည်သူတွေက နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်အောက်မှာ နေလာခဲ့ရတော့ ပြည်သူတွေကို ဒီကြောက်ရွံ့နေတဲ့ အကြောက်တရားအောက်ကနေ လွတ်မြောက်သွားဖို့ ပြီးတော့ ဒီမိုကရေစီ ဆိုတာက ပြည်သူတွေကိုယ်တိုင် ကျင့်သုံးဖို့၊ ဒီမိုကရေစီ မဆန်တဲ့ အဖွဲ့တွေကို ပြည်သူတွေက တိုက်ဖျက်ပြီး ကိုယ်ရထိုက်တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ရအောင် ယူတက်အောင် ကျင့်သုံး ကိုယ်ကိုယ်တိုင်ကလည်း ကျင့်သုံးတက်ရမယ်။ သူများကို ဒီမိုကရေစီ ကျင့်သုံးဖို့ပြောပြီး ကိုယ်က နေချင်သလို နေလို့တော့ မရဘူး။

ဒီလိုမဖြစ်အောင် တတိုင်းပြည်လုံးမဟုတ်တောင် ရခိုင်ပြည်နယ်မှာ ကိုယ်လက်လှမ်းမီတဲ့နေရာတွေမှာ ဟောပြောဖို့၊ စည်းရုံးဖို့၊ သင်
တန်းတွေ ပို့ချဖို့။ အထူးသဖြင့် လူငယ်တွေ၊ အမျိုးသမီးငယ်တွေ ပါတီမှာ တာဝန်ရှိတဲ့သူတွေကို နိုင်ငံရေးသိပ္ပံသင်တန်းတွေ ပေးဖို့ အရေးကြီးတယ်။ တစ်ကြိမ်တော့ ပေးဖူးတယ်။ စွမ်းရည်မြှင့် အမျိုးသမီး စွမ်းရည်မြှင့် သင်တန်းတွေ ပေးတယ်။ ခုဆို ၄ ကြိမ် ရှိပြီ။ ဒီလိုသင်တန်းတွေ များများပေးဖို့ လိုတယ်။ သင်တန်းပေးဖို့ အဓိကက ငွေလိုတယ်။

ခုလောလောဆယ်တော့ ပိုက်ဆံမရှိလို့ ရပ်ထားတယ်။ လုပ်ချင်တာကတော့ အများကြီးပေါ့။ အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ဖြစ်မယ်ဆိုရင် မဝင်ခင် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို နိုင်ငံတကာ အတွေ့အကြုံတွေ၊ ပြည်တွင်းအတွေ့အကြုံတွေ လွှတ်တော်မှာ အဆိုပြုဖို့ လွှတ်တော်မှာ တင်ပြဖို့ ကိစ္စတွေကို ဘယ်လိုတင်ပြမယ်၊ ဘယ်လိုပြောဆိုမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေပါ တင်ပြတက်အောင်၊ လွှတ်တော်ကိုယ်စားလှယ်တွေကို အရည်အချင်းတွေ ပြည့်မှီအောင် သင်တန်းတွေလည်း ပေးချင်တဲ့ ဆန္ဒ ရှိပါတယ်။ ငွေကြေးရရင်တော့ လုပ်သွားဖို့ ရှိတယ်။

ရီမွန်
The Myanma Age

No comments:

Post a Comment

My Blog List