Tuesday, October 08, 2013

မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ် လေးသန်းကျော် ရရှိပြီးဖြစ်ဟု ဆို

Tuesday, October 8, 2013
“မျိုးစောင့်ဥပဒေ”ဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်းကို ထောက်ခံသည့် လက်မှတ်များကို တစ်နိုင်ငံလုံးအနှံ့ ကောက်ခံမှုများ ပြုလုပ်နေ ရာ အောက်တိုဘာ ၇ ရက် အထိ လက်မှတ်လေးသန်းကျော် ရရှိထားပြီး ဖြစ်သည်ဟု အဆိုပါ လက်မှတ်များ ကောက်ခံသော ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူကမိန့်သည်။ အဆိုပါ လက်မှတ်များ ကို ယခုနှစ် ဇွန်လမှ စတင် ကောက်ခံခြင်းဖြစ်ရာ လေးလကျော်အတွင်း လက်မှတ် လေးသန်းကျော် ရရှိထားခြင်း ဖြစ်သည်။ ကောက်ခံရရှိသည့် လက်မှတ်များကိုစုစည်းပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခြင်းဖြစ် သည်။ အနယ်အနယ်အရပ်ရပ်မှ ပေးပို့လာသည့် လက်မှတ်များကို အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်သို့ ပို့ပေးပြီး အဆိုပါကျောင်းတိုက်မှတစ်ဆင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခြင်း ဖြစ် သည်။

လွှတ်တော်သို့ မျိုးစောင့်ဥပဒေ ထောက်ခံသည့် လက်မှတ်များ ပေးပို့ခြင်းနှင့် ပတ်သက်၍ အင်းစိန်ရွာမ ပရိယတ်္တိစာသင် တိုက်မှ ဆရာတော်ဦးစန္ဒာသီရိက “ဒီဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေ တစ်ရပ် ပေါ်ထွန်းအောင် မဆွေးနွေးသေးသရွေ့ ထောက်ခံလက်မှတ်တွေ ပို့ပါမယ်” ဟု ပြောသည်။
ယင်းသို့ဆွေးနွေးရာတွင် မျိုးစောင့်ဥပဒေဆိုသည့် အမည်ဖြင့် မဟုတ်ဘဲအခြားအမည်ဖြင့် ဆွေးနွေးမည် ဆိုပါကလည်း မိမိတို့ ရေးဆွဲထားသည့်အချက်အလက်များပါဝင်ပါကလက်ခံမည်ဟုဆရာတော်ကဆိုသည်။
မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်များ ကောက်ခံခြင်းနှင့် ပတ်သက်၍လည်း ဆရာတော် ဦးဝီရသူက “ကိုယ့်စည်းသူ့စည်း လုံအောင်ထိန်းနိုင်ရင် ပဋိပက္ခတွေ ဖြစ်တော့မှာမဟုတ်ဘူး။ မျိုးစောင့်ဥပဒေဆိုတာကလဲ ကိုယ့်စည်းကိုယ့်ဘောင်ကို လုံခြုံအောင် ကာကွယ်စောင့်ရှောက်တဲ့ သဘောပါ”ဟု မိန့်ကြားသည်။
ယင်းသို့လက်မှတ်များ ကောက်ခံရာတွင် မြန်မာတစ်ပြည်လုံးအတိုင်းအတာအနေဖြင့် ကောက်ခံခြင်းဖြစ်ကာ အထက်မြန်မာပြည်မှ ထောက်ခံလက်မှတ် နှစ်သန်းခန့် ရရှိသည်ဟုလည်း သိရသည်။ မျိုးစောင့် ဥပဒေ ထောက်ခံ လက်မှတ်များကို လွှတ်တော်သို့တစ်ကြိမ်လျှင်တစ်သန်းနှုန်းဖြင့် ပေးပို့နေခြင်းဖြစ် ပြီး အောက်တိုဘာလတွင် ပေးပို့ခြင်းသည် လေးကြိမ်မြောက်ဖြစ်သည်။
မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်များကို ပြည်သူ့လွှတ်တော်သို့ တာဝန်ယူပေးပို့သူဆရာတော်ဦးစန္ဒာသီရိက “မျိုးစောင့် ဥပဒေ ထောက်ခံလက်မှတ်တွေ ပြည်သူ့လွှတ်တော်ကိုပေးပို့တာ သုံးသန်းကျော်ရှိသွား ပြီ။ အောက်တိုဘာ ဒုတိယ အပတ်ထဲမှာ ကျန်တဲ့ ထောက်ခံလက်မှတ် တစ်သန်းကို ထပ်မံ ပေးပို့သွားမှာ ပါ”ဟု မိန့်သည်။
မျိုစောင့်ဥပဒေဟုခေါ်ဝေါ်နေသော ဥပဒေကြမ်းနှစ်ခုသည် “မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ်ဥပဒေကြမ်းနှင့် ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင်ဥပဒေ ကြမ်း”တို့ ဖြစ်သည်။ ထိုဥပဒေကို ၂၀၁၃ ခုနှစ် ဇွန် ၁၂ ရက်က မှော်ဘီ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ ထိုဥပဒေများကို ဘုန်းတော်ကြီးအချို့က ရေးဆွဲ ထားခြင်းဖြစ်ပြီး “မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာအရေးပေါ် ဥပဒေကြမ်း”တွင် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်
ဖြစ်ရမည်ဖြစ်ပြီး၊ ဘာသာခြားဖြစ်ခဲ့သူက ဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားရန် လိုအပ်ကြောင်း ပါရှိသည်။ ထိုကိစ္စကို မလိုက်နာပါက ထောင်ဒဏ် ၁၀ နှစ် ကျခံရမည်ဟု လည်း ပြစ်ဒဏ်ကို တစ်ပါတည်း ထည့်သွင်း ရေးဆွဲထား သည်ကိုလည်း လေ့လာတွေ့ရှိရသည်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List