Thursday, October 10, 2013

မလေးရှားမှပြန်လာပြီး နေရပ်မပြန်နိုင်သူတွေအတွက် ဇေကမ္ဘာ ဦးခင်ရွှေက ကျပ်သိန်း ၅၀ ထောက်ပံ့

Thursday, October 10, 2013
မလေးရှားမှ မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၈ ရက်တွင် ပြန်လည်ရောက်ရှိလာသော လုပ်သားများအနက် ၄၆ ဦးမှာ မိသားစုနှင့် အဆက်အသွယ်မရဘဲ ဇာတိပြန်ရန် ခက်ခဲနေသည့်အတွက် ရန်ကုန်တိုင်း မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ငွေကျပ်သိန်း ၅၀ ကို အောက်တိုဘာ ၉ ရက်တွင် မတည်လှူဒါန်းခဲ့သည်ဟု စေတနာ့ဝန်ထမ်းလုပ်နေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ “အခု လုပ်သားတွေအတွက် လိုအပ်တဲ့ငွေကြေးကို အကြမ်းဖျင်း တွက်လိုက်တာ သိန်း ၄၀ ကျော်ကုန်ကျ ပါတယ်။ ဒေါက်တာခင်ရွှေက ပထမကတည်းက လိုအပ်တာတွေကို ကူညီပေးသွားမယ်လို့ ပြောထား တာပါ”ဟု မလေးရှားပြန် လုပ်သားများအတွက် စေတနာ့ဝန်ထမ်း လိုက်လုပ်ပေးနေသူက ပြောသည်။ အောက်တိုဘာလ ၈ ရက်က မလေးရှားမှ လုပ်သားများအား သီတဂူဆရာတော်ကြီး၏ သီတဂူသာသနာပြု လူမှု အထောက်အကူပြုအဖွဲ့ (မလေးရှား)နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းကာ MAI လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ အခမဲ့ပြန်လာစေခြင်း ဖြစ်သည်။ မလေးရှားမှပြန်လာသော လုပ်သား ၁၇၅ ဦးအနက် ၄၆ ဦးသည် မိသားစုနှင့် အဆက်အသွယ်မရရှိဘဲ ဇာတိပြန်ရန် ငွေကြေးအခက်အခဲများ ရှိသောကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့မှ တစ်ညတာ တာဝန်ယူ ခေါ်ဆောင်သွားခဲ့သည်။

မလေးရှားမှ ပြန်ရောက်လာသော တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား ကိုအောင်မျိုးက “ဒုက္ခသည်စခန်းကို ရောက်တာ ရှစ်လရှိပြီ။ အဲဒီ့ကို မရောက်ခင် အဖမ်းခံရပြီး ထောင်ရှစ်လကျတယ်။ လျှော့ရက်နဲ့ဆိုတော့ ထောင်ထဲမှာ ငါးလလောက် နေခဲ့ရပါတယ်။ ကန့်ထဲကနေ လေးနာရီလောက်မှာ တာဝန်ရှိသူက လာခေါ်သွားတယ်။ လေယာဉ်ကွင်း ရောက်မှ မြန်မာပြည်ကို ပြန်ရမယ်လို့ပြောတယ်။ လေယာဉ်ကွင်းမှာ ပြောတော့ အိမ်ကိုအရောက် တာဝန်ယူမယ်လို့ ပြောခဲ့တာပါ။ ဒီရောက်တော့မှ ဒီလိုမျိုးတွေ ဖြစ်ကုန်တာပါ”ဟု ပြောသည်။

အဆိုပါကိစ္စအား သီတဂူသာသနာပြု လူမှုအထောက်အကူပြုအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ“ကျွန်တော်တို့က မြန်မာနိုင်ငံ အရောက်အထိပဲ တာဝန်ယူတာပါ။ ကျန်တာကတော့ ကျွန်တော်တို့ကို ဘာမှပြောမထားပါဘူး” ဟု ပြောသည်။

ထိုအလုပ်သမားများကို ခေတ္တတာဝန်ယူပေးထားသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း တစ်ညတာသာ ရုံးခန်းတွင် ထားနိုင်မည်ဖြစ်ပြီး အောက်တိုဘာ ၉ ရက် နေ့လည် ၁နာရီတွင်မူ တာမွေရှိ အလိုတော်ပြည့်ကျောင်းတိုက်သို့ ပို့ဆောင်ပေးမည်ဖြစ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အလုပ်သမားအရေး ဆောင်ရွက်နေသူ ဒေါ်မာမာဦးက ပြောသည်။

မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသော အလုပ်သမားများကို ယခုနှစ် ဇွန်လမှ စတင်ကာ MAI လေကြောင်းလိုင်းဖြင့် လက်မှတ်ခ ထက်ဝက်လျှော့ချပြီး ပြန်လည်ခေါ်ယူခဲ့သည်မှာ အလုပ်သမားပေါင်း ၃၀၀၀ ကျော်ရှိပြီဖြစ်ပြီး လေယာဉ်လက်မှတ်အခမဲ့ဖြင့် အကူအညီပေးခဲ့သည်မှာ ငါးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း MAI လေကြောင်းလိုင်း၏ ဈေးကွက်နှင့် ပြင်ပဆက်ဆံရေး အရာရှိ ဒေါ်အေးမရသာက ပြောသည်။

စက်တင်ဘာ ၁ ရက်မှ စတင်ပြီး မလေးရှားအစိုးရက တရားမ၀င် နိုင်ငံခြားအလုပ်သမားများကို ဖမ်းဆီးခဲ့ပြီးနောက် မြန်မာအလုပ်သမားများ ပြန်လာကြခြင်း ဖြစ်သည်။ မလေးအစိုးရမှ စီမံချက်ကာလအတွင်း ဖမ်းဆီးထိန်းသိမ်း ထားသည့် တရားမ၀င် အလုပ်သမားများထဲတွင် မြန်မာနိုင်ငံမှ တတိယအများဆုံးထိန်း သိမ်းခံထားရသည့် နေရာ၌ ရှိပြီး မြန်မာအလုပ်သမား ၅၅၅ ဦး ဖမ်းဆီးခံရသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List