Tuesday, October 08, 2013

ရန်ကုန်မြို့တွင်း ဘုရားဖူးကားများအတွက် လမ်းကြောင်း သတ်မှတ်ပေးရန် လိုဟုဆို

Tuesday, October 8, 2013
ရန်ကုန်မြို့တော်မှ မြန်မာပြည်အနှံ့ ဘုရားဖူး ထွက်ခွာမည့် ပြည်တွင်းဘုရားဖူး ခရီးသည်တင် ယာဉ်များအတွက် မြို့အတွင်း ယာဉ်လမ်းကြောင်းများ သီးသန့်သတ်မှတ်ပေးရန် လိုအပ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှုအသင်း အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းလှိုင်က ပြောကြားသည်။“အရင်က ရန်ကုန်မြို့တွင်း ခြောက် မြို့နယ် ဘုရားဖူးကားတွေ မဝင်ရဘူး။ အခုဘယ်မြို့နယ်မှ မ၀င်ရတော့ဘူး” ဟု ၎င်းကဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအတွင်း ဘုရားဖူးခရီးသည် တင်ယာဉ်များ ဖြတ်သန်းခြင်း မပြုရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သြဂုတ်လ အတွင်းက ကြေညာခဲ့သောကြောင့် ဘုရားဖူးယာဉ်များ ထွက်ခွာရန်နှင့် မြို့တွင်း ဝင်ရောက်ရန် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဘုရားဖူးခရီးသည် တင်ယာဉ်များကို ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း၊ အင်းစိန်လမ်း၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်းတို့တွင် ရပ်တင်စနစ်ဖြင့် ဖြတ်သန်းခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြညှိနှိုင်းသွား မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် ဖြစ်သော ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ လသာမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်နှင့် ဒဂုံမြို့နယ်တို့အတွင်း ဘုရားဖူးယာဉ်များ ဖြတ်သန်းခွင့်ကို ၁၉၉၀ ပြည့်နှစ်ကတည်းက ခွင့်မပြုခဲ့ကြောင်း၊ ဘုရားဖူး ထွက်ခွာမည့် ကားများမှာ အရေအတွက် နည်းပါး၍ ည ၉ နာရီ နောက်ပိုင်းအချိန် ဖြစ်သောကြောင့် ယာဉ်ကြော ရှုပ်ထွေးမှု မဖြစ်ပေါ်နိုင်ကြောင်း ရွှင်ပျော်ပျော် မြန်မာပြည်အနှံ့ ဘုရားဖူးနှင့် အပန်းဖြေ ခရီးသွားလုပ်ငန်း တာဝန်ခံ ဦးကြီးရွှေက ဆိုသည်။ ပြည်တွင်း ဘုရားဖူး ခရီးသည်များအတွက် ယာဉ်ရပ်နားရန် နေရာနှင့် ယာဉ်လမ်းကြောင်း အခက်အခဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအတွင်းရှိ တာဝန်ရှိသူများနှင့် ညှိနှိုင်း လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုသည်။ ၂၀၁၂ ခုနှစ်အတွင်း မြန်မာပြည်အနှံ့ ဘုရားဖူးနှင့် အပန်းဖြေခရီး ထွက်ခွာကြသည့် ခရီးသည် အရေအတွက် စုစုပေါင်း ၃ ဒသမ ၆ သန်းခန့်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း ပြည်တွင်း ဘုရားဖူးခရီးသည် အရေအတွက် စုစုပေါင်း ၄ ဒသမ ၄ သန်းခန့်အထိ မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment

My Blog List