Saturday, October 12, 2013

တိုက်ဂါးဘီယာ စက်ရုံဝင်းအတွင်း မီးရှို့မှုဖြစ်ပွား

Saturday, October 12, 2013
မင်္ဂလာဒုံမြို့နယ်ရှိ တိုင်ဂါးဘီယာစက်ရုံတွင် ဆိုင်ကယ်ဖြင့် ၀င်ရောက်လာသူတစ်ဦးက ဆိုင်ကယ်အားလှဲချပြီး ဆီပိုက်ဖြုတ်ကာ မီးရှို့မှုတစ်ခုအောက်တိုဘာ ၉ ရက် နံနက်က ဖြစ်ပွားခဲ့သည်။
မီးရှို့ခဲ့သူမှာ ရွာသာကြီးစိတ်ရောဂါဆေးရုံ ပြင်ပလူနာဌာနတွင် ဆေးကုသနေသော စိတ်ဝေဒနာရှင် ဇော်မင်းထွန်း (ဘ)ဦးကျော်လွင်၊ ကိုးလုံးကွင်းရပ်ကွက်၊ မှော်ဘီမြို့နယ်နေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ ၎င်းသည် ကမ်ဘို ၁၁၀ အမျိုးအစားနံပါတ်မပါ လိုင်စင်မဲ့ဆိုင်ကယ်အား စက်ရုံဝင်ပေါက် ဂိတ်မောင်းတံအောက်မှ ဖြတ်၍ စီးနင်းဝင်ရောက်ခဲ့သည်ဟု ဆိုထားသည်။ ယင်းနောက် စက်ရုံအနောက်ဘက် ဘီယာဘူးခွံများထားသော ဂိုဒေါင်အ၀တွင်ဆိုင်ကယ်အားလှဲချပြီး ဆီပိုက်အားဖြုတ်၍ အသင့်ပါလာသော ဂတ်စ်မီးခြစ်ဖြင့် မီးရှို့ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။ မီးလောင်မှုကြောင့် ဆိုင်ကယ်၏ ရှေ့ကာဗာ၊ ထိုင်ခုံကူရှင်နှင့် ၀ါယာကြိုးများ မီးလောင်ကျွမ်းကာ စက်ရုံဝန်ထမ်းများက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။ ဆိုင်ကယ်မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး သုံးသောင်းကျပ်ခန့် ရှိခဲ့သည့်အပြင် ဘီယာဘူးခွံ ၅၃၄၆ ဘူးဆံ့ထည့်သည့် ကန်လေးကန် မှာမီးသတ်ဆေးဘူးအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်အမှုန့်ထိတွေ့မှုကြောင့် အမေရိကန် ဒေါ်လာ ၁၆၈၀ တန်ဖိုးရှိ ဘီးယာဘူးခွံများ ပျက်စီးခဲ့ရသည်ဟု စက်ရုံဘက်က ဆိုထားသည်။ ထို့ကြောင့် စက်ရုံရှိပစ္စည်း သိုလှောင်ထားရှိနေရာအား ဖျက်ဆီးရန် အကြံဖြင့် မီးရှို့ခဲ့သူ ဇော်မင်းထွန်းကို အရေးယူပေးရန် ဗိုလ်ကြီး ညွန့်စိုးမင်း(ငြိမ်း)က အမှုဖွင့်တိုင်တန်းခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ယင်းကြောင့်ပင် ထောက်ကြန့် နယ်မြေရဲ စခန်းက (ပ)၃၇၀/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူအား ပုဒ်မ ၄၃၆ ဖြင့် တရားစွဲတင်မည်ဟု ဆိုထားသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment

My Blog List