Monday, October 05, 2015

နိုင်ငံလုံးချီ အပစ်ရပ် လက်မှတ်မထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ထိုးစစ်ဆင်မှုပြု လုပ်မည် မဟုတ်ဟု ဦးအောင်မင်းပြောကြား


တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များကို ထိုးစစ်ဆင်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်း က ပြောကြားသည်။

အောက်တိုဘာ ၄ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေး ဗဟိုဌာနတွင် ပြုလုပ်သည့် NCA လက်မှတ်ရေးထိုးမည့် ရက်သတ်မှတ်သည့် အစည်းအဝေးပွဲ အဖွင့်အမှာစကားပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ NCA လက်မှတ်မထိုးတာကြောင့် ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မှတ် မထိုးတဲ့ အဖွဲ့တွေကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်ဖို့ ဆိုတဲ့ ရည်မှန်းချက်မျိုး လည်း ကျွန်တော်တို့ အစိုးရမှာ အစီအစဉ်မရှိပါဘူး။ ရှိပြီးသား နှစ်ဖက် သဘောတူညီချက်တွေကို ဆက်ထိန်းပြီး တည်တည်ငြိမ်ငြိမ်နဲ့ ငြိမ်းချမ်းရေး အတွက် အဖြေရှာသွားမှာဖြစ်ပါတယ်” ဟု သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးအောင်မင်းက ဆက်၍ " ဒီကြားထဲမှာ အခန့်မသင့်လို့ ဖြစ်လာတဲ့ ပဋိပက္ခ တွေကိုလည်း NCA အပြီးမှာ ပေါ် ပေါက်လာမယ့် ယန္တရားတွေကနေ ဖြေရှင်း သွားမှာ ဖြစ်ပါတယ် ” ဟု ဆိုသည်။

လက်ရှိအချိန်တွင် NCA စာချုပ်ကို လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခုနစ်ဖွဲ့က သဘော ထား ပေး ထားပြီး အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်တွင် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမည် ဖြစ်သည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးရန် အစီအစဉ်မရှိသေးသည့် ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်များမှလက်နက် ကိုင်တပ်ဖွဲ့များအနေနှင့် လက်ရှိအချိန်တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List