Wednesday, October 07, 2015

လူသတ်ပြီး အလောင်းကို အိတ်ဖြင့်ထည့်၍ မန္တလေး ရန်ကင်းတောင်တွင် စွန့်ပစ်မှုဖြစ်ပွား


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့ ရန်ကင်းတောင် အတက်လမ်းအနီး တွင် အသက် ၄၀ ခန့်အရွယ် အမျိုးသားတဦးကို သတ်ဖြတ်ပြီး အလောင်းကို ခရီးဆောင်အိတ်ဖြင့် ထည့်၍ စွန့်ပစ်မှု ဖြစ်ပွားကြောင်း ပုသိမ်ကြီးမြို့နယ် ရဲစခန်းထံမှ သိရှိရ သည်။

အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းရန်ကင်းတောင်အတက်လမ်း ၊ လမ်းဘေးတွင် စွန့်ပစ်ထားသည့် ခရီးဆောင်အိတ် တလုံးကို တွေ့ရှိခဲ့သဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ က လာရောက်စစ်ဆေးရာတွင် အလျား ၂ ပေ အနံ ၁ ပေခွဲ ရှိသည့် ခရီးဆောင်အိတ် အတွင်း တွင် အသက် ၄၀ ခန့် အမျိုးသားတဦး ကို ရိုက်နှက်နှိပ်စက် သတ်ဖြတ်၍ ထည့်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ရန်ကင်းတောင်ခြေမှာဖြစ်သွားတဲ့လူသတ်မှုဖြစ်စဉ် က မှန်ကန်ပါတယ်။ တရားခံဘယ်သူဖြစ်တယ်။ အသတ်ခံရသူ ဘယ်သူ ဘယ်ဝါ ဆိုတာ စစ်ဆေးဆဲအခြေအနေဖြစ်ပါတယ်။ အခုချိန်ထိ ဒီဖြစ်စဉ်ကို ပုဒ်မ မတပ်ရသေးပါဘူး” ဟု ပုသိမ်ကြီးမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိ က ဧရာဝတီသို့ပြောသည်။

ရဲစခန်း၏ ပြောဆိုချက်အရ အသတ်ခံရသူ အမျိုးသားကို ခရီးဆောင်အိတ် ခွေခေါက်၍  ထည့် ထား ကြောင်း၊ သေဆုံးသူ ၏ ဦးခေါင်းဝဲဘက်ချိုစောင်းတွင် နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ထိပ်တည့်တည့်ဖူးယောင် ဒဏ်ရာတချက် နှင့် နှုတ်ခမ်း တွင် ဖူးယောင်ဒဏ်ရာ တချက် တွေ့ရှိရကြောင်း၊ သေဆုံးသူ၏ ခန္ဓာကိုယ်ပေါ်တွင် ငါးရုပ် ဘုရင်ရုပ်၊ကနုတ်ပန်း အိမ်မြှောင် ရုပ် ၊ ဝဲဘက်လက်မောင်းတွင်ပန်းပွင့်များပါသော ကနုတ်ပန်းများ၊ ကျောကုန်းတွင် ငှက်ရုပ်နှင့် နဂါးရုပ်၊ ခြေသလုံး တွင် အင်းကွက်ပုံ သဏ္ဏာန် ဆေးမင်ကြောင်များထိုးထားကြောင်း သိရှိရသည်။

စက်တင်ဘာ ၂၉ ရက်နေ့ကလည်း နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိမြို့နယ်၊ ဂျန်းရှင်း ဈေးဝယ်စင်တာအနီး သံတမန် အိမ်ရာ စီမံကိန်း နယ်မြေအတွင်း သမီးရည်းစားစုံတွဲကို လူ ၄ ယောက်က မုဒိန်းပြုကျင့်၊ သတ်ဖြတ်မှု ဖြစ်ပွားခဲ့သေးသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List