Wednesday, October 07, 2015

RCSS/SSAလက်မှတ်ထိုးဖို့ မသေချာသေးမှုနဲ့ NCA ရဲ့ တိုင်းရင်းသား ကိုယ်စားပြုမှု ဘာလဲ ဘယ်လဲ


အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားဆွေးနွေးပွဲမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့အတွက် လာမယ့် အောက်တိုဘာလ၁၅ ရက်နေ့မှာ နေပြည်တော်မှာရှိတဲ့ MICC (2) ခန်းမမှာ လက်မှတ်ရေးထိုးဖို့အတွက် သဘောတူညီနိုင်ခဲ့ကြပါတယ်။ 

သို့သော်လည်း အဖွဲ့က ခုနစ်ဖွဲ့ဖြစ်မလား ၊ ရှစ်ဖွဲ့ ဖြစ်မလား မသေချာသေးပါဘူး။ အစည်းအဝေး တက်ခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က လက်မှတ်ရေးထိုးဖို့ မသေချာသေးဘူးလို့ အစည်းအဝေးအပြီးမှာပဲ သတင်းမီဒီယာ အချို့ကို ဖြေဆိုခဲ့ပါတယ်။ ဆိုလိုတာက လက်မှတ်ထိုးဖို့နီးကပ်လာတဲ့ အချိန်အထိ တစ်ပါတည်း လက်မှတ်ရေးထိုးဖို့အတွက် မရေရာ မသေချာသေးဘူးလို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

RCSS အဖွဲ့ဘက်က အကြောင်းပြတာက ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမပြီးသေးတဲ့အတွက်ကြောင့် တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မချနိုင်သေးတာလို့ အကြောင်းပြထားတာလည်းတွေ့ရပါတယ်။ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ်လို့ ဆိုထားပြီး လက်ရှိအချိန်အထိ အဖွဲ့ ခုနစ်ဖွဲ့ကသာ လက်မှတ်ရေးထိုးဖို့ ရှိနေတာကတော့ ခေါင်းစဉ်နဲ့ စာချုပ်အပေါ် မေးခွန်းထုတ်စရာရှိနေချိန်မှာ အင်အားကြီး ရှမ်းလက်နက်ကိုင်အဖွဲ့ကပါ မရေရာဘူးလို့ ဆိုလာတာကြောင့် ခေတ်သစ်မြန်မာနိုင်ငံ ဖြစ်လာတဲ့ သမိုင်းကြောင်းနဲ့ ပြန်ပြီး စစ်ဆေးကြည့်ရှုကြည့်မယ်ဆိုရင်စာချုပ်ရဲ့ တိုင်းရင်းသား ကိုယ်စားပြုမှုအပေါ်မှာကို ပြန်ပြီးမေးခွန်းထုတ်ရတော့မှာဖြစ်ပါတယ်။

၂၁ ဖွဲ့မှာ ခုနစ်ဖွဲ့ပဲလား

အခုအချိန်အထိ လက်မှတ်ရေးထိုးဖို့ သေချာနေတဲ့ အဖွဲ့ ခုနစ်ဖွဲ့ကတော့ ကေအန်ယူ ကရင်အမျိုးသားအစည်းရုံးအပါဝင် ၊ ဒီကေဘီအေ ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ စတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ ၊ တပ်ဖွဲ့ဝင်ဦးရေ အနည်းငယ်စီသာရှိတဲ့ ကျောင်းသားတပ်မတော် ABSDF ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP ၊ PNLO ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် စတဲ့အဖွဲ့တွေပဲ ဖြစ်ကြပါတယ်။ ကရင်၊ ချင်း ၊ ပအိုဝ်း ၊ ရခိုင် ၊ပအိုဝ်း၊ ကျောင်းသားဆိုတဲ့ သဘောကိုပဲ မြင်ရမှာပါ။ ကေအန်ယူကလွဲလို့ အင်အားကလည်း သိပ်ရှိကြတာ မဟုတ်ပါဘူး။ပြည်နယ် သတ်မှတ်ခံရပြီးသား တိုင်းရင်းသား မျိုးနွယ်စုအနေနဲ့ တွက်လိုက်မယ်ဆိုရင်တော့ ကရင် ၊ ရခိုင် ၊ ချင်း ဆိုတဲ့ သဘောမျိုးလည်း တွေ့ရပါတယ်။ ကျန်တဲ့ ကချင် ၊ ကယား (ကရင်နီ ) ၊ မွန် ၊ ရှမ်းစတဲ့ မျိုးနွယ်စုအမည်နာမနဲ့ ပြည်နယ်ရပြီးသား တိုင်းရင်းသားတွေ မပါဘူး။ ပါဖို့ မသေချာသေးဘူးဆိုတဲ့ သဘောမျိုး သက်ရောက်နေတာလည်းတွေ့ရပါ တယ်။ခေတ်သစ်မြန်မာနိုင်ငံကို ဖြစ်ပေါ်စေခဲ့တဲ့ ပင်လုံစာချုပ် ချုပ်ဆိုရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ကချင်နဲ့ ရှမ်း အဖွဲ့တွေကတော့ မပါဘူး ၊ မသေချာဘူးဆိုတဲ့ သဘောမျိုးသက်ရောက်နေတာလည်း တွေ့ရတဲ့ အတွက် တော်တော်လေးကို မေးခွန်းထုတ်စရာ ကောင်းလာပါတယ်။

ပင်လုံ ခဏခဏပြော ချင်းတစ်မျိုးတည်း သေချာသေး

နိုင်ငံတော်သမ္မတ အနေနဲ့ မကြာခဏ မိန့်ခွန်းပြောကြားခဲ့ရာမှာ ပင်လုံကဲ့သို့ ညီလာခံတို့ ပင်လုံစိတ်ဓာတ်နဲ့အညီ ၊ ဖက်ဒရယ်တို့ ဆိုတဲ့ အသုံးနှုန်းတွေ မကြာခဏ သုံးနှုန်းခဲ့တာတွေ့ရပေမယ့် အပစ်ခတ်ရပ်စဲရေးမှာတောင် ပင်လုံစာချုပ်ကို အဓိက လက်မှတ်ထိုးတဲ့ တိုင်းရင်းသား မျိုးနွယ်စု ကချင် ၊ ရှမ်း ၊ ချင်း သုံးစုထဲက ချင်း တိုင်းရင်းသားတွေသာ ပါဝင်ဖို့ အသင့်ဖြစ်နေတာက တော်တော်ကို မသင့်လျော်တဲ့ ကိစ္စလို့ ဆိုရမှာဖြစ်ပါတယ်။ အခြား အစဉ်အလာနဲ့ မျိုးနွယ်စု တည်ရှိမှုအရ ဗမာလူမျိုးထက်တောင်စောတယ်လို့ ပြောနိုင်တဲ့ မွန်လူမျိုးတွေကို ကိုယ်စားပြုတယ်လို့ဆိုနိုင်တဲ့ မွန်ပြည်သစ်ကလည်း အောက်တိုဘာလ ၁၅ ရက်နေ့ လက်မှတ်ထိုးပွဲမှာ ပါဝင်မှာ မဟုတ်သေးသလို ၊ လွတ်လပ်ရေးမရခင်အထိ သူ့ဘာသာသူ လွတ်လပ်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအဖြစ်တည်ရှိနေခဲ့တဲ့ ကရင်နီ ( ကယား ) တွေကလည်း လက်မှတ်ထိုးဖို့ အသင့်မဖြစ်သေးပါဘူး။

လူဦးရေများပြီး အကြီးဆုံးပြည်နယ်ဖြစ်တဲ့ ရှမ်းပြည်နယ်ကို ကြည့်ပြန်ရင်လည်း နဂိုကတည်းက တန်းတူရေးတောင်းဆိုမှု ခေတ်ဦးကတည်းက ပေါက်ဖွားလာတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA/SSPP က အားလုံးပါဝင်မှ လက်မှတ်ရေးထိုးမယ်လို့ ဆိုထားသလို အခု လက်မှတ်ထိုးဖို့ မရေရာဖြစ်လာတဲ့ RCSS/SSA ကလည်း လတ်တလောဖြစ်လာတဲ့ နယ်မြေ တည်ရှိမှု ပြသ၁နာတွေအပေါ်မူတည်ပြီး အဲဒါတွေ ဖြေရှင်းပြီးမှ စဉ်းစားသွားမယ်လို့ ဆိုလာပါတယ်။

RCSS နဲ့ လတ်တလော ပြသ၁နာ

RCSS/SSA ကတော့ အစိုးရတက်လာစကတည်းက တစ်လျှောက်လုံး ပြေလည်သယောင်ရှိခဲ့ပေမယ့် အခုစာချုပ်ချုပ်ဆိုခါနီးမှာတော့ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲအချို့ ပြန်လည်ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ ရှမ်းပြည်နယ် တောင်ပိုင်း နေရာအနှံ့မှာ ရှိနေတဲ့ သူ့ရဲ့ တပ်တွေကို အခုလို စာချုပ်ချုပ်ခါနီးမှာမှ စစ်တပ် ဘက်ကနေ သံလွင်မြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ မိုင်းထားဆိုတဲ့ ဒေသဘက်ကို ရွှေ့ခိုင်းတာကနေ စတင်ခဲ့တာပဲဖြစ်ပါတယ်။ RCSS နဲ့ အပစ်ရပ်စဉ်ကတည်းက မိုင်းထားဒေသမှာ အခြေချဖို့ RCSS ကိုခွင့်ပေးမယ်လို့ ဆိုထားခဲ့ပေမယ့် တရားဝင်ပေးခဲ့တာ မဟုတ်တဲ့အပြင် နောက်ပိုင်းမှာတော့ အဲဒီမိုင်းထားဒေသကို “၀” တပ်ဖွဲ့တွေက နေရာဝင်ယူထားတာတွေ ရှိလာတာကြောင့် RCSS အနေနဲ့ အဲဒီဒေသကို ပြန်ဆုတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ရှမ်းပြည်နယ်အနှံ့က အင်အားသောင်းနဲ့ချီတဲ့ RCSS တပ်တွေအနေနဲ့ အဲဒီမိုင်းထားဆိုတဲ့ နေရာလေးမှာပဲ သွားနေဖို့ ဆိုတာက လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စပါ။ တစ်ဖက်မှာလည်း အရင်အစိုးရ လက်ထက်က အစိုးရရဲ့ မြှောက်ပင့်ပေးမှုကြောင့် ဆယ်စုနှစ် တစ်စုလောက် “၀” တပ်ဖွဲ့နဲ့ တိုက်ခဲ့ရတဲ့ RCSS/SSA အနေနဲ့ “၀” နဲ့ ပြသ၁နာ ထပ်ဖြစ်မှာကိုလည်း လိုလားဟန် မရှိပါဘူး။ သောင်းနဲ့ချီတဲ့ ရှမ်းပြည်နယ်အနှံ့က RCSS တပ်တွေကို မိုင်းထား တစ်နေရာမှာပဲ နေခိုင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ RCSS ဘက်က ဆိုထားပါတယ်။ အခုရေးဆွဲထားတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ်ရဲ့ အားနည်းချက်ကလည်း အဲဒါပါပဲ ။ နယ်မြေသတ်မှတ်မှု ၊ တပ်ဖွဲ့တွေနေရမယ့်နေရာ လိုက်နာရမယ့်စည်းကမ်းတွေ မသတ်မှတ်ရသေးဘဲ အရင်လက်မှတ်ထိုးဖို့ လုပ်နေတာပါ။ နိုင်ငံတကာမှာတော့ နယ်မြေသတ်မှတ်မှု စည်းကမ်းတွေကအစ ကျေလည်ပြီဆိုမှ လက်မှတ်ထိုးကြတာများပါတယ်။

ခေတ်သစ်ကမ္ဘာရဲ့ စံနှုန်း Indigenous Rights

နောက်ပိုင်း နိုင်ငံတကာမှာ မျိုးနွယ်စု အခွင့်အရေးဆိုင်ရာ ပဋိပက္ခတွေ ဖြစ်ရှင်းရာမှာဖြစ်စေ ၊ ဖက်ဒရယ်စနစ်ကို သွားရာမှာဖြစ်စေ သမိုင်းတစ်လျှောက် အခြေချ နေထိုင်လာတဲ့ မူရင်းမျိုးနွယ်စု ဆိုင်ရာ အခွင့်အရေး Indigenous rights နဲ့ တိုင်းတာပြီး ဆုံးဖြတ်ကြပါတယ်။ နယူးဇီလန်နိုင်ငံမှာဆို နိုင်ငံလူဦးရေရဲ့ အနည်းစုဖြစ်တဲ့ ( မူရင်း ဒေသခံ ဖြစ်တဲ့ ) မာအူရီ လူမျိုးတွေအတွက် နယ်မြေနဲ့ လွှတ်တော်အစုအဖွဲ့ ခွဲဝေမှုမှာ နစ်နာမှု မရှိအောင် သတ်မှတ်ပေးထားပါတယ်။ Indigenous rights ဆိုတာက မျိုးနွယ်စုအလိုက် လွတ်လပ်တဲ့ နိုင်ငံအဖြစ်က ခွဲထွက်ထူထောင်ခြင်း ဆိုတာထက် တစ်ဆင့်နိမ့်ပြီး တန်းတူရပိုင်ခွင့် ၊ ပြဋ္ဌာန်းခွင့် အခွင့်ရေး အပြည့်အ၀ရှိတဲ့ အဆင့်ကို ဆိုလိုတာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာတောင် အရှေ့မြောက်ဒေသက မီဇိုရမ် သူပုန်တွေအပါအ၀င် မျိုးနွယ်စု လက်နက်ကိုင် အချို့တွေနဲ့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့ ကြိုးစားရာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြင် မျိုးနွယ်စုတွေရဲ့ ပျံနှံ့ နေထိုင်မှုကို လိုက်ပြီး နယ်မြေသတ်မှတ်မှုလို အခွင့်ရေးတွေအထိ လိုက်လျောပေးခဲ့ပြီးအောင်မြင်မှု ရခဲ့တာတွေ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အစကတည်းက မျိုးနွယ်စုပေါင်းစုပါဝင်နိုင်တဲ့ တပ်မတော် ဖွဲ့စည်းမှု ပုံစံကြောင့်လည်း အိန္ဒိယအစိုးရနဲ့ မျိုးနွယ်စုအချို့အကြားပဋိပက္ခတွေက ပြေလည်မှုရခဲ့တာပါ.။ အခုထိ တိုက်နေတဲ့ အဖွဲ့အချို့ရှိပေမယ့် အဲဒီအဖွဲ့တွေက ခွဲထွက်ရေးအထိတောင်းဆိုနေတာကြောင့်လည်း ကျန်ရှိနေတာပါ။ မြန်မာနိုင်ငံကိုလာခဲ့ဖူးတဲ့ မီဇို တပ်ဦး သူပုန်ခေါင်းဆောင်ဟောင်း ပူလ်းဇရမ်ထာဆိုရင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ခဲ့တာတောင် ကြာသွားပါပြီ။ တောင်အာဖရိကလို နိုင်ငံတွေမှာလည်း မျိုးနွယ်စုတချို့နဲ့ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေမှာအဲဒီလိုစံနှုန်းတွေနဲ့ပဲ အောင်မြင်မှု ရခဲ့တာပါ။သဘောက အပစ်ရပ်ပြီး နောက်ပိုင်း တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ လက်နက်ကိုင်တွေရဲ့ တည်ရှိမှုအပေါ်မူတည်ပြီး နယ်မြေကို မရပ်ခင်ကတည်းက သတ်မှတ်ပေးခဲ့ ပြီးမှနိုင်ငံရေးအရ ဆက်သဘောတူနိုင်တဲ့အထိ သွားခဲ့တာမျိုးတွေပါ။ နိုင်ငံရေးအရ သဘောမတူခင်စပ်ကြား နယ်မြေသတ်မှတ်မှုတွေမှာ သမိုင်းကြောင်းအစဉ်အလာ ၊ မျိုးနွယ်စုပျံ့နှံ့တည်ရှိမှုနဲ့ နယ်မြေ တစ်ဆက်တစ်စပ်တည်း တည်ရှိမှုစတဲ့ UNESCO Division of Human Rights, Democracy and Peace ဆိုတဲ့ ပဋိဥာဉ်ပါ အချက်တွေအပေါ် မူတည်ဆုံးဖြတ်ပေးတာပါ။ အဲဒီစံနှုန်းက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေမှာ ပါဝင်တဲ့ စံနှုန်းတစ်ရပ်လည်း ဖြစ်ပြီး မျိုးနွယ်စု အခွင့်ရေးနဲ့ ပဋိပက္ခဆိုင်ရာ ကိစ္စရပ်တွေမှာ အသုံးများတဲ့ စံနှုန်းလည်း ဖြစ်ပါတယ်။

အဲဒီ စံနှုန်းတွေအရဆိုရင် ဗမာလူမျိုးများသည်ပင်လျင် တိုင်းရင်းသားဟု ဆိုနိုင်သော်လည်း ပြည်နယ်ဒေသများတွင် မူလအစဉ်အဆက် နေထိုင်လာသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ အခွင့်အရေးကို မရထိုက်ဘူးလို့ ဆိုနိုင်ပါတယ်။ ပြည်မမှာတော့ သူတို့အခွင့်ရေးသူတို့ ရထိုက်ပါတယ်။ ဖက်ဒရယ်ရဲ့ အခြေခံလို့လည်း ဆိုနိုင်ပါတယ်။

အဲဒီ Indigenous rights အရ ဆိုရင် ရှမ်းတွေ မျိုးနွယ်စု အမည်နာမနဲ့ ပြည်နယ်ရထားသော်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တန်းတူအခွင့်ရေးမရသေး ချိန်မှာ သူ့ပြည်နယ်အတွင်းက သယံဇာတတွေကို ထုတ်ယူ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ရပ်တည်ရေးလက်နက်တပ်ဆင်ရေးအတွက် အသုံးချပြီး သူတို့ တန်းတူအခွင့်ရေးအတွက် တိုက်ပွဲဝင်တာကို မတရားဘူးလို့ ပြောလို့ မရနိုင်ပါဘူး။ အလားတူ သစ်ခုတ်တာ မကောင်းပေမယ့် ကချင်ပြည် နယ်အတွင်းက သစ်တွေကို ကေအိုင်အိုက ခုတ်ပြီး တန်းတူအခွင့်ရေးအတွက် တိုက်ပွဲဝင်တာကိုလည်း မတရားဘူးလို့ ပြောဖို့က စံနှုန်းအရ ဆိုရင်ခက်ပါ တယ်။ သူတို့မျိုးနွယ်စုတွေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရပြီးပြီ သူတို့ပြည်နယ် ကို သူတို့ အုပ်ချုပ်ခွင့် သို့မဟုတ် သူတို့ဝန်ကြီးချုပ်ကို သူတို့ရွေးချယ်ခွင့် သဘာဝ သယံဇာတ ခွဲဝေခွင့် အပါအ၀င် အခြားတန်းတူအခွင့်ရေးရပြီးမှ သစ်ဆက်ခိုးထုတ်နေတယ် ၊ ဆက်ကြေးဆက်ကောက်နေတယ်ဆိုရင်တော့ မတရားဘူးလို့ ဆိုနိုင်ပါတယ်။ ကချင်ပြည်နယ်ထဲက ကျောက်စိမ်းတွေ ဒီဘက်က တစ်သက်လုံးသွားထုတ်နေပြီး ၂၀၁၃ ခုနစ်လောက်အထိ မြစ်ကြီးနားမြို့ လျှပ်စစ်မီးကအစ ကေအိုင်အိုက ပေးနေရတာ ၊ မြစ်ကြီးနား မန္တလေး ကားလမ်းမကောင်းတာတွေကတော့ တန်းတူအခွင့်ရေးအရကြည့် ရင်ကို တော်တော်ရုပ်ဆိုးပါတယ်။

တိုင်းရင်းသားပြည်နယ်တွေမှာ နှစ်ရာပေါင်းများစွာ အစဉ်တစိုက် အခြေစိုက် နေထိုင်လာခဲ့ကြတဲ့ ဒေသခံတိုင်းရင်းသားတွေအနေနဲ့ ရေမြေ၊ တောတောင် နဲ့ သဘာဝပတ်ဝန်းကျင်များအား ၄င်းတို့သာလျှင် အဓိက ပိုင်ဆိုင်စီမံခန့်ခွဲ ခွင့်ရှိတယ် ၊ အဲဒါဟာ သူတို့ရဲ့ စုပေါင်းအခွင့်အရေး သာမက ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်လည်း ဖြစ်တယ်ဆိုတဲ့ အမြင်ကို ရှင်းလင်းစွာလက်ခံလိုက်ရင် ပြည်တွင်း စစ်ချုပ်ငြိမ်းရေးနဲ့ တိုင်းရင်းသား တန်းတူရေးက သိပ်မခက်လောက်ပါဘူး။ နိုင်ငံတကာ ဥပဒေ အခြေခံစံနှုန်းများနဲ့လည်း ကိုက်ညီမှာဖြစ်ပါတယ်။

အခုလတ်တလော RCSS/SSA ကိစ္စကို ကြည့်မယ်ဆိုရင်ပဲ ရှမ်းတိုင်းရင်းသား တွေနဲ့ ဖွဲ့စည်းထားတဲ့ သူတို့ရဲ့တပ်တွေအနေနဲ့ သူတို့တိုင်းရင်းသားတွေ အဓိက နေထိုင်တဲ့ နယ်မြေတွေမှာသာ အခြေချလိုတဲ့ အခြေနေမျိုးဖြစ်နေ တာပါ။သူ့တပ်တွေနေနေတဲ့ နေရာတော်တော်များများကလည်း ရှမ်းစကား မတတ်ရင်တောင် သွားဖို့ မလွယ်တဲ့ မြို့နယ်တွေ ကျေးရွာတွေနားမှာ ရှိနေတာပါ။ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ သမိုင်းကို ပြန်ကြည့်ရင် လက်နက်ကိုင်ထားမှု ဆိုတာက ကိုယ့်မျိုးနွယ်စု လုံခြုံရေးကအစပါတယ်ဆို တာလည်း မမေ့သင့်တဲ့ အရာပါ.။ကချင်လည်း ဒီလိုပဲ ဖြစ်မှာဖြစ်သလို မွန်လည်း ဒီလိုပဲ ဖြစ်မှာပါပဲ။ ဒါကြောင့်လည်း မယုံကြည်မှုကတစ်ဆင့် ဖက်ဒရယ်တပ်မတော်ဆိုတာမျိုးတွေအထိ တောင်းနေတာပဲ ဖြစ်ပါလိမ့်မယ်။

ဗိုလ်ချုပ်ခေတ်ရဲ့ ပင်လုံနဲ့ မေးခွန်းထုတ်စရာ လက်ရှိခေတ်ရဲ့ NCA

ဗိုလ်ချုပ်အောင်ဆန်းကတော့ ဗမာတစ်ကျပ်ရရင်ရှမ်းလည်း တစ်ကျပ်ရစေ ရမယ်၊ ဘယ်သူမှ မနစ်နာစေရဘူး၊ ဗမာကျွန်လည်း မဖြစ်စေရဘူး၊ လုံခြုံမှု လည်း ရှိစေရမယ် ဆိုလို့ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့တာပါ။သူရှိနေတုန်းလည်း အခြေခံ ဥပဒေမှာကအစ ပင်လုံမူတွေပါနိုင်အောင် လက်တွေ့လည်း ကြိုးစား ပြခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ရော တပ်ချုပ်ကပါ ငြိမ်းချမ်းချင်တယ်လို့သာ ပြောနေပါတယ်။ တကယ့် အခြေခံ တိုင်းရင်းသား အခွင့်ရေးတွေအတွက် လိုက်လျောပေးဖို့တော့ မေ့နေပုံပါပဲ။ ပိုဆိုးတာက အပစ်ခတ်ရပ်စဲရေးမှာ ခုနစ်ဖွဲ့လောက်ပဲ ပါဖို့ သေချာနေတဲ့အပြင် လက်မှတ်မထိုးဘဲ ကျန်နေခဲ့တဲ့ အဖွဲ့တွေထဲက တော်တော်များများက တချို့ဆို အင်အားသောင်းနဲ့ချီ ရှိပြီး တိုင်းရင်းသားကိုယ်စားပြုမှု သက်ဆိုင်ရာ မျိုးနွယ်စု လူထုထောက်ခံမှုများတဲ့ လက်နက်ကိုင်အဖွဲ့တွေအများစု ဖြစ်နေတာပါပဲ။ တကယ်လို့ RCSS/SSA သာမပါခဲ့ရင် NCA မှာ ရှမ်းတိုင်းရင်းသား ကိုယ်စားပြုမှုတစ်စက်မှပါလာတော့ မှာ မဟုတ်သလို ကရင် ၊ ချင်း ၊ ရခိုင် (ရခိုင်က တပ်ဖွဲ့ဟုတ်တိပတ်တိ မရှိ၊ တခြားအဖွဲ့တွေ ကျန်နေ) ပအိုဝ်း၊ ( ပအိုဝ်းကလည်းတပ်ဖွဲ့ တစ်ရာလောက် သာရှိ) နဲ့ ကျောင်းသား တပ်မတော်ဆိုတဲ့ အနေထားလောက်ကိုသာ တွေ့မြင် ရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူဦးရေများတဲ့ တိုင်းရင်းသားမျိုးနွယ်စုဖြစ်တဲ့ ရှမ်းလက်နက်ကိုင်တွေသာ တစ်ဖွဲ့မှ မပါတော့ရင်တော့ မျိုးနွယ်စု ကိုယ်စားပြု မှုအရ ပိုပြီး မေးခွန်းထုတ်စရာ ဖြစ်လာမယ့် NCA လို့သာဆိုလိုက်ချင်ပါတယ်။

The Ladies News Journal

No comments:

Post a Comment

My Blog List