လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိလျှင် အစိုးရသစ်တစ်ရပ် အနေနှင့် တစ်နိုင်ငံလုံးကို ပြတ်ပြတ်သားသား အုပ်ချုပ်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ကချင်ပြည်နယ်အတွင်း မဲဆွယ်စည်းရုံးရေး၏ တတိယမြောက်နေ့ မိုးညှင်း လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျွန်မတို့ မဲနိုင်ပြီး အစိုးရတက်ရင် ပြတ်ပြတ်သားသား အစိုးရဖွဲ့မယ်။ ပြည်သူရဲ့အာဏာကြောင့် အစိုးရဖြစ်တာ။ အစိုးရဆိုတာ အထက်မှာပဲရှိတယ်။ အထက်မှာနေပြီးမှ ပြည်သူတွေကို အနိုင်ကျင့်ဖို့ မဟုတ်ဘူး။ အစိုးရဆိုတာ ပြည်သူက တင်မြှောက်တဲ့အတွက်ကြောင့် ပြည်သူတွေ မကြိုက်ရင် အချိန်မရွေး ဆင်းပေးမယ်” ဟု ၎င်းက ဆိုသည်။
ထို့အတူ ယခုအချိန်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ များပြားလာသော်လည်း နှစ်ပေါင်းသုံးဆယ်ကျော် တိုင်းရင်းသားလူမျိုးများ လိုလားသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အတွက် ကြိုးပမ်းလုပ်ဆောင်လာခဲ့သော ပါတီမှာ NLD ပါတီ တစ်ခုတည်းသာ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
NLD ပါတီသည် ဗမာပါတီ ဖြစ်သည်ဟု ဝါဒဖြန့်သူများ ရှိနေခြင်းကြောင့် ပြည်သူများအနေနှင့် သန့်ရှင်းသောအစိုးရသစ်ကို ရွေးချယ်တင်မြှောက်လိုပါက ပါတီအလံကို ကြည့်ပြီး မဲပေးကြရမည်ဖြစ်ပြီး ဝါဒဖြန့် မဲဆွယ်မှုများကို မယုံကြည်ရန် ၎င်းက တိုက်တွန်းပြောဆိုသည်။
“ရွေးကောက်ပွဲနီးမှ အပြောကောင်းတဲ့သူကို မယုံနဲ့။ ကျွန်မတို့ကတော့ ရှင်းရှင်းပဲ။ အစိုးရဖြစ်ချင်လို့ ရွေးကောက်ပွဲဝင်တယ်။ အစိုးရဖြစ်မှ အားလုံးကို ကိုင်တွယ်နိုင်မှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ပြည်သူလူထု ရွေးကောက်တင်မြှောက်လိုက်သော NLD ပါတီ ကိုယ်စားလှယ်လောင်းများ ပြည်သူလူထု၏ အကျိုးကို ချိုးဖောက်ခြင်းများနှင့် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်နေလျှင် အရေးယူပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
(ရန်ကောင်း)
The Voice Weekly
No comments:
Post a Comment