Monday, October 05, 2015

ငြိမ်းချမ်းရေးအလင်းရောင်လမ်းနဲ့ ဆန့်ကျင်ဘက်အမှောင်လမ်းကို ရွေးခဲ့ကြသူတို့ရဲ့ မတူညီသော လားရာ


ငြိမ်းချမ်းရေးဆိုတဲ့ အလင်းရောင်ကိုလိုချင်တပ်မက်သူတွေကတော့ NCA လက်မှတ်ရေးထိုးဖို့ နေပြည်တော်ကို ရောက်နေကြပါပြီ။ သူတို့ပြည်နယ် နဲ့သူတို့ တိုင်းရင်းသားပြည်သူတွေအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ခဲ့ သလို ငြိမ်းချမ်းရေးပန်းခင်းလမ်းမှာ လျှောက်လှမ်းရတော့မှာမို့ ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရရှိလာတော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ရှည်ကြာခဲ့တဲ့ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်တဲ့ လက်နက်ကိုင် ၈ ဖွဲ့ရဲ့ စိတ်ဓာတ်ကိုမဖြစ်မနေ ချီးကျူးရမှာဖြစ်ပါတယ်။ NCA လက်မှတ်ထိုးဖို့ရောက်ရှိလာတဲ့ လက်နက်ကိုင်အဖွဲ့တွေ ကတော့ KNU ၊ KNU/ KNLA-PC၊ KKO ၊ RCSS/SSA၊ ABSDF ၊ PNLO ၊ ALP နဲ့ CNF တို့ဖြစ်ကြပါတယ်။ အဲဒီအဖွဲ့တွေရဲ့ လုပ်ရပ်ဟာဒေသခံပြည်သူတွေ မျှော်လင့်စောင့်စားခဲ့ရတဲ့ ငြိမ်းချမ်းခြင်းအရသာကို အပြည့်အ၀ ရရှိခံစားရတော့ မယ့် လက္ခဏာဖြစ်ပါတယ်။
အထူးသဖြင့် ကရင်လက်နက်ကိုင် ၃ ဖွဲ့ရဲ့ ပြတ်သားတဲ့စိတ်ဓာတ်ကို ထပ်ပြီးချီးကျူးရမှာဖြစ်ပါတယ်။ ဟိုး အတိတ်ဆီက ကရင်ပြည်နယ်နေရာအနှံ့အပြားမှာ တိုက်ပွဲသံတွေဆူညံခဲ့တယ်။ သေနတ်သံ၊ ဗုံးသံ၊ မိုင်းကွဲ သံတွေနဲ့အတူ ယမ်းခိုးယမ်းငွေ့တွေကြားထဲမှာ ဒေသခံပြည်သူတွေကျီးလန့်စာစားဘ၀နဲ့ ပြေးလွှားပုန်းရှောင်ခဲ့ရ တယ်။ အခြားဒေသတွေထက် နှိုင်းယှဉ်ရင် ကရင်ပြည်နယ်ဟာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအစစ အရာ ရာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့တာအမှန်ပါပဲ။ ဒါတွေကို ကရင်လက်နက်ကိုင်ခေါင်းဆောင်တွေက အမြင်မှန် အတွေးမှန်စွာ သုံးသပ်နိုင်ခဲ့ကြတဲ့အတွက် ၂၀၁၅ ခုနှစ်ကစလို့ ကရင်ပြည်နယ်တစ်ခွင်ငြိမ်းချမ်းရေးတေးသံတို့ ပျံ့လွင့်ပြီး ဖွံ့ဖြိုးစည်ပင်လာတော့မှာပဲဖြစ်ပါတယ်။ အလားတူ PNLO အခြေစိုက်တဲ့ ပအိုဝ့်ဒေသ၊ ALP အခြေ စိုက်တဲ့ ရခိုင်ပြည်နယ်၊ CNF အခြေစိုက်တဲ့ ချင်းပြည်နယ်တွေမှာလည်း ဖွံ့ဖြိုးမှုတွေမြင်ရတော့မှာပဲ ဖြစ်ပါတယ်။

အမြင်မှန်စွာနဲ့ NCA လက်မှတ်ထိုးတဲ့ လက်နက်ကိုင်တွေရှိသလို အမြင်မှားအတွေးမှားစွာနဲ့ လက်မှတ်မထိုးတဲ့ လက်နက်ကိုင်တွေရှိနေပါတယ်။ ငြိမ်းချမ်းရေးအလင်းရောင်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမှောင်လမ်းကို ရွေးချယ် ခဲ့သူတို့လားရာဟာ ဒုက္ခသုက္ခတွေနဲ့ ဆီးကြိုနေပါတယ်။ NCA မှာလက်မှတ်မထိုးရခြင်းရဲ့ဆင်ခြေကို UNFC က ကြေညာချက်ထုတ်ပြန်ခဲ့သလို KIA ဒုခေါင်းဆောင်ဂွမ်မော်ကလည်း ဧရာဝတီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ဖြေကြားထားတာ တွေ့ရပါတယ်။ ဘယ်လိုဆင်ခြေတွေပေးပေး၊ NCA ကို လက်မှတ်မထိုးဘူး ဆို ကတည်းက ငြိမ်းချမ်းရေးမလိုချင်လို့ပါ။ တစ်နည်းအားဖြင့် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်ဘဲ အစိုးရကို အမြဲတမ်းဆန့်ကျင်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တဲ့သဘောပါပဲ။ ဒီမိုကရေစီအစိုးရအဖြစ် တက်လှမ်းလာချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရဘက်က လက်နက်ကိုင်တွေကို နွေးထွေးစွာ ဖိတ်ခေါ်ဆွေးနွေးခဲ့တာပါ။

အစိုးရဘက်က UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က NCCT တို့ကိုဖွဲ့စည်းပြီး NCA ကိစ္စ ဆွေးနွေးခဲ့ကြတာပါ။ လက်နက်နဲ့ အနိုင်ကျင့်ခြိမ်းခြောက်ပြီး လက်မှတ်ထိုးခိုင်းခဲ့တာမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် ပွင့်လင်းမြင်သာစွာ တွေ့ဆုံဆွေးနွေး အဖြေရှာခဲ့ကြတာပါ။ UPWC နဲ့ NCCT တို့ရဲ့ တွေ့ဆုံညှိနှိုင်းပွဲတွေဟာ တရားဝင် (၇)ကြိမ်၊ အလွတ်သဘောအကြိမ် (၂၀)ကျော်ပြုလုပ်ခဲ့ပြီး ၁၇ လ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇွန်လမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က NCCT အစား SD အဖွဲ့ထပ်မံဖွဲ့စည်းပြီး NCA အပြီး သတ်နိုင်ရေး ၄ လကြာ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့မှာတော့ တိုင်းရင်း သားလက်နက်ကိုင်တွေဘက်က ကြီး ၅ ကြီးနဲ့ SD ကိုယ်စားလှယ် ၃ ဦး၊ ပေါင်း ၈ ဦးအဖွဲ့ဟာ သမ္မတနဲ့ နေပြည်တော်မှာ NCA ကိစ္စဆွေးနွေးခွင့်ရခဲ့ပြန်ပါတယ်။ နိုင်ငံတော်သမ္မတက လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ ကို အောက်တိုဘာလထဲမှာ NCA လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က မူမမှန်တဲ့လုပ်ရပ်တွေကိုတွေ့ရပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ချင်းမိုင်မှာ လက်နက်ကိုင်အဖွဲ့တွေ NCA လက်မှတ်ထိုးရေး တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ ၈ ဖွဲ့ကသာ လက်မှတ်ထိုးမယ်လို့ ပေါ်ထွက်လာပြီး ကျန်တဲ့အဖွဲ့တွေကတော့ အကြောင်း အမျိုးမျိုးပြပြီး ရူးချင်ယောင်ဆောင် သွားကြပါတယ်။ လက်မှတ်မထိုးတဲ့ လက်နက်ကိုင်တွေရဲ့ မရိုးသားတဲ့ လုပ်ရပ်ဟာ ဒေသခံပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ လပေါင်းများစွာ ဆွေးနွေးလာခဲ့တဲ့ NCA ကို လက်မှတ်မထိုးသလို SD အဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ လက်နက်ကိုင် တစ်ဖွဲ့ချင်း ဆုံးဖြတ်ရမယ့်ကိစ္စကို KIO/KIA က ဆရာကြီးလုပ်ပြီး MNDAA, TNLA နဲ့ AA တို့ မပါတဲ့အတွက် မထိုးဘူး လုပ်ပါတယ်။ သူလုပ်သလို တခြားအဖွဲ့တွေကိုလည်း စည်းရုံးပါတယ်။ လက်မှတ်ထိုးမယ့် ၈ ဖွဲ့ကလွဲရင် ကျန် အဖွဲ့တွေဟာ KIO/KIA ရဲ့ လူလည်ကျမှုအောက်မှာ ကျရှုံးခဲ့ရတာဖြစ်ပြီး ထိန်းချုပ်ကြိုးကိုင်မှုလည်း ခံရတော့မှာ ဖြစ်ပါတယ်။

အမှောင်လမ်းကို လျှောက်လှမ်းသူတို့ရဲ့ရလဒ်က ဘာဖြစ်လာမလဲ။ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီး ဒေသခံတွေ စစ်ပြေးဒုက္ခသည်ဖြစ်ရုံကလွဲလို့ ဘာအကျိုးမှမရှိပါဘူး။ အခုကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်နဲ့မြောက်ပိုင်း တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဒါကို ဂွမ်မော်က NCA မှာ KIO/KIA လက်မှတ်မထိုးလို့ အစိုးရက စစ်ရေးအရ ဖိအားပေးတာလို့ ပြောသွားသေးတယ်။ ပြန်ခုခံမယ်ဆိုပြီး ပြောသွားတာဟာ အစိုးရကို စိန်ခေါ်တာနဲ့ အတူတူပါပဲ။ ဘဏ်ဆက်ကြေးကောက်တာမရတော့ ဗုံးခွဲ၊ သစ်ခိုးဂိုဏ်းတွေဆီက ငွေယူပြီး နိုင်ငံ့သစ်တော သယံဇာတတွေရောင်းစား၊ လမ်း/တံတားတွေကို မိုင်းခွဲ၊ ပြည်သူတွေနဲ့ ခရီးသွားယာဉ်တွေဆီက ဆက်ကြေး ကောက်၊ ဒေသခံတွေကို အတင်းအကြပ်ဖမ်းပြီး လူသစ်စု စစ်သင်တန်းတက်ခိုင်း၊ ရွာတွေအနီးမှာ မိုင်းတွေ ထောင်ထားလို့ မိုင်းနင်းမိပြီး သေဆုံးဒဏ်ရာရတဲ့သူတွေလည်းမနည်းတော့ပြီ၊ တိုင်းရင်းသားဒေသတွေမှာ ဘာကောင်းကျိုးတစ်ခုမှ မလုပ်တဲ့ သူပုန်တွေက အခု အမှောင်လမ်းကို ပြန်လျှောက်မယ်ဆိုတော့ ပိုဆိုးလာဖို့ပဲ ရှိတော့တယ်။ အလင်းရောင်လမ်းက လက်နက်ကိုင်တွေ အေးချမ်းစွာနဲ့ နေထိုင်ချိန်မှာ အမှောင်လမ်းက လက်နက်ကိုင်တွေကတော့ ခွေးပြေးဝက်ပြေး ပြေးနေရမယ်ဆိုတာ ကြိုမြင်နေရပါတယ်။ ကိုယ်ရွေးတဲ့လမ်း အတိုင်း လားရာတွေကလည်း ခြားနားသွားမှာဖြစ်ပါတယ်။ မူတူးစေးဖိုး ဦးဆောင်တဲ့အလင်းရောင်လမ်းလျှောက် လှမ်းမယ့်သူတွေဟာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့သလို အင်ဘန်လ ဦးဆောင်တဲ့ အမှောင်လမ်းလျှောက်လှမ်းမယ့် သူတွေကလည်း ငြိမ်းချမ်းရေး မလိုလားတဲ့ တရားခံများအဖြစ် နာမည်ဆိုးနဲ့ သမိုင်းတွင် ကျန်ရစ်နေတော့မှာ ဖြစ်တဲ့အကြောင်း ရေးသားလိုက်ရပါတယ်။

ဇော်လင်းသန့်
နေ့စဉ်သတင်း

No comments:

Post a Comment

My Blog List