Friday, October 09, 2015

နိုင်ငံလုံးချီ အပစ်ရပ် လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အောက်တိုဘာ ၁၂ရက်နေ့တွင် မတရားအသင်းမှ ပယ်ဖျက်မည်


တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို အောက်တိုဘာ ၁၂ရက်နေ့တွင် မတရားအသင်းအဖြစ်မှပယ်ဖျက်ကြောင်းကြေငြာမည်ဟု မြန်မာငြိမ်းချမ်း ရေးစင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

“ဝန်ကြီးဦးအောင်မင်းကတော့ ၁၂ရက်နေ့မှာ လက်မှတ်ထိုးမယ့် အဖွဲ့တွေကို မတရားအသင်းက ပယ်ဖျက်ဖို့ ပြင်ဆင်နေတာရှိတဲ့အတွက် ကျွန်တော်တို့ မျှော်လင့်ထားတာကတော့ အဲ့ဒီနေ့မှာပဲ ထုတ်ပြန်မယ်လို့ထင်တယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

၁၉၀၈ခုနစ် အိန္ဒိယ ဥပဒေ ၁၄ ဖြစ်သော မတရားအသင်းများ အက်ဥပဒေအောက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အစိုးရက ထည့်သွင်းထားခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား သဘောတူထားသည့် NCA သဘောတူစာချုပ်အခန်း ၆ အပိုဒ်၂၄ ၌ NCA စာချုပ် လက်မှတ်ရေးထိုးသည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို မတရားအသင်း ကြေညာထားခြင်းမှ ပယ်ဖျက်ပေးရန် ဖော်ပြထားသည်။

ထို့အပြင် NCA လက်မှတ်ရေးထိုးသူများနှင့် ပတ်သက်သည့် မည်သည့် ပုဂ္ဂိုလ် ၊အဖွဲ့အစည်းကိုမျှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရဖြစ်စေ၊ မတရားအသင်း အက်ဥပဒေအရဖြစ်စေ အရေးမယူရန်လည်း အဆိုပါ NCA သဘောတူစာချုပ်တွင် ဖော်ပြပါရှိသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က သဘောထားပေးထားပြီး အောက်တိုဘာလ ၁၅ရက်နေ့တွင် နေပြည်တော်၌ အစိုးရနှင့် လက်မှတ်ရေးထိုး ကြမည်ဖြစ်သည်။

ထို့အပြင် လက်မှတ်ရေးထိုးပွဲနှင့်ပတ်သက်၍ ဖိတ်ကြားမည့် ပြည်တွင်း၊ပြည်ပမှ အဖွဲ့အစည်းများ ၊လူပုဂ္ဂိုလ်များ နှင့် ပတ်သက်၍လည်း အောက်တိုဘာ ၈ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

“အခုဖိတ်ကြားမှာကတော့ ကျွန်တော်တို့နိုင်ငံနဲ့ သံတမန် ဆက်သွယ်မှုရှိတဲ့ သံရုံး ၈၈ ရုံးကိုဖိတ်မယ်။ နောက်တစ်ခါ နိုင်ငံရေးပါတီတွေကို ဖိတ်မယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်းဖိတ်ဖို့ရှိတယ်။ကုလသမဂ္ဂ ၊အီးယူနဲ့ တရုတ် ၊ထိုင်း ၊အိန္ဒိယ ၊ဂျပန် နိုင်ငံများမှ ခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံကို ကူညီနေတဲ့ INGO တွေကိုလည်း ဖိတ်ဖို့ ရှိတယ်။ ပြည်တွင်းက သက်သေတွေအဖြစ် ဒေါ်အောင်ဆန်းစုကြည် ၊ဦးခွန်ထွန်းဦး ၊ဦးအေးသာအောင်တို့ကိုလည်း ဖိတ်ဖို့သဘောတူထားပါတယ်” ဟု ဦးလှမောင်ရွှေက ဆိုသည်။

ထို့အပြင် NCA လက်မှတ်ရေးထိုးပွဲသို့ SD ခေါင်းဆောင် သုံးဦးနှင့် NCCT ခေါင်းဆောင် သုံးဦးကိုသီးခြား ဖိတ်ကြား သွားမည်ဖြစ်ပြီး NCA တွင် လက်မှတ်မထိုးသည့် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းများကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ဦးလှမောင်ရွှေက ထပ်လောင်းပြောကြားသည်။

NCA ကို လက်မှတ်ရေးထိုးမည်ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်(DKBA)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့ ဆုံးဖြတ်ထားခြင်းဖြစ်သည်။

ကျန်လက်နက်ကိုင်အဖွဲ့ များဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ကမူ NCA လက်မှတ် ရေးထိုးခြင်းမပြုနိုင်သေးကြောင်း ပြောဆိုထားသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော် နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သော ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ (မြန်မာ အမျိုး သားဒီမိုကရေစီမဟာမိတ်တပ်မတော်-MNDAA) ၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရခိုင့်တပ်မတော် (AA) တို့ NCA စာချုပ်တွင် လက်မှတ်တစ်ပြိုင်တည်းပါဝင်ရေးထိုးရေးကို အစိုးရဘက်က လက်မခံသေးပေ။

အလားတူ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၌ အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်သော “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု(NDAA) မိုင်းလား အဖွဲ့တို့လည်း အစိုးရနှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေး စာချုပ်ရေးထိုးပြီးဖြစ်သောကြောင့် NCA ကို လက်မှတ်ထိုးရန် မလိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List