Friday, October 09, 2015

"နိုင်ငံကို ဦးစီးပဲ့ကိုင်ရန်အတွက် သမ္မတ ဖြစ်ရန် မလို" ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


လာမည့်ရွေးကောက်ပွဲမှာ လွတ်လပ်သည့် မြန်မာနိုင်ငံသမိုင်းတွင် အရေးအပါဆုံး ရွေးကောက်ပွဲ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယတူဒေးတီဗီမှ အင်တာဗျူးသူ Karan Thapar အား ပြောကြားခဲ့သည်။
“ဒီနိုင်ငံက ကျွန်မတို့ နိုင်ငံတစ်ခုလုံးရဲ့ အနာဂတ် ။ လာမယ့် မျိုးဆက်တွေရဲ့ အနာဂတ် ကို ပြောင်းလဲမယ့် ရွေးကောက်ပွဲပါ ။ ဒါကြောင့် ကိုယ့်အတွက်သာ မဲပေးတာ မဟုတ်ဘဲ သားသမီးတွေ ၊ မြေးမြစ်တွေအတွက်ပါ မဲပေးနေတာ ဖြစ်တယ်လို့ ပြောချင်ပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သူမက ဆက်လက်ပြီး “ဒါဟာ လွတ်လပ်တဲ့ မြန်မာနိုင်ငံသမိုင်းမှာ အရေး အပါဆုံး ဖြစ်ပါတယ် ။ ပြည်သူတွေ ပြုလုပ်ရမှာက ဂရုတစိုက်နဲ့ အလွန့်အလွန် ကို သတ္တိရှိစွာနဲ့ မဲပေးဖို့ ပါပဲ” ဟု ထပ်လောင်း ပြောကြားခဲ့သည် ။

ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “တကယ် လို့ ရွေးကောက်ပွဲမှာ NLD အနိုင်ရရှိပြီး အစိုးရ ဖွဲ့မယ်ဆိုရင် ကျွန်မက သမ္မတ ဖြစ်ဖြစ် ၊ မဖြစ်ဖြစ် အစိုးရအဖွဲ့ ခေါင်းဆောင်စီမံသူအဖြစ် ရှိနေမယ်ဆိုတာ ရှင်းရှင်း လင်းလင်း ပြော လိုပါတယ် ” ဟု ပြောကြားခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီခေါင်းဆောင်ဖြစ်သဖြင့် အဆိုပါ ပါတီ အနေဖြင့် အစိုးရ ဖွဲ့ခွင့်ရပါက အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်လာမည်မှာ အထူးအဆန်း မဟုတ် ဟု ပြောကြားခဲ့သည် ။

Karan Thapar ၏ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က “ဘာလို့ မဖြစ်ရမှာလဲ ။ နိုင်ငံ ကို ခေါင်းဆောင်ဖို့ သမ္မတ ဖြစ်စရာ လိုလို့လား ” ဟု ပြန်လည် မေးခွန်း ထုတ်ခဲ့ပြီး “ပါတီခေါင်းဆောင်က ကျွန်မဖြစ်တဲ့အတွက် NLD အစိုးရ အဖွဲ့ရဲ့ ခေါင်းဆောင်ကလည်း ကျွန်မပဲဖြစ်မှာပါ” ဟု ရယ်ရင်း ဖြေခဲ့သည် ။

အိန္ဒိယနိုင်ငံတွင် ၀န်ကြီးချုပ် မန်မိုဟန်ဆင်း နှင့် သူ၏ အစိုးရအဖွဲ့ကို ကွန်ဂရက် ပါတီ ခေါင်းဆောင် ဆိုနီယာဂန္ဒီက ထိန်းချုပ် လွှမ်းမိုးခဲ့သည့် ပုံစံနှင့် တူညီမည်လားဟု ကာရန်သာပါက မေးမြန်းသည့်အခါ ဒေါ်အောင် ဆန်းစုကြည်က “အို နိုး နိုး .... မဟုတ်သေး ပါဘူး ။ အဲဒီပုံစံနဲ့ မတူပါဘူး ။ ရွေးကောက်ပွဲမှာ NLD က ရာနှုန်းပြည့် နိုင်မယ် လို့ မျှော်လင့်ပြီး စောင့်ကြည့် ကြပါ ။ ကျွန်မ ဘယ်လို စီစဉ်ထားလဲဆိုတာ တွေ့ရမှာပါ ” ဟု ဖြေကြားခဲ့ သည် ။

ဒေါ်အောင်ဆန်းစုကြည်သည် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်းနှင့် ရင်းနှီးမှု ရှိသဖြင့် NLD အနေဖြင့် သူရဦးရွှေမန်းကို သမ္မတအဖြစ် အမည်တင်သွင်းမည် ဆိုသော ယူဆချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ရဲ့ အရပ်သားပါတီဝင် တစ်ဦးကို တင်သွင်းမှာပါ” ဟု ပြောကြားခဲ့သည် ။ ဖြစ်နိုင်ဖွယ်ရှိသည့် သမ္မတ အမည်စာရင်း တင်သွင်းမှုနှင့် ပတ်သက်၍ “ဒါ (ပါတီဝင် အရပ်သားကို ရွေးချယ်မှု) က ဦးစားပေးမှုနဲ့ မသက်ဆိုင်ပါဘူး ။ ဘယ်သူက သင့်တော်မလဲဆိုတာ အဓိကပါ ။ NLD အတွက် သမ္မတလောင်း အမည်စာရင်း တင်သွင်းဖို့ အရပ်သားစစ်စစ်က ပို သင့်တော်ပါတယ်” ဟု ပြောကြားခဲ့သည် ။

ဒေါ်အောင်ဆန်းစုကြည်က သူ့ကို စံပြပုဂ္ဂိုလ်တစ်ဦးဟု ခေါ်တွင်သည်ကို မနှစ်ခြိုက်ဘဲ “လက်တွေ့ကျသော နိုင်ငံရေးသမား” တစ်ဦးသာဖြစ်သည်ဟု ဆိုသည်။ “ကျွန်မ အလုပ်တွေ အလွန် ကြိုးကြိုးစားစား လုပ်ခဲ့တာက အိုင်ကွန် ဖြစ်ဖို့အတွက် မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ သည် ။

KHTun
Ref - Reuters
The Ladies News Journal

No comments:

Post a Comment

My Blog List