Friday, October 09, 2015

၂၀၁၅ အတွက် ဆေးပညာနိုဗယ်ဆုကို တရုတ်အမျိုး သမီး သိပ္ပံပညာရှင် တူယိုယို ရရှိ


သိပ္ပံပညာရပ်ဆိုင်ရာ နိုဘယ်ဆုတစ်ခုရရှိရန် ဆယ်စုနှစ်များစွာ စောင့်ဆိုင်းခဲ့ရသည့် တရုတ်နိုင်ငံတွင် မထင်မရှား သုတေသနပညာရှင်တစ်ဦးက ရှေးဟောင်း တိုင်းရင်းဆေးနည်းတစ်မျိုးမှ ဖော်ထုတ်ထားသည့် ငှက်ဖျား ကုသဆေးဖြင့် ဆေးပညာနိုဘယ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး တရုတ်နိုင်ငံကို ဂုဏ်တက်စေခဲ့သည် ။

ဆုရရှိသူ အသက် ၈၄ နှစ်ရှိ တူယိုယိုသည် တရုတ်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးနိုဘယ်ဆုရှင်လည်း ဖြစ်သည်။ တူယိုယိုသည် ၁၉၇၀ ပြည့်လွန်အစောပိုင်းနှစ်များတွင် တွေ့ရှိခဲ့သည့် သူ၏ တွေ့ရှိချက်အတွက် တရုတ်နိုင်ငံအတွင်းတွင် မည်သည့်အခါကမှ လူသိထင်ရှား အသိအမှတ်ပြု ချီးကျူးခံရခြင်းမရှိဘဲ အမျိုးသားသိပ္ပံအကယ်ဒမီသို့ တင်သွင်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

သို့သော် တူယိုယိုသည် နိုဘယ်ဆုရရှိခဲ့ပြီးနောက် အကြီးအကျယ် ချီးကျူးဂုဏ်ပြု ခံခဲ့ရပြီး သူ၏အမည်က လူမှုကွန်ရက်များတွင် အဓိက နေရယူလျက်ရှိကာ နိုင်ငံ၏ ဆေးသုတေသန လုပ်ငန်းအပေါ် လူထုက ဂုဏ်ယူလျက်ရှိသည် ။ တရုတ်ဝန်ကြီးချုပ် လီကာချင်း နှင့် တရုတ် ပညာရေး ၊ သိပ္ပံ နှင့် သုတေသန အကြီးအကဲ ဒုဝန်ကြီးချုပ် လျူယန်ဒေါင်တို့ကလည်း တူယိုယိုကို ချီးကျူးပြောကြားခဲ့ကြသည် ။

တိုင်းရင်းဆေးနည်းတွင် အသုံးပြုသော သစ်နံကိုင်းပင်မှ ထုတ်ယူထားသည့် ဆေးဖော်ထုတ်နိုင် ခဲ့ခြင်းမှာ တစ်ဦးတည်း လုပ်ဆောင်မှုမဟုတ်ဟု ပြောကြားခဲ့သည်။

“ဒီဆေးကို ဖော်ထုတ်နိုင်ခဲ့တာက သုတေသနအဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက် မှုကြောင့်ဖြစ်ပြီး တရုတ်သိပ္ပံပညာရှင်တွေ အားလုံးကို စုပေါင်းဂုဏ်ပြုရမှာပါ ။ တရုတ်တိုင်းရင်း ဆေးပညာ သုတေသနအပေါ် နိုင်ငံတကာရဲ့ အာရုံ စိုက်မှု မြင့်တက်လာစေခဲ့ပြီး တရုတ်နိုင်ငံနဲ့ တရုတ်သိပ္ပံပညာရှင်တွေအတွက် ဂုဏ်ယူစရာပါ” ဟု တူယိုယိုက ပြောကြားခဲ့သည် ။

တရုတ်အစိုးရက ငှက်ဖျားကုသဆေး ရှာဖွေရန် ၁၉၆၉ က ပြုလုပ်ခဲ့သည့် စစ်ဘက်စီမံကိန်းတစ်ခုတွင် တူယိုယိုကို အငယ်တန်း သုတေသန ပညာရှင်အဖြစ် ခန့်အပ်ခံခဲ့ရသည့် တူယိုယိုနှင့် အဖွဲ့သည် ရှေးဟောင်းဆေး ပညာစာအုပ်များ ၊ ဆေးဘက်ဝင်အပင်များနှင့် ကုထုံးများ ၊ ဆေးမြီး တိုများကို လေ့လာခဲ့ပြီး ကုထုံး ၆၄၆ ခန့်ကို စမ်းသပ်ခဲ့သည် ။ 

ဆေးဘက်ဝင်အပင် ၂၀၀ ကျော်ကို စမ်းသပ်ခဲ့ပြီးနောက် ၄ ရာစုခေတ် က ဆေးပညာရှင် ဂီဟောင်၏ စာအုပ်၌ ပါဝင်သော သစ်နံကိုင်းပင်ကို အာရုံစိုက် သုတေသနပြုခဲ့ပြီး ငှက်ဖျားရောဂါကုသရာတွင် ထိရောက်မှု ရှိကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည် ။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List