Wednesday, October 07, 2015

အကောင်းဆုံး နိုင်ငံရေး လုပ်ခြင်းဟာ မိမိကိုယ်ကို မိမိ ပြုစုပျိုးထောင်ခြင်းပါ


ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာ အောင်သူသည် ၂၀၁၅ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ အမျိုးသားလွှတ်တော်အတွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ မဲဆန္ဒနယ် အမှတ် ၆ တွင် လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ အလုံ၊ လမ်းမတော်၊ လသာ၊ ဆိပ်ကမ်း စသည့်  မြို့နယ် ၇ မြို့နယ် ပါဝင်မည် ဖြစ်သည်။

ဒေါက်တာ အောင်သူသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ်မှ ၂၀၁၅ ခုနှစ် သြဂုတ်လမှ စကာ အနားယူခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ အောင်သူသည် ပညာရေး ဝန်ထမ်းအဖြစ် ၂၇ နှစ်ကျော် အတွေ့အကြုံ ရှိခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ၏ အမျိုးသားပညာရေး ဥပဒေကို ပြန်လည်ပြုပြင်သည့် ဥပဒေ မူကြမ်းရေးဆွဲရာတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

ဒေါက်တာ အောင်သူ၏ ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းမှ နိုင်ငံရေး အခင်းအကျင်းသို့ ဝင်ရောက်လာခဲ့ဖြစ်ပုံ၊ ရွေးကောက်ပွဲတွင် အနိုင်ရပါက လွှတ်တော်အတွင်း ဆောင်ရွက်မည့် ပညာရေးကဏ္ဍနှင့် သက်ဆိုင်သည့် ရည်မှန်းချက်များ၊ မဲဆန္ဒနယ်အတွင်း အာဏာရပါတီနှင့် ပြိုင်ဆိုင်မှု အခြေအနေများအကြောင်းကို ဧရာဝတီ သတင်းထောက် တင်ထက်ပိုင်က NLD ပါတီ၏ လမ်းမတော်မြို့နယ် မဲဆွယ်စည်းရုံးမှု စတင်ပြုလုပ်သည့်နေ့တွင် တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။    ။ ပညာရေး လောကထဲကနေ ထွက်လာပြီး ပါတီနိုင်ငံရေးထဲကို ဝင်လာခဲ့တယ်။ ဒီလို ဝင်လာတဲ့အပေါ် ပညာရေး အသိုင်းအဝိုင်းက ဘယ်လိုမျိုးတွေ တုံ့ပြန်ပါသလဲ။

ဖြေ။    ။ ပညာရေး အသိုင်းအဝိုင်းက ဆိုတာက ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေပေါ့။ ကျနော် လုပ်ခဲ့တဲ့ တက္ကသိုလ် အသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေကတော့ အားပေးတယ်။ ကျနော်က အငြိမ်းစားယူပြီးတော့ အနားယူတော့မှာကို အနားမယူဘဲနဲ့ ဒီအသိုင်းအဝိုင်းအတွက် နိုင်ငံရေးဘက်ကနေ ဆက်လက်ဆောင်ရွက်ပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်။ အများစုက၊ အများစုဆိုတာ အားလုံးလောက်နီးနီးပါပဲ။ ကျနော့်ကို အားပေးကြပါတယ်။ လုပ်လည်း လုပ်စေချင်ကြပါတယ်။

မေး။    ။ ဒီနေ့ အောင်နိုင်ရေး စည်းရုံးလှုံ့ဆော်တော့ ပြောသွားတာတွေထဲမှာ ဖယ်ဒရယ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေနဲ့ တခြား တိုးတက်ရေးအကြောင်းတွေတော့ ပြောသွားတယ်။ ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီး ပြောသွားတာ နည်းတယ်လို့ ထင်တယ်။ ဘာကြောင့်ပါလဲ။

ဖြေ။    ။ ကျနော် ဒီနေ့ ပညာရေးကဏ္ဍ လုံးဝ မပြောဘူး။ ဘာကြောင့်လဲဆိုတော့ ပြောရင် ပြီးမှာ မဟုတ်တော့ဘူး။ ပညာရေးကဏ္ဍကို ပြောတာ နည်းတာ မဟုတ်ဘူး၊ ပါကို မပါဘူး။ ကျနော်လုပ်မယ့် ပညာရေး အကြောင်းပြောရင် ဒါ့ထက် အများကြီး များသွားလိမ့်မယ်။ အခုဟာက အောင်နိုင်ရေး စည်းရုံးတာ ဖြစ်တဲ့အတွက် အောင်နိုင်ရေးနဲ့ ပတ်သက်ပြီး ဘယ်ပါတီကို မဲပေးသင့်တယ်ဆိုတဲ့ အကြောင်းပဲ ပြောတယ်။ ပညာရေးကဏ္ဍကို လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေကတော့ ကျနော့်အနေနဲ့ အကုန်လုံးကို စိတ်ကူးထဲမှာ Main Frame အနေနဲ့ အကုန်လုံး စုဆောင်းပြီးပါပြီ။ Detailed program အနေနဲ့ Strategic Plan ပေါ့။ ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေကို ဆွဲဖို့ပဲ လိုတော့တယ်။ ကိုယ်ရောက်လာတဲ့ နေရာနဲ့ ရောက်လာတဲ့အခါ တာဝန်ပေးခဲ့ရင် အဆင်သင့် ဖြစ်နေအောင် လုပ်ထားတယ်။

ကျနော်က တောက်လျှောက်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ပညာရေး ဥပဒေ ရေးဆွဲရေးမှာ ပါခဲ့တာဆိုတော့၊ ကိုယ်ကိုယ်တိုင်ကလည်း ဌာနတခုရဲ့ အကြီးအကဲ ဖြစ်ခဲ့တယ်ဆိုတော့၊ နောက်ပြီးတော့ ပါမောက္ခချုပ်တွေထဲမှာလည်း ဝါရင့် ပါမောက္ခချုပ်တယောက် အနေနဲ့ နေခဲ့ရတဲ့အတွက် အစည်းအဝေး တော်တော်များးများကို တက်ခဲ့ရတယ်။ လုပ်လည်း လုပ်ခဲ့ရတယ်။ ဒီတော့ အစိုးရက လျှောက်နေတဲ့ ပညာရေးလမ်းကြောင်းကို ဒီ ၂ လ မတိုင်ခင်အထိက ကျနော် မျက်ခြေ မပြတ်ခဲ့ဘူး။ နိုင်ငံတော်က သွားနေတဲ့ လမ်းကြောင်းတွေကိုလည်း ဘယ်ခရီးကို ရောက်နေပြီ၊ ဘယ်ခရီးကို ပေါက်နေပြီ ဆိုတာလည်း သိတယ်။

မေး။    ။ ဒီတော့ ရွေးကောက်ပွဲ အနိုင်ရခဲ့ရင် ဆောင်ရွက်ဖို့ ရှိတဲ့ ပညာရေး လုပ်ငန်းစဉ် အကြောင်း အကြမ်းဖျင်းလေး ချပြပေးလို့ ရမလား။

ဖြေ။    ။ ဒါကတော့ ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုတာထက် ပထမဦးဆုံး ပြောချင်တာက Quality Education အကြောင်းပေါ့။ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုတာထက် အရည်အချင်းရှိတဲ့ ပညာရေးဆိုတာ ဘာလဲဆိုတာ ပြောဖို့လိုတယ်။ ပြောတော့မယ်ဆိုရင် အကြမ်းဖျင်းပေါ့။ ပထမဦးဆုံးက ပညာရေး စနစ်ကို Quality Education ဖြစ်အောင်လုပ်မယ်ဆိုရင် ကဏ္ဍကြီး ၄ ခုကို မျက်ခြေမပြတ် သတိထားဖို့ လိုတယ်။ အဲဒါက ဘာလဲဆိုရင် ကျောင်းသား (Students) ရယ်၊ ပြီးတော့ (Teachers) ဆရာပေါ့။ အမှန်ကတော့ ကျောင်းသားဆိုတာ တို့အမြင်ပါ။ အမှန်က Learners သင်ယူတဲ့ လူတွေနဲ့ သင်ကြားပေးမယ့် လူတွေရဲ့ ကဏ္ဍဖြစ်ပါတယ်။ သူတို့တွေရဲ့ ကဏ္ဍကို လုပ်တဲ့ အချိန်ကျရင် သင်ယူတဲ့သူတွေနဲ့ သင်ကြားတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ သူတို့တွေကို တဦးချင်းစီမှာ လိုအပ်ပြီး တို့နိုင်ငံမှာ ထူးထူးခြားခြား ထင်ထင်ရှားရှား မလုပ်ပေးတာ Health ဆိုတဲ့ ကျန်းမာရေးပေါ့။ ကျန်းမာရေးပိုင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ပေးဖို့လိုတယ်။ ကျောင်းတွေမှာ ကျန်းမာရေးကို အခြေပြုတာတွေ လိုတယ်။ ဘာလဲဆိုတော့ Psychosocial development လို့ခေါ်တယ်။ လူမှုစိတ်ပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အရမ်းလိုအပ်ပါတယ်။ Health လို့ ပြောရင် ရုပ်ပိုင်းဆိုင်ရာလို ကိုယ်ကာယနဲ့ ဆိုင်တာမျိုးတွေလည်း လိုတယ်။ Social Physical Elements တွေ လိုတယ်။ ဒါတွေက ကျနော်တို့တွေ တကယ်လုပ်နေတဲ့ အချိန်မှာ တွေ့နေရတာတွေ ဖြစ်တယ်။

နောက် Home လို့ ခေါ်တဲ့ သူတို့ရဲ့ နေထိုင်ရာ ပတ်ဝန်းကျင်။ ဆရာတွေ ဘယ်လို နေထိုင်နေရတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ ဘယ်လိုနေထိုင်နေရတယ်။ အဲဒီ Home လို့ ခေါ်တဲ့ လူမှုပတ်ဝန်းကျင် တခုလုံးကို ကောင်းကောင်းကြီး ဖြစ်အောင် ဖန်တီးပေးဖို့ လိုတယ်။

ဒုတိယပိုင်း ခေါင်းစဉ် အနေနဲ့ကတော့ Environments ပေါ့။ ပတ်ဝန်းကျင်။ ပတ်ဝန်းကျင်ကြီးကိုလည်း ထူးထူးခြားခြား ဖြစ်အောင် ပြောင်းလဲပေးဖို့ လိုတယ်။ သင်ကြားမယ့် သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပါမယ်။ နောက်ပြီး ကျား၊မ ခွဲခြားမှု၊ ပြီးတော့ Inclusive Education လို့ခေါ်တဲ့ အားလုံးအကျုံးဝင် ပညာရေးလိုဟာမျိုး၊ မသန်စွမ်းတွေကို ချန်လှပ်ထားခဲ့တဲ့ ပညာရေးမျိုး မဖြစ်အောင်ပါ။

နောက်တခု လိုတာက Service Delivery လို့ခေါ်တဲ့ ဝန်ဆောင်မှုပေးတဲ့ ကဏ္ဍပေါ့။ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေက အဓိက မပေးမဖြစ် ပေးကို ပေးရမှာပါ။ ဆိုလိုတာက ကျောင်းတွေမှာ ရေကအစ၊ စွန့်ပစ်တဲ့ အမှိုက်ကအစ၊ ကျောင်းပတ်ဝန်းကျင်တွေက အစ ဒါတွေကို Service Delivery ထဲမှာ ထည့်ထားတယ်။ တို့နိုင်ငံထဲမှာ ဘယ်ဟာတွေက ဘယ်လောက်လိုတယ်ဆိုတာကို ကြည့်ပြီး လုပ်ပေးရမယ်။

နောက်တခုက ပညာသင်ကြား သင်ယူမှုတွေ လုပ်မယ်ဆိုရင် အရေးအကြီးဆုံးက Material လို့ ခေါ်တဲ့ ပစ္စည်းကိရိယာပေါ့။ Material ဆိုလို့ ရုပ်ပစ္စည်းတွေ ရှိသလို တို့တွေ အသုံးပြု သင်ကြားနေတဲ့ Curriculum syllabus တွေပေါ့။ သင်ရိုးညွှန်းတမ်းတွေကရော နိုင်ငံတကာ အဆင့်မီ ရှိရဲ့လား။ အဲဒါကို ဘာနဲ့ ပြန် ချိန်ထိုးမလဲ၊ Standard လို့ ခေါ်တဲ့ စံနဲ့ ပြန်ချိန်ထိုးမယ်။ အဲဒီအခါမှာ မပါမဖြစ် ပါရမယ့်အရာ၊ မလုပ်မဖြစ် လုပ်ရမယ့် အရာ ဒါတွေကိုလည်းပဲ ထောင့်စေ့အောင် တခုချင်းစီ ခေါင်းစဉ်တခုချင်းစီ အောက်မှာ အသေးစိတ်လုပ်ငန်းတွေနဲ့ ဆောင်ရွက်ပေးဖို့ ရှိတယ်။

ဒါတွေကို လုပ်မယ်ဆိုရင် လုပ်ငန်းစဉ်တွေ ချမှတ်ရမယ်။ လုပ်ငန်းစဉ်တွေ ချမှတ်ပြီဟေ့ဆိုရင် လုပ်ငန်းစဉ် အသီးသီးမှာ ကျောင်းသားအတွက်ပဲ ချမှတ်မှာ မဟုတ်ဘူး၊ ဆရာတွေအတွက်လည်း လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ လိုပါတယ်။ ဒီ Process တွေက ကျနော်လုပ်မယ့် လုပ်ငန်းစဉ်တွေထဲမှာ ပါပါတယ်။

ကျောင်းသားကို ဘယ်လို ဖွံ့ဖြိုးအောင် လုပ်မလဲ၊ ဆရာတွေကို ဘယ်လိုဖွံ့ဖြိုးအောင် လုပ်မလဲ၊ ကြီးကြပ်မှုတွေကို ဘယ်လိုလုပ်မှာလဲ၊ ထောက်ပံ့မှုတွေကို ဘယ်လို ဆောင်ရွက်ပေးမှာလဲ ဆိုတာ ဒီလိုမျိုး အသေးစိတ်တွေ ပါပါတယ်။

ပထမပိုင်းမှာ ကျောင်းသူ ကျောင်းသားတွေရဲ့ သင်ယူလိုတဲ့ ဆန္ဒတွေဟာ သင်ကြားနိုင်အောင်၊ နောက်ပိုင်းမှာ လူတိုင်းလူတိုင်း ဘဝတသက်တာ သင်ယူနိုင်တဲ့ အခွင့်အရေးမျိုးရအောင်၊ အဲဒီလိုမျိုး အချက်တွေကိုလည်း အရေးပါတဲ့ ကဏ္ဍတရပ် အနေနဲ့ ကျနော်တို့ မျှော်မှန်းပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေ အခွင့်အလမ်းတွေကို၊ နိုင်ငံတော်အနေနဲ့ ပေးနိုင်တဲ့ အခွင့်အလမ်းကို၊ သေချာပေါက် ပေးနိုင်တဲ့ အခွင့်အလမ်းမျိုးတွေကို ရကို ရရပါစေ ဆိုတာမျိုး ချမှတ်ဖို့လိုတယ်။ အခု အရေးအကြီးဆုံး အချက်တချက်ဖြစ်တဲ့ ကလေးလုပ်သားတွေ ၊ ကလေးငယ်တွေ အလုပ်လုပ်နေရတယ်။ ဒါတွေကိုလည်း ကင်းလွတ်အောင် ဖန်တီးပေးဖို့ လိုတယ်။ ဒီအချက်တွေက ဆရာတို့ လုပ်ရမယ့် Main Frame ထဲမှာ ပါတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါတွေကတော့ ရည်မှန်းချက်တွေ ဖြစ်ပါတယ်။

မေး။    ။ ပညာရေး ကဏ္ဍကနေ လွှတ်တော်နိုင်ငံရေးကို ဝင်လာဖို့အတွက် ဘာတွေက တွန်းအား ဖြစ်ခဲ့တာပါလဲ။

ဖြေ။    ။ တွန်းပို့တဲ့ တွန်းအားက ၁ အချက်က ပညာရေးကဏ္ဍကို စွမ်းစွမ်းတမံနဲ့ ဆောင်ရွက်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ ပင်စင်ယူရတဲ့ အခြေအနေ ဖြစ်သွားတယ်။ ပင်စင်ယူတယ်ဆို အနားယူရတော့မယ်။ ဒါပေမယ့် ဆရာတတ်ထားတဲ့ ပညာတွေနဲ့ နိုင်ငံ့အကျိုးကို ဆောင်ရွက်ချင်တဲ့ ဆန္ဒလေးက နည်းနည်းရှိနေတယ်။ ဒါပေမယ့်လည်းပဲ စိတ်ထဲမှာ ချက်ချင်းကြီး မဆုံးဖြတ်နိုင်တဲ့ အချက်က ဘာလဲဆိုတော့ ကျနော်က ပါမောက္ခချုပ် လုပ်ခဲ့တဲ့ သက်တမ်းမှာ အဖွဲ့အစည်းတခုရဲ့ အကြီးအကဲအဖြစ် ၇ နှစ်ကျော်ကျော် တာဝန်ခံခဲ့ရတယ်။ အဲဒီလို တာဝန်ခံတဲ့ အချိန်မှာ ဘာတွေ့လာသလဲဆိုတော့ Responsibility နဲ့ Accountability ကို ကောင်းကောင်းကြီး သတိထားလိုက်မိတယ်။ တာဝန်ယူရင် တာဝန်ခံရတယ်။

နိုင်ငံရေးကို ဝင်ဖို့ စဉ်းစားတဲ့အခါ ဘာကြောင့် နည်းနည်းလေး တွန့်ဆုတ်သွားသလဲ ဆိုတော့ အသက် ၆၀ လောက်အထိ တာဝန်ယူရတာတွေ များတဲ့အတွက် အခု ယူပြီဆိုရင်လည်း တာဝန်ခံရတော့မယ်။ ဥပမာ နိုင်ငံရေးလုပ်ပြီးနောက် ပညာရေးမှာသာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သွားမယ်ဆိုရင် တာဝန်ခံရတဲ့ဟာသည် နေ့ရောညရော စာတွေ ဖတ်ရတော့မယ်။ တိုးတက်ရာ တိုးတက်ကြောင်းတွေ၊ နိုင်ငံတကာ အဆင့်မီအောင် ဆိုတာတွေ လုပ်ရတော့မယ်။ ပေးဆပ်ရမယ့် အရာတွေ အရမ်းများပါတယ်။ ဒါကြောင့်မို့လို့ တွန့်ဆုတ်သွားပါတယ်။

ဒါပေမယ့်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ အတူတူလက်တွဲပြီးတော့ လုပ်မယ်၊ အဆင့်မြင့် ပညာရေး ဥပဒေကို ရေးဆွဲပေးဖို့ တာဝန်ပေးတဲ့အချိန်မှာ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်မှာ လူ ၃ ဦးကို တာဝန်ပေးတယ်။ အဲဒီအထဲမှာ ကျနော်က Readiness ဖြစ်နေတဲ့အတွက် Zero Draft ဆွဲတယ်။ မူကြမ်း Zero Draft ကို ကျနော် အရင်ဆုံး ရေးပေးခဲ့တယ်။ အခုချိန်မှာ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့နေ့မှာပဲ သူတို့ဆီကနေ ဝင်ပြီးတော့ ဆောင်ရွက်ပေးပါလို့ စည်းရုံးမှုကို ရလိုက်တယ်။

တပတ်လောက်ကတော့ စောစောက ပြောသလို တာဝန်ယူမိရင် တာဝန်ခံရတော့မယ်။ တပတ်လောက် စဉ်းစားလိုက်တဲ့နောက်မှာ ကိုယ်တတ်တဲ့ ပညာနဲ့ ဘာကြောင့်လဲလို့ ပြောရရင် ကျနော်တို့ နိုင်ငံမှာ ပညာရေးက တကယ်လို့သာ ထိပ်ဆုံးမှာ ရှိနေမယ်ဆိုရင် ဆရာ လုပ်စရာ မလိုတော့ဘူး။ တခြားသူတွေ လုပ်လိမ့်မယ်။ အခုကျတော့ မဖြစ်သေးဘူး။ မြန်မာနိုင်ငံရဲ့ ပညာရေးက မဖြစ်သေးဘူး။ အဲဒီအထဲမှာ ရင်းနှီးမြှုပ်နှံတဲ့ ကျနော်တို့လို လူမျိုးတွေ ဆက်လက်ပြီး ရှိဖို့ လိုသေးတယ်လို့ ထင်လို့ ကျနော်အခုလို ဆက်လုပ်တာ ဖြစ်တယ်။

မေး။    ။ ဒီလိုဆိုတော့ အကယ်၍ ရွေးကောက်ပွဲမှာ အနိုင်ရမယ်။ လွှတ်တော်ထဲမှာ နေရာရခဲ့မယ်ဆိုရင် ပညာရေးကဏ္ဍတွေ အတွက်ပဲ ဦးစားပေးလုပ်မယ်လို့ သဘောပေါက်လိုက်ပါတယ်။ အဲဒီတော့ ပထမဦးဆုံး လွှတ်တော်နိုင်ငံရေး ခြေလှမ်းက ဘာဖြစ်မလဲ။

ဖြေ။    ။ စောစောက ပြောတဲ့ဟာတွေကတော့ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံပဲ။ ဒါတွေကို ချိန်ထိုးပြီးတော့ ပညာရေးဆိုင်ရာ … လွှတ်တော်ဆိုတော့ ကဏ္ဍက မျိုးစုံရှိမှာပဲလေ။ အဆိုတင်သွင်းတာတွေရှိမယ်။ ဆွေးနွေးတာတွေ ရှိမယ်။ မေးမြန်းတာတွေ ရှိမယ်။ ပညာရေးဆိုင်ရာ ကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့ အဆိုတင်သွင်းတာတွေ မေးမြန်းတာတွေ လုပ်မှာပေါ့။ ပထမဦးဆုံးရယ်လို့ မရှိပါဘူး။ ဘာပထမဦးဆုံးရယ်လို့ မရှိပါဘူး။ အများကြီး အနက်က လိုအပ်ချက်တွေကို တခုပြီးတခု အစဉ်လိုက် တင်သွားမှာပါ။

မေး။    ။ ဒီလမ်းမတော် မြို့နယ်ထဲမှာရော အခြေအနေက ဘယ်လောက်ထိ စိတ်ကျေနပ်မှု ရှိသလဲ။ မဲစာရင်း အခြေအနေကရော ဘယ်လို ပြန်ကြားရလဲ။

ဖြေ။    ။ အဲဒီ မေးခွန်းအဖြေကို ပြောရမယ်ဆိုရင်တော့ ကျနော် ချဉ်းကပ်မှု နည်းတယ်။ ဘာကြောင့်လဲဆိုတော့ ၇ မြို့နယ်ဖြစ်နေတဲ့အတွက် မြို့နယ်တွေကို သွားတဲ့အခါ သူတို့ဖိတ်တဲ့အချိန် သွားတာလောက်ပဲ ရှိတယ်။ ကျနော်က ၇ မြို့နယ် ရှိတဲ့အတွက် ထဲထဲဝင်ဝင်ကြီးကတော့ သိပ်ပြီး မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ကြားတဲ့အသံကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံတာ တော်တော်များတာ သိရတယ်။ ကျောင်းဆရာ လုပ်သက်ကိုက ၂၇ နှစ် ရှိခဲ့တာကိုး။ အုပ်ချုပ်ရေးပိုင်းကို ရောက်တာ ၁၀ နှစ်ရှိခဲ့တာကိုး။ ရန်ကုန်မှာနေခဲ့တဲ့ နေသက်ကလည်း တော်တော်လေး များခဲ့တဲ့အတွက် ကျောင်းဆရာဖြစ်တဲ့ အကျိုးကျေးဇူးတွေက ထောက်ခံတဲ့သူတွေ များပါတယ်။ ဂဃဏန အနေနဲ့ ဘယ်မြို့နယ်တွေ ဘယ်နေရာ ဘယ်လိုလဲဆိုတာတော့ မပြောတတ်ဘူး။

မေး။    ။ အခုဝင်ပြိုင်မယ့် ၇ မြို့နယ်ထဲက အင်အားကြီးပါတီတွေနဲ့ ပြိုင်ဆိုင်မှု အနေအထားက ဘယ်လိုရှိသလဲ။

ဖြေ။    ။ ကျနော့် မဲဆန္ဒနယ်မြေတွေမှာတော့ အင်အားကြီးပါတီဆိုတော့ အာဏာရ (ကြံ့ခိုင်ရေး) ပါတီရှိတယ်။ ပြိုင်ဆိုင်မှု အနေအထားက ကျနော်နဲ့ ပြိုင်မယ့် ပြိုင်ဖက်က ကျနော် အရင်က နာမည်တောင် မကြားဖူးတဲ့တယောက် ဖြစ်နေတယ်။ ဒီတော့ ကျနော့်ပြိုင်ဖက်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ သိပ်အားမကြီးဘူးလို့ မြင်ပါတယ်။

မေး။    ။ ဒီတော့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ယုံကြည်ချက် အပြည့်ရှိတယ်ပေါ့။

ဖြေ။    ။ အပြည့်ရှိပါတယ်။ ကျောင်းဆရာမို့လို့ကို အပြည့်ရှိပါတယ်။

မေး။    ။ နောက်ထပ်ဘာများ ထပ်ဖြည့်စွက်ချင်ပါသလဲ။

ဖြေ။    ။ ကျနော် အမြဲပြောနေကျ စကားတခု ဖြစ်ပါတယ်။ နိုင်ငံတခု ကောင်းဖို့ဆိုရင် လူတိုင်းလူတိုင်းဟာ မိမိကိုယ်တိုင် ကြိုးစားရမှာပါ။ ကျနော်လည်း အရင်က ဂျာနယ်တွေထဲမှာ ရေးခဲ့ဖူးပါတယ်။ အကောင်းဆုံး နိုင်ငံရေး လုပ်ခြင်းဟာ မိမိကိုယ်ကို မိမိ ပြုစုပျိုးထောင်ခြင်းပါ။ နိုင်ငံကို တကယ်ချစ်တယ်၊ နိုင်ငံအကျိုးကို ဆောင်ရွက်ချင်တယ် ဆိုရင် မိမိကိုယ်ကို ပြုစုပျိုးထောင်ပါ။ အဲဒီဟာကို အဓိကထား ပြောချင်ပါတယ်။ ကျနော်လည်း ကိုယ့်ကိုယ်ကို ပျိုးထောင်နေရပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List