Saturday, October 10, 2015

“အားလုံးပါဝင်ရေး ဆိုတဲ့ဟာကို အစောကြီးကတည်းက ပြောထားတာ မရှိဘူး”


မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ပြုလုပ်နေတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ထိုးရေးကိစ္စမှာ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံက ဝင်ရောက် စွက်ဖက်မှုတွေ ရှိနေတယ်ဆိုပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC)က ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်း အကောင်အထည်ဖော်ရေးဋ္ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောဆိုတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

သတင်းမှာ တရုတ် – မြန်မာ နယ်စပ် တလျှောက်မှာ အခြေစိုက်ပြီး NCA လက်မှတ် မထိုးသေးဖို့ ဆုံးဖြတ်ထားကြတဲ့ “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မ တော်(UWSA)၊ ကချင် လွတ်မြောက်ရေး အဖွဲ့(KIO)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု(NDAA) မိုင်းလားအဖွဲ့ တို့လို အင်အားကြီး လက်နက် ကိုင်အဖွဲ့တွေ အပါအ၀င် အစိုးရ တပ်မတော်နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့် တပ်ဖွဲ့တို့ရဲ့ တရုတ်နိုင်ငံနဲ့ ဆက်နွယ်မှု အခြေအနေတွေလည်း ပါဝင်ပါတယ်။

အဲဒါကြောင့် တရုတ် – မြန်မာ နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်နိုင်ငံတို့ ဆက်စပ်မှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံအနေနဲ့ ဘယ်လို ပါဝင် ဆက်နွယ်မှုတွေ ရှိနေသလဲဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး MPC က ဒေါက်တာ မင်းဇော်ဦးကို ဧရာဝတီ အကြီးတန်း သတင်းထောက် ကျော်ခ က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံရဲ့ စွက်ဖက်မှုကြောင့် တချို့ဟာတွေမှာ လမ်းချော်သွားတယ်ဆိုပြီး Reuters သတင်းဌာနကို ဒေါက်တာ မင်းဇော်ဦး ပြောထားတာ တွေ့လိုက်ရပါတယ်။ ဒါနဲ့ ပက်သတ်ပြီး ရှင်းပြပေးလို့ရမလား။

ဖြေ ။ ။ ကျနော်က အဲဒါမျိုး ပြောတာ မဟုတ်ဘူးဗျ။ ရေးတဲ့လူက သူ့ဟာသူ ကောက်ပြီး ရေးလိုက်တာ။ ခင်ဗျားတို့ သိချင်ရင် အဲဒီကိစ္စတွေကို ရှင်း ထားတာ မွန်းတည့်နေ(ဂျာနယ်)မှာ ကျနော် အင်တာဗျူး အရှည်ကြီးပါတယ်။ လက်မှတ် မထိုးဘူးဆိုတဲ့ အကြောင်းတွေ ဘာကြောင့်လဲဆိုတာ ၄ ချက် ရှင်းထားတာ ရှိတယ်။ ၄ ချက်မှာ Reuters သူတို့ ရေးချင်တဲ့ဟာ သူတို့ ယူရေးသွားတယ်ပေါ့ဗျာ။

မေး ။ ။ ဒါဆိုရင် ဒေါက်တာမင်းဇော်ဦး အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုများ မြင်လဲ။

ဖြေ ။ ။ ကျနော်တို့ သိတာကတော့ နယ်စပ်က အဖွဲ့တွေပေါ့နော်။ အထူးသဖြင့် “ဝ” (UWSA) လို ဟာမျိုးပေါ့နော်။ အထူးသဖြင့် NDAA မိုင်းလားပေါ့။ နောက်ပြီး KIA အဲလို အဖွဲ့ကြီးတွေကိုတော့ ကျနော်တို့ ကြားတာကတော့ NCA မှာ All Inclusive ပါမှ လက်မှတ်ထိုးသင့်တယ် ဆိုပြီးတော့မှ အဲလို ပုံစံမျိုးကိုတော့ တရုတ် Official ကပြောတယ်လို့တော့ ကြားတယ်ဗျ။ ကျနော်တို့ မသိတာက ယူနန်က လူတွေလား။ ဘေဂျင်းက ပေါ်လစီလားဆိုတာ ကျနော်တို့ မသိဘူး။

“ဝ” က Statement တခုထွက်တာ ရှိတယ်လေ။ အဲဒီ Statement မထွက်ခင် သူတို့ ရေးထားတယ်လေ။ တရုတ် အစိုးရကို သူတို့ ကတိပေးထားတယ်တဲ့ အနောက်နိုင်ငံက လူတွေ ဝင်မပါလာဖို့ပေါ့နော်။ အနောက်နိုင်ငံက လူတွေ လက်မှတ်ထိုးမယ်။ လက်မှတ်ထိုးမယ်ဆိုတဲ့ အတွက်ကြောင့်မိုလို့ သူတို့ ကတိ မဖျက်ချင်ဘူး ဆိုပြီးတော့ သူတို့ အဲဒီ Statement ထဲမှာ ပါလာတာ တခုရှိတယ်လေ။

အဲဒီ Statement မထွက်ခင်လေးဘဲ တရုတ် Official တယောက် လာတွေ့သွားတယ်လို့ ပြောတယ်။ ဘယ်သူလဲဆိုတာတော့ ကျနော်တို့ သေချာ မသိဘူးပေါ့နော်။ လာတွေ့ပြီးတော့ ကိုးကန့်တို့ ဘာတို့ပါမှ ဒါ NCA ကို ထိုးသင့်တယ်ဆိုပြီးတော့ ဒီအဖွဲ့တွေကို ပြောသွားတယ်ဆိုပြီးတော့ ကျနော်တို့ အဲလိုပြန်ကြားတယ်။ အဲဒါကို ကျနော်က ပြန်ပြီးတော့ ပြောပြတာပေါ့နော်။ သူတို့နဲ့ပြောတုန်းက အဲဒီဟာလေးကို ကျနော်က ထောက်ပြတယ်။
နောက်တခုက ကိုးကန့် . . . All Inclusive ဘာကြောင့် မဖြစ်လဲဆိုတော့ နံပတ်တစ် ပြဿနာက ကိုးကန့် ထိုးစစ်ဖြစ်သွားတဲ့ အပေါ်မှာ အချို့အဖွဲ့တွေနဲ့ရော အစိုးရနဲ့ကြားထဲမှာ ရှိပြီးသား ယုံကြည်မှုတွေ တော်တော်ပျက်သွားတယ်။ နောက်ပြီးတော့ ကိုးကန့်ထိုးစစ် ဖြစ်တော့ တရုတ်နိုင်ငံဘက်က နေပြီးတော့ ပေါ့နော်။ ဒါက ဗဟို အစိုးရကလား၊ ယူနန်အစိုးရ ကလားတော့ မသိဘူးပေါ့ဗျာ။ အဲဒီဘက်ကနေပြီးတော့ ကူတာတွေ ရှိတာပေါ့ဗျာ။ အဲဒီဟာတွေအပေါ်မှာ တော်တော်ကြီးကို အခက်အခဲ ဖြစ်သွားတာပေါ့။

အဓိက ကျနော် ရှင်းပြတာကတော့ ကိုးကန့် ထိုးစစ်ဖြစ်လိုက်တဲ့အပေါ်မှာ All Inclusive ပြဿနာက တော်တော် အကြီးအကျယ် ဖြစ်သွားတယ် ဆိုတာကို ကျနော် ရှင်းပြတယ်။ သူတို့ကို ရှင်းပြတာကတော့ အရှည်ကြီးပဲဗျ။ အရှည်ကြီးပဲ ရှင်းပြပြီးတော့ meddling ဆိုတဲ့ ဟာတွေက ကျနော့်စကား မဟုတ်ဘူး။ သူတို့ဘာ သူတို့ ရေးသွားတဲ့ဟာလေ။ တရုတ်နိုင်ငံက ဝင်ရှုပ်နေတယ်တို့ meddling တို့ ဆိုတာတွေက သူတို့ဟာ သူတို့သုံးသွားတဲ့ စကားပဲလေ။

မေး ။ ။ Reuters သတင်းထဲမှာတော့ Mr. Sun Guoxiang က ပြောတယ်ဆိုပြီးတော့ ပြောထားတာကိုလည်း တွေ့ရပါတယ်။

ဖြေ ။ ။ အဲဒါလည်း မဟုတ်ဘူးဗျ။ Reuters ကိုတောင် ကျနော် အီးမေးလ် ပို့ထားသေးတယ်။ ကျနော်ပြောတာက Official Envoy တယောက် တွေ့တာလို့တော့ သိတယ်။ ဘယ် Envoy လည်းတော့ ကျနော်မသိဘူး။ Special Envoy လား၊ အခြားသူလားတော့ မသိဘူးပေါ့ အဲလို ပြောပြတာပါ။

မေး ။ ။ လက်ရှိ NCA စာချုပ် လက်မှတ်ထိုးရေး ဆောင်ရွက်တဲ့အခါ တိုင်းရင်းသား လက်နက်ကိုင် အကုန်မပါဝင်နိုင်တဲ့ အပေါ်မှာ ဒေါက်တာ မင်းဇော်ဦး အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ ။ အဲဒါကတော့ ၄ ချက် ရှိတယ်။ တခုကတော့ All Inclusive ဆိုတဲ့ဟာကတော့ Official Reason ပေါ့ဗျာ။ အားလုံး မပါဝင်လို့ ဆိုတဲ့ဟာကို အခြေခံပြီး ပြောတာပေါ့နော်။ ကျနော်တို့လည်း ဒီ Process မှာ အစအဆုံးပါရတော့ ဒီအားလုံးပါဝင်ရေး ဆိုတဲ့ဟာကို အစောကြီးကတည်းက ပြောထားတာလဲ မရှိဘူး။ အစောကြီးကတည်းက Timeline တခါမှ မပြောဘူး။ နောက်ပြီးတော့ အစိုးရက ၁၅ ဖွဲ့နဲ့ ထိုးမယ်ဆိုတဲ့ကိစ္စကလည်း အစောကြီး ကတည်းက ပြောတာ။ ဆိုတော့ ဒါက Understood ဆိုတဲ့ ပုံစံမျိုးပေါ့နော် နားလည်ခဲ့တာ။

နံပတ် ၂ ကတော့ အဲဒီတိုင်းရင်းသား ခေါင်းဆောင်တွေထဲမှာ အချို့ပေါ့နော်။ အစိုးရအပေါ်မှာ သံသယ ရှိတယ်။ ဒီအစိုးရကိုလည်း အရင်တပ်မတော် အစိုးရရဲ့ အဆက်ဆိုပြီးတော့ သူတို့က ကြည့်တာပေါ့။ ဆိုတော့ ဒီဟာကြီးကို လက်မှတ်ဝင်ထိုးလိုက်ခြင်းအားဖြင့် ရွေးကောက်ပွဲနီးတဲ့အချိန်မှာ သက်တမ်း ကုန်တော့မယ့် အစိုးရတခုကို သွားပြီး သိဒ္ဓိတင်ပေးလိုက်သလို ဖြစ်မယ်ဆိုတဲ့ အမြင်မျိုးနဲ့ စဉ်းစားတာမျိုးလည်း ရှိတယ်။ ဒါတချို့ခေါင်းဆောင်တွေမှာ ရှိတဲ့အမြင်ပေါ့နော်။

တတိယအချက်ကတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေကြားမှာရှိတဲ့ မဟာမိတ် နိုင်ငံရေးပေါ့။ မဟာမိတ် အဖွဲ့အစည်းတွေကြားမှာ UNFC(ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ)ကို လက်မခံတဲ့သူတို့၊ တပ်ပေါင်းစုတွေအကြားမှာ နိုင်ငံရေး အင်အား ပြိုင်ဆိုင်မှုတွေလည်း ရှိတာပေါ့ဗျာ။ ရှိတော့ အဲဒီအခြေအနေပေါ်မှာ မူတည်ပြီး ဖြစ်လာတဲ့ဟာပေါ့နော်။

နံပတ် ၄ အချက်ကတော့ ခုနကပြောတဲ့ တရုတ်နယ်စပ်က ကိစ္စမှာ တရုတ်နိုင်ငံအနေနဲ့က စစ်ဖြစ်တာလည်း သူကတော့ မလိုချင်ဘူး။ ဒါပေမယ့်လို့ တဖက် ကလည်း ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်မှာ တစုံတရာ သြဇာရှိနေတဲ့ဟာကိုလည်း သူက လိုချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေက သူ့အပေါ်မှာ မှီခိုထားရတာကိုး။ လက်နက်၊ ခဲယမ်း၊ မီးကျောက် နောက်ဆုံး ဆန်၊ ဆီ၊ ဆေး၊ ဆား ဆေးရုံတက်တာကအစ သူ့အပေါ်မှာ မှီခိုထားရတာကိုး။ မှီခိုထားရတော့ တစုံတရာတော့ Influence ရှိတယ်လို့တော့ ပြောရမှာပေါ့။

အဲလိုအနေအထားမှာ ခုနက ကိုးကန့် ထိုးစစ်မှာ ဝင်ပြီးတော့ ပါကြတယ်ပေါ့ဗျာ။ AA တို့ ဘာတို့ပေါ့။ AA တို့ပါတယ်ဆိုတာက ပြည်တွင်းကို လာလို့ရတဲ့ အနေအထားဖြစ်နေပြီလေ။ Ceasefire မရှိတာထား၊ ဒါပေမယ့် ပြည်တွင်းမှာလာပြီး ညီလာခံကို တက်လို့ရတဲ့ အဆင့်ထိအောင် ရောက်နေပြီးတော့မှ အဲလို လုပ်တယ်ဆိုတော့ ဒီအစိုးရဘက်ကလည်း သူတို့ဘက်က အလျှော့ပေးခဲ့ပြီးတော့မှ ဒီလောက်ထိ လိုက်လျောပေးထားတာတောင် ဒီလိုမျိုး လုပ်တယ် ဆိုပြီးတော့ အဲဒီမှာတင် တော်တော်လေး ယုံကြည်မှုက ပျက်သွားတာပေါ့။

နောက်တခုက ခုနကပြောတဲ့ တရုတ် Official သွားပြီးတော့ ပြောတဲ့ကိစ္စတွေ ရှိလာတာပေါ့။ ဒါတွေအားလုံး ခြုံပြီး ကြည့်လိုက်မယ်ဆိုရင် ဒီတရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ်အကြားက နိုင်ငံရေးပေါ့နော်။ တခါတလေကျတော့လည်း ဘေဂျင်းပေါ်လစီ ဟုတ်ချင်လည်း ဟုတ်မယ်။ ဟိုဘက်မှာရှိနေတဲ့ အခင်း အကျင်းအပေါ်မှာ မူတည်ပြီးတော့ ဒီဘက်က အနေအထားမှာတော့ ဒီငြိမ်းချမ်းရေးလုပ်တဲ့ အနေအထားရော၊ ဒီလက်နက်ကိုင် အဖွဲ့အစည်းကြားမှာရော အများကြီး ရိုက်ခတ်မှု ရှိပါတယ်။

မေး ။ ။ ဘေဂျင်းရဲ့ တိုက်ရိုက်ပေါ်လစီ မဟုတ်ပေမယ့် အချို့နီးစပ်ရာ ပြည်နယ်တွေက ဝင်ရောက်စွက်ဖက်မှု ရှိနေတယ်လို့ ပြောလို့ရမလား။

ဖြေ ။ ။ အဲဒါလည်း ဖြစ်ရင် ဖြစ်နိုင်တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြီးခဲ့တဲ့ ကိုးကန့်စစ်ပွဲမှာ ကြည့်မယ်ဆိုရင် ဟိုဘက်(တရုတ်ပြည်) ကနေပြီးတော့ နယ်စပ်ကိုဖြတ်ပြီးတော့ ကားကြီး၊ ကားငယ်နဲ့ လက်နက်၊ ခဲယမ်းမီးကျောက်တွေ သယ်လာတယ်။ ကျည်ဆံတွေ တင်လာတယ်။ အမြောက် တွေ တင်လာတယ်။ အဲကနေ မြန်မာပြည်ထဲလာ၊ ကုန်းတွေပေါ် တက်တင်၊ ဒီဘက်က ပစ်ခတ်တယ်ဆိုလို့ရှိရင် အဲဒီအထဲကို ပြန်ဆုတ်သွားတာပဲ။

ပြီးတော့ ဒီလောက်အချိန်ကာလ တိုတိုလေး အတွင်းမှာ လက်နက် အများကြီးကို ဒီလိုမျိုး ရောက်လာဖို့ ကိစ္စဆိုတာကလည်း လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ တစုံ တရာ အင်အားစုတွေပါဝင်တဲ့ အနေအထားတော့ ရှိတယ်ပေါ့ဗျာနော်။ နောက်တခုကလည်း အဲမှာ ပိုက်ဆံကလည်းအများကြီး သစ်တို့၊ ကျောက်စိမ်းတို့ မှောင်ခိုကလည်း မရှိဘူးဆို အမေရိကန်ဒေါ်လာ ၁၃ ဘီလျံကနေ ၁၅ ဘီလျံလောက်ထိ ရှိတယ်။ သစ်နဲ့ ကျောက်စိမ်းနှစ်ခု ပေါင်းရင်လေ။ ဒီလောက် ပိုက်ဆံကတော့ တော်တော်ကြီးကို များတယ်လေ။

ဟိုတလောက Environmental investigation agency (EIA international) ဆိုပြီးတော့လေ သူတို့လည်း အစီရင်ခံစာ ထုတ်ထားတာ ရှိတယ်။ အဲဒါ ကတော့ တရုတ်သစ်ကုမ္ပဏီတွေက မြန်မာပြည်မှာရှိတဲ့ အာဏာပိုင်တွေကိုလည်း လာဘ်ထိုးတယ်။ နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ညှိတယ်။ တရုတ် အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ မှောင်ခိုထုတ်တဲ့ ဟာတွေလည်း ရှိတာပေါ့။ အဲဒီတော့ ဒီပိုက်ဆံတွေနဲ့ ဒါတွေနဲ့က ခုနပြောတဲ့ လက်နက် ခဲယမ်း မီးကျောက်ကိစ္စတွေက ဖြစ်လာတာပေါ့။ ဆိုတော့ တော်တော်တော့ ရှုပ်ထွေးတဲ့ ပြဿနာမျိုးလို့ ကျနော်တို့ ပြောလို့ရပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List