အာဖဂန်နစ္စတန် စစ်တပ်က အကူအညီတောင်းလို့ Kunduz မြို့က ဆေးရုံကို ပစ်ခတ်ခဲ့ရတာလို့ အမေရိကန်က ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ အလုပ်လုပ်နေတဲ့ Kunduz မြို့ ဆေးရုံမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့အတွက် လူနာနဲ့ ကျန်းမာရေးဝန်ထမ်း ၂၂ ယောက် သေဆုံးခဲ့ရပါတယ်။
အစပိုင်းမှာတော့ အမေရိကန် စစ်သားတွေ တိုက်ခိုက်ခံနေရတာကို ကူညီရင်းနဲ့ ပစ်ခတ်မိတာလို့ အမေရိကန် စစ်တပ်က ထွက်ဆိုခဲ့ပေမယ့် အခုအခါမှာတော့ တာလီဘန် လက်ထဲ ကျရောက်နေတဲ့ အာဖဂန် စစ်တပ်က အကူအညီတောင်းလို့ ပစ်ခတ်ရတာ ဖြစ်တယ်လို့ ပြန်ပြောင်းပြောဆိုနေ ပါတယ်။
ဒီလို တိုက်ခိုက်မှုအတွင်း အရပ်သားတွေ သေဆုံးရတဲ့အပေါ် အမေရိကန် အနေနဲ့ အင်မတန် ဝမ်းနည်းမိကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Josh Earnest က ပြောပါတယ်။
နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကတော့ အမေရိကန်ကနေ စကားကို ဟိုပြော ဒီပြောနေတာကို ကြည့်ခြင်းအားဖြင့် သီးသန့်လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး လုပ်ဖို့ လိုအပ်နေပြီ ဆိုတာကို ပြသနေပြီလို့ ပြောပါတယ်။
အမေရိကန်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်၊ နေတိုးနဲ့ အာဖဂန်တို့ ပူးပေါင်းပြီး စစ်ဆေးနေပြီး လိုအပ်သလို ဆောင်ရွက်သွားမယ်လို့ ပြောဆို ထားပါတယ်။
ABC
No comments:
Post a Comment