Thursday, October 08, 2015

၈၈ ငြိမ်း/ပွင့် မှော်ဘီနှင့် လှိုင်သာယာစက်မှုဇုန်တွင် ဆန္ဒမဲ အသိပညာပေးမည်


၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်း) အနေဖြင့် မှော်ဘီမြို့နယ်နှင့် လှိုင်သာယာ စက်မှုဇုန်များတွင် ဆန္ဒမဲ အသိပညာပေး လုပ်ငန်းများ သွားရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရှိရသည် ။မှော်ဘီမြို့နယ်ရှိ အရပ်ဘက် အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၈ တွင် သွားရောက်ကာ မဲအသိပညာပေးခြင်းကို လုပ်ဆောင်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း)မှ မနီလာသိန်းက ဆိုသည် ။

“ လှိုင်သာယာ စက်မှုဇုန်ဘက်ကို သွားဖို့ရှိတယ် ။ စက်မှုဇုန်က ၀န်ထမ်းတွေက ဘယ်မှာ မဲပေးမလဲ ။ စက်မှုဇုန် အလုပ်သမားတွေရဲ့ မဲပေါင်းများစွာက ပယ်မဲဖြစ်သွားမှာ စိုးရိမ်ပါတယ် ။ တချို့ ကျေးရွာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို သိတယ် ။ ပါတီတံဆိပ်ကို မသိတာ ရှိတယ် ။ ကိုယ်ပေးချင်တဲ့ ပါတီကို မှတ်ပါ ။ လွတ်နေတဲ့ အကွက်မှာ ဘောင်ဝင်အောင် ရိုက်ရမယ် ဆိုတာကို ရှင်းပြတယ် ။ မဲဆန္ဒရှင်က တံဆိပ်တုံးကို ပါတီတံဆိပ်မှာ မှားရိုက်မိမှာ စိုးရိမ်တယ် ။ ဘောင်ဝင်အောင် ရိုက်ရမယ် ဆိုတာကို ရှင်းပြတယ်” ဟု ၈၈ မျိုးဆက် (ငြိမ်း / ပွင့်) မှ မနီလာသိန်းက ပြောသည် ။ 

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း)က ဧရာဝတီတိုင်း ၊ ရှမ်းပြည်နယ် ၊ ရန်ကုန်တိုင်း အပါအ၀င် တစ်နိုင်ငံလုံးတွင် မဲအသိပညာပေးခြင်း ၊ စတေကာများ ကပ်ခြင်း ၊ မဲတံဆိပ်တုံး ရိုက်နည်းများကို ပြည်သူလူထု သိရှိစေရန် တစ်နိုင်ငံလုံးရှိ ၎င်းတို့အဖွဲ့များနှင့် ချိတ်ဆက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်းကိုလည်း သိရသည် ။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် လုပ်ကိုင်နေသူ နှစ်သိန်းကျော် ရှိသော်လည်း ရွှေပြည်သာ စက်မှုဇုန်နှင့် လှိုင်သာယာ စက်မှုဇုန်များတွင် လုပ်ကိုင်နေသည့် ၀န်ထမ်းများအား သီးသန့်စာရင်း ကောက်ခံထားခြင်း မရှိကြောင်း အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်မှ သိရသည် ။

လက်ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းအနေဖြင့် NLD ပါတီ၏ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲနှင့် ရွေးကောက်ပွဲ အသိပညာပေး ပွဲများ ပြုလုပ်မည့် ကျောက်တံတား မြို့နယ် နှင့် မင်္ဂလာတောင်ညွန့် မြို့နယ်များတွင် ပါဝင်ဟောပြောမည် ဖြစ်သည် ။

အောက်တိုဘာလ ၁၈ ရက် ကျောက်တံတားမြို့နယ် တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦးတို့နှင့်အတူ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ခေါင်းဆောင် ကိုမင်းကိုနိုင် ပါဝင် ဟောပြောမည် ဖြစ်သည် ။

သတင်း - MMK

The Ladies News Journal

No comments:

Post a Comment

My Blog List