Friday, October 09, 2015

စိတ်ဝင်စားဖွယ်ရာကောင်းသော အမတ်လောင်းများ


နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် လွှတ်တော်သုံးရပ်အတွက် နိုင်ငံရေးပါတီ ၉၀ကျော်နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၀၀ ၀န်းကျင်စုစုပေါင်း အမတ်လောင်း ၆,၀၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အမတ်လောင်းအားလုံးကို မိတ်ဆက်ပေးရန် အချိန်နှင့်စာမျက်နှာအခက်အခဲကြောင့်မဖြစ်နိုင်၍ အလားအလာရှိပြီး စိတ်ဝင်စားဖွယ်ရာကောင်းသော အမတ်လောင်းအချို့ကို ရွေးချယ်မိတ်ဆက်ပေးလိုက်ပါသည်။

ကိုပြုံးချို (ခ) ဦးဌေးဝင်းအောင်
(ဒေါပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)

ရှစ်လေးလုံး အရေးတော်ပုံကြီးမှ စတင်ပြီး ၂၀၁၀ အစိုးရသစ်တက်လာပြီးသည်အထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု အတွက် ထောင်ကိုခြင် ထောင်ကဲ့သို့ ဝင်ထွက်ခဲ့ရသူများ တွင် ကိုပြုံးချို တစ်ယောက်လည်း အပါအဝင်ဖြစ်သည်။ ဘဝရှေ့ရေးအတွက် အလားအလာကောင်း သော ခေတ်ပညာတတ် ရန်ကုန်တက္ကသိုလ်ကျောင်းသား ဘဝကို စွန့်လွှတ်ကာ ဒီမိုကရေစီရရှိရေး တစိုက်မတ်မတ်တိုက်ပွဲဝင်ခဲ့သူ သည် ယခုအခါ ဒီမိုကရေစီပီပြင်ရေး ဆက်လက်တိုက်ပွဲဝင်ရန် လွှတ် တော်သွားရာလမ်းတွင် ရောက်ရှိနေပြီဖြစ်သည်။

‘‘ကျွန်တော်က ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ တောက်လျှောက်ပါဝင်ခဲ့တယ်။ နောက်ပြီး ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့အတူ ပြည်သူတွေထဲ ထိတွေ့သွားလာခဲ့တယ်။ တိုင်း ပြည်ရဲ့ ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်တွေ၊ ပြည်သူတွေကို ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်တွေကို လည်း သိထားတယ်။ ဒီအတွေ့အကြုံတွေနဲ့ လွှတ်တော်ထဲမှာ ပြည်သူကို အလုပ်အကျွေးပြုသွားမှာပါ’’ဟု အသက် (၄၉) နှစ်အရွယ် ကိုပြုံးချိုက ပြောသည်။

၁၉၈၇ တွင် ရန်ကုန်တက္ကသိုလ်မှ B.Sc(Geology)ဘွဲ့ကို ကွာလီဖိုင်းဖြင့်ရခဲ့သူ ကိုပြုံးချိုသည် အရေးအခင်းကာလတစ်လျှောက် ရန်ကုန် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး(၂) အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ဒီမိုကရေစီရေးလှုပ်ရှားမှုကြောင့်ထောင်ထဲသို့ ဝင်ချည်ထွက်ချည်ဖြစ်ခဲ့ပြီးနောက် ၂၀၁၂တွင် ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့နှင့်အတူ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကို တည်ထောင်ပြီး လွှတ်တော် ပြင်ပနိုင်ငံရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်။

‘‘သူသာ လွှတ်တော်ထဲရောက်ရင် လွှတ်တော်ပြင်ပနိုင်ငံရေးနဲ့ လွှတ်တော်တွင်းနိုင်ငံရေးကို ဟန်ချက်ညီအောင် ပေါင်းကူးပေးနိုင်မယ့် လူတစ်ယောက်လို့မြင်တယ်’’ဟု မြန်မာ့ခေတ် မီဒီယာအုပ်စုမှ စီအီးအို ကို အောင်အောင်ကျော်က ပြောသည်။

ကိုပြုံးချိုသာမက သူ၏မိသားစုဝင်များကပါ မြန်မာ့ဒီမိုကရေစီရေး တွင် ပေးဆပ်ခဲ့ကြသည်။

‘‘သူ့ညီအရင်းဆို ထောင်ထဲမှာပဲ ဆုံးသွားတာ။ သူတို့မိသားစုက ပေးဆပ်ခဲ့တာပဲရှိတယ်။ ပြန်ပြီးရယူခဲ့တာ ဘာမှမရှိဘူး’’ဟု ကိုအောင် အောင်ကျော်က ဆက်လက်ပြောကြားသည်။

ဘဝတွင် ခါးသီးသောဒဏ်ရာဒဏ်ချက်များ ရရှိခဲ့သော်လည်း သူသည်အမည်နှင့်လိုက်ဖက်စွာပင် ပြုံးချိုနေတတ်သည်။ ၂၀၁၄ တွင် ဒီချုပ်နှင့် လက်တွဲကာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် ဟောပြောပွဲ ကျင်းပရေး ဗဟိုပူးပေါင်းကော် မတီဝင်အဖြစ် ထမ်းဆောင်သည့် ကြားမှပင် နော်ဝေးနိုင်ငံ အော် စလိုတက္ကသိုလ်မှ International Summer School, Human Rights အတန်းကိုလည်း အောင် မြင်ခဲ့သေးသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တစ်ဦးတည်းသော ဒီချုပ်ကိုယ်စားလှယ်ဖြစ်ခြင်း၊ အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်သော ကျောင်းသားသပိတ်ကို အခြေအနေများ ဆိုးဆိုးရွားရွား မဖြစ်ခဲ့ရန် ထိန်း သိမ်းပေးခဲ့သူများတွင် တစ်ဦး အပါအဝင်ဖြစ်ခြင်းများက သူ၏ အခြားသော ဝိသေသများဖြစ် သည်။

သို့သော် ကိုပြုံးချို၏ နေပြည်တော်သို့ သွားရာလမ်းအတွက် ဒေါပုံတွင် အင်အားကြီး ပါတီလေးခုဖြစ်သည့် ပြည်ခိုင်ဖြိုး၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီနှင့် အမျိုးသားတိုး တက်ရေးပါတီတို့မှ ကိုယ်စားလှယ်လောင်းများကို ကျော်ဖြတ်ရမည် ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်အောင်ဆန်းကို စံထားသော နိုင်ငံရေးသမားသည် ဗိုလ်ချုပ်၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲကာ နိုင်ငံ တည်ဆောက် လိုသောဆန္ဒကို ဗိုလ်ချုပ်ကိုချစ်သော ပြည်သူများက ဖြည်းဆည်းပေးမည်ဟု ယုံကြည်လျက်ရှိသည်။

ဒေါက်တာမောင်သင်း
(မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

မန္တလေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာ မောင်သင်းသည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဒေါက်တာမောင်သင်းသည် ဆေးတက္ကသိုလ်(၁)တွင် ၁၉၈၀ ၌ သရုပ်ပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည် ဒုတိယညွှန်ကြားရေး မှူးချုပ်၊ မိတ္ထီလာ တက္ကသိုလ်ပါမောက္ခချုပ်၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

၎င်းသည် အမျိုးသားလွှတ်တော်ဥပဒေကြမ်းရေးဆွဲရေးကော်မတီ တွင် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး လက်ရှိပြဋ္ဌာန်းထားသည့် အမျိုးသားပညာရေး ဥပဒေကို ရေးဆွဲရာတွင်လည်း ပါဝင်ခဲ့သည်။

‘‘ရွေးကောက်ပွဲဝင်တဲ့သူ အားလုံးက နိုင်ငံကို ဖွံ့ဖြိုးအောင်၊ တိုးတက်အောင် တည်ဆောက်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဝင်ကြတယ်။ အဲဒီလိုဝင်တဲ့အခါမှာ နိုင်ငံတကာပညာ အတွေ့အကြုံလည်းရှိ၊ ပြည်တွင်းမှာလည်း စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးကိုအတွေ့ အကြုံရှိတဲ့လူတွေ လွှတ်တော်ထဲ မှာ  များလာရင် နိုင်ငံဖွံ့ဖြိုးရေးကို ပိုမိုဆောင်ရွက်နိုင်မယ်လို့ ယူဆတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာ အတွေ့အကြုံလည်းရှိတယ်။ စီမံခန့်ခွဲရေးမှာ ညွှန်ကြားရေးမှူးနဲ့အထက်ဖြစ်တဲ့ ၀န်ထမ်းအကြီးအကဲ အဖြစ် အလုပ်လုပ်လာတာ ၁၅ နှစ်လောက်ရှိပြီဆိုတော့ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ ကိုယ့်ပတ်ဝန်းကျင်ဖွံ့ဖြိုးရေး၊ ဒါ့အပြင် အမျိုးသားပညာရေးဥပဒေမှာလည်း ကိုယ်တိုင်ကိုယ်ကျ ရှေ့ ဆုံးက ပါဝင်ရေးဆွဲခဲ့တဲ့အတွက် အဲဒီလိုလူမျိုးတွေရှိရင် ပိုကောင်းတယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ရွေးကောက်ပွဲဝင်တာပါ’’ဟု ဒေါက်တာ မောင်သင်းက ရွေးကောက်ပွဲဝင် ရခြင်းအကြောင်းကို ပြောသည်။

မိတ္ထီလာတက္ကသိုလ်တွင် ၂၀၀၈ မှ ၂၀၁၄ အထိ ခြောက်နှစ်ကြာ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရွေးကောက်ပွဲတွင် ပြည် ခိုင်ဖြိုးပါတီကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် ရွေးချယ်ခံခြင်းဖြစ်သည်။

၎င်း၏ စံပြပုဂ္ဂိုလ်များသည် ဦးသန့်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဦးသိန်းစိန်တို့ဖြစ်ကြသည်။

ရွေးကောက်ပွဲတွင် ပညာရေးနယ်ပယ်မှ အငြိမ်းစားပါမောက္ခ ချုပ်များအနက် ဒီချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာအောင်သူနှင့် ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာမောင်သင်းတို့ နှစ်ဦးသာရှိသည်။

ပညာရေးဆိုင်ရာ ဆောင်းပါးများ၊ စာအုပ်များ၊ စာတမ်းများ ကို အမည်ရင်းအပါအ၀င် မောင်သင်း-သပြေနှင့် ဦးကျင်မာ စသည့် ကလောင်ခွဲများဖြင့် ရေးသားခဲ့သည်။

‘‘ဒေါက်တာမောင်သင်းက ပညာရေးဆိုက်ကလာတဲ့သူတစ်ယောက်ဆိုတော့ သူ့နိုင်ငံရေးဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံကိုတော့ မကြားဖူးဘူး။ သူက သူ့ပညာရေးနဲ့သူ ရိုးစင်းတယ်။ နား အေးတဲ့သူဆိုတော့ သူပင်စင်ယူ သွားပြီးတော့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တာပေါ့။ လူပုဂ္ဂိုလ်ရေးအရ အသက်အရွယ်အားဖြင့်ရော၊ သူတတ်ထားတဲ့ ပညာနဲ့ရော မဆိုးဘူးလို့ ကျွန်တော်တို့က ယူဆတယ်။ အတွေးအခေါ်၊ အမြော်အမြင်အားလုံး ပြည့်စုံတဲ့သူတစ်ယောက်ပါ။ ပြည်သူ့အတွက် ကြိုးစားဆောင်ရွက်ရပ်တည်မယ့် လူတစ်ယောက်လို့ထင်ပါတယ်။ ဘယ်ပါတီကပုဂ္ဂိုလ်ပဲဖြစ်ဖြစ် လွှတ်တော်ထဲရောက်သွားရင် ပြည်သူ့ အတွက် လိုအပ်ချက်ကို စွမ်းစွမ်းတမံဆောင်ရွက်မယ်ဆိုရင် မည်သူ့ကိုမဆို သဘောကျမှာပါ။ ပုဂ္ဂိုလ်စွဲမထားပါဘူး’’ဟု မိတ္ထီလာ မြို့ခံ ဦးစိုးမြင့်က သူ၏အမြင်ကိုပြောသည်။

၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာ ၀င်းစိုးဦး၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ဦးခင်ကိုလတ်၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒေါ်ခင်ဝိုင်းကြည်တို့နှင့်အတူ ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

‘‘ကျွန်တော်တို့ထက်သာတဲ့ ကောင်းတဲ့သူရှိရင် တစ်သီးပုဂ္ဂလပဲဖြစ်ဖြစ်၊ ဘယ်ပါတီကပဲဖြစ်ဖြစ်၊ တိုင်းပြည်ကောင်းကျိုးကို ဆောင် ရွက်မယ့်လူကို ဦးစားပေးရွေးချယ်ကြပါ’’ ဟု ၎င်းက ယုံကြည်ချက် အပြည့်ဖြင့်ပြောသည်။

ဦးရဲထွန်း
(သီပေါမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)

လွှတ်တော်အတွင်း မေးခွန်းများ၊ အဆိုများတင်သွင်းမှုကို ပုံမှန်သာပြု လုပ်ခဲ့သော်လည်း အခြားသူများတင်သွင်းသည့်အဆိုများ ဥပဒေကြမ်းများနှင့် နိုင်ငံအတွက် အရေးကြီးသော အကြောင်းကိစ္စရပ်များရှိပါက တက်တက်ကြွကြွဆွေးနွေးထောက်ပြလေ့ရှိသူမှာ လက်ရှိပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ အနိုင်ရခဲ့သည့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ဦးရဲထွန်းသည် တိုင်းရင်းသားပါတီတစ်ခုဖြစ် သော ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ အနိုင်ရကာ လွှတ်တော် အတွင်းရောက်ရှိလာခဲ့သည့် ကိုယ်စားလှယ်လောင်း တစ်ဦးလည်းဖြစ် သည်။

လွှတ်တော်တွင်း လှုပ်ရှားဆွေးနွေးမှုများတွင် တက်တက် ကြွကြွ ဆောင်ရွက်သဖြင့် လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်နာယကတို့၏ မကြာခဏ သတိပေးခြင်းကိုခံခဲ့ရသည်။

အထူးသဖြင့် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့အကြား ပွတ်တိုက်မှု အပြင်းထန်ဆုံးဖြစ်ပွားခဲ့သည့် အခြေခံဥပဒေခုံရုံးကိစ္စတွင် ခုံရုံးဥပဒေ မပြင်ဆင်ရေးဘက်မှ မိမိယုံကြည်ရာကို မားမားမတ်မတ်ရပ်တည်ခဲ့သူတစ်ဦးဖြစ်သည်။

ဦးရဲထွန်းအနေဖြင့် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် ယခင်အနိုင်ရပါတီမှပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။

တိုင်းရင်းသားများလိုလားသည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် လိုအပ်သော အယူအဆများ၊အချက်အလက်များ တင်ပြနိုင်ရေးနှင့် အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရေး၊ အစိုးရ ကောင်းတစ်ရပ် ပေါ်ထွက်လာရေးတို့အတွက် အကြံပြုနိုင်ရေး စသည့်အချက်များကြောင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

လွှတ်တော်ပထမအကြိမ်သက်တမ်းအတွင်း မိမိတစ်ဦးချင်းလုပ်ဆောင်ချက်များကို ကိုယ်တိုင်အားရကျေနပ်ခဲ့ပြီး မိမိဒေသခံတိုင်းရင်း သားများအတွက် ဥပဒေအရ ရပိုင်ခွင့်များ တောင်းဆိုခြင်း၊ ဥပဒေမဲ့ဖိနှိပ်ခြင်းများကို တင်ပြအရေးဆိုခြင်း စသည့်လုပ်ငန်းများကို အဓိက လုပ်ဆောင်ခဲ့ရကြောင်း ဦးရဲထွန်းကပြောသည်။

ယခုရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရပါက ဒေသဖွံ့ဖြိုးရေးကို အဓိကထားဆောင်ရွက်မည်ဖြစ်ပြီး လွှတ်တော်ဒုတိယ မြောက်သက်တမ်းသည် တည်ဆောက်ရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရမည့်ကာလဟုလည်း ဦးရဲထွန်းက သုံးသပ်သည်။

ရွေးကောက်ပွဲတွင် မဲလိမ်၊ မဲခိုးခြင်းနှင့်အခြားအနှောင့်အယှက်များ မခံရပါက မိမိသေချာပေါက်အနိုင်ရမည်ဟုလည်း ဦးရဲထွန်းက ယုံကြည်နေသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲထွန်းသည် ပြင်ပစီးပွားရေးအဖြစ် ပရိဘောဂလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ယခုအခါအသက်(၆၀) ရှိပြီဖြစ်သည်။

‘‘ဦးရဲထွန်းက ပြည်သူအတွက် အလုပ်လုပ်ပေးတယ်။ ပြည်သူ အတွက်ဆို အမှန်အတိုင်းပြောရဲတယ်။ တောင်းဆိုပေးရဲတယ်။ မြို့နယ်အကျိုးတွေကို စွမ်းသမျှဆောင်ရွက်ပေးတယ်။ အမှန်တရားဘက်က ရပ်တည်တဲ့သူဖြစ်တယ်’’ဟု သီပေါမြို့မှ မြို့ခံ ဦးစိုင်းဆိုင်က မှတ်ချက် ပြုသည်။

ဦးသိန်းညွန့်
(သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီ ဥက္ကဋ္ဌ)

အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP) ပါတီဥက္ကဋ္ဌ ဦးသိန်း ညွန့်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လွှတ်တော် သက်တမ်းအတွင်း ပုဂ္ဂလိကသ တင်းစာများထွက်ရှိရေး၊ သက်ငယ်မုဒိမ်းပြုကျင့်သူများအား သေဒဏ်ပေးရေး၊ ပြည်ပရောက် မြန်မာလုပ်သားများအတွက် အကာအ ကွယ်ပေးနိုင်သော အထူး ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရန်၊ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ စသည့်အရေးကြီးအဆို များ တင်သွင်းခဲ့သူဖြစ်သည်။

သက်ငယ်မုဒိမ်းပြုကျင့်သူများအား သေဒဏ်ပေးရေးဥပဒေကြမ်း ပေါ်ပေါက်ရေးတင်သွင်းသော အဆိုသည် ပြည်သူများအကြား လှုပ်ခတ် သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းညွန့် သည် လွှတ်တော်အစည်းအဝေး များတွင် ကြယ်ပွင့်ပြမေးခွန်း ၇၉ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၆၀ ၊ အဆို ၃၀ နှင့် ဥပဒေကြမ်း ၂၈ ခု တင်သွင်းခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက တရားဥပဒေနှင့် ဆန့်ကျင် သည့် မြေယာသိမ်းဆည်းခံရမှုနှင့် ကလေးသူငယ်ဆိုင်ရာ မုဒိမ်းမှုများ အား သေဒဏ်ပေးရေးကိစ္စများကို အဆိုပါ တင်သွင်းသွားမည်ဟုအမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်ကပြောသည်။

‘‘သင်္ဃန်းကျွန်းပြည်သူတွေကို ကတိပေးပြီး မဲဆွယ်တယ်။ အဲဒီပေးထားတဲ့ကတိတွေအတိုင်းပဲ ဖြစ်အောင်လုပ်ပေးခဲ့တယ်’’ဟု ဦးသိန်းညွန့်ကပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော မိကျောင်းကန် မြေယာသိမ်းဆည်းမှုပြဿနာနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်အတွင်း အဆိုတင်သွင်းခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပျက်ခဲ့သော ဘာသာရေး၊ လူမျိုးရေးကိစ္စများတွင်လည်း သွားလာရောက်ဖြေရှင်းခဲ့သူဖြစ်သည်။

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရေးအဆိုကို နှစ်ကြိမ်တိုင်တိုင်တင်သွင်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများအပါအ၀င် နိုင်ငံသားအကျဉ်း သားများပြန်လည် လွတ်မြောက်ရေးအတွက် လွှတ်တော်အတွင်းမှဆောင်ရွက်ခဲ့သူဖြစ်သည်။

‘‘ဦးသိန်းညွန့်က လက်ရှိ လွှတ်တော်သက်တမ်းတစ်ခုလုံး မှာတော့ ကျွန်တော်တို့တွေ့ရတာကတော့ လွှတ်တော်ထဲမှာ အဆိုတော်တော် များများကို ပြည်သူတွေသိစေချင်တဲ့ မေးခွန်းတွေ၊ ဖြစ်စေချင်တဲ့မေးခွန်းတွေကို တောက်လျှောက်မေးတာမြန်းတာလုပ်တဲ့ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးပါ။ နိုင်ငံရေးအကျဉ်းသားတင်မဟုတ်ပါဘူး။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကိုပါ အမြဲတမ်းတင်ပြနေသူဖြစ်ပါတယ်’’ဟု ဦးသိန်းညွန့်နှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား ဟောင်း ဦးရဲအောင်က သူ၏ အမြင်ကိုပြောသည်။

အသက် (၇၁)နှစ်အရွယ် ဦးသိန်းညွန့်သည် တရားလွှတ်တော်ရှေ့နေလည်းဖြစ်ပြီး ယခုအစိုးရသစ်လက်ထက်တွင် မီဒီယာများ ကို အစိုးရက စွဲဆိုသည့် အမှုအချို့တွင် တရားစွဲခံရသည့် မီဒီယာများဘက်မှ လိုက်ပါဆောင်ရွက်ခဲ့သည်။

‘‘ဦးသိန်းညွန့်က ပြီးခဲ့တဲ့ လွှတ်တော်ထဲမှာ မေးခွန်းတွေရော၊ အဆိုတွေရော တော်တော်လေးကို အမေးဆုံးလွှတ်တော် ကိုယ်စားလှယ်ထဲမှာ ပါပါတယ်။ ထူးထူးခြားခြားဖြစ်တဲ့ မေးခွန်းတွေ၊ ဥပမာအသက်မပြည့်သေးတဲ့သူကို မုဒိမ်းကျင့်ရင် သေဒဏ်ပေးဖို့အဆိုတင်တာမျိုးတွေပေါ့။ တင်ခဲ့သူလည်းဖြစ်တယ်။ လွှတ်တော်ထဲမှာတော့ အင်အားအနည်းဆုံး ဖြစ်နေတဲ့အခါကျတော့ သူအဆိုတင်တိုင်းတင်တိုင်းဟာ ပယ်ချခံလိုက် ရတာမျိုးတွေတော့များတာပေါ့။ အဆိုတွေတော့ မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ သူတင်တဲ့အဆိုတွေကတော့ အများကြီးပါ’’ဟု နိုင်ငံရေးလေ့လာ စောင့်ကြည့်သူ ဦးကျော်လင်းဦးက ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ဦးသိန်းညွန့်နှင့်အပြိုင် တစညမှ ဦးအေးကြည်၊ ပြည်ခိုင်ဖြိုးမှ ဦးသန့်ဇင်၊ ဒီချုပ်မှ ဦးလှရွှေ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီမှ ဦးဟန်တင်၊ အမျိုးသားညီညွတ်ရေးကွန်ကရက်ပါတီမှ ဦးရန်နိုင်၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ဦးမောင်မောင်တာ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက် ရေးပါတီမှ ဦးဝင်းမောင်၊ အမျိုးသားတိုးတက်ရေးပါတီမှ ဦးလပ်သင်းနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဦးခင်မောင်ကျော်တို့က ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ‘‘သင်္ဃန်းကျွန်းလွှတ်တော်အမတ် တွေထဲမှာတော့ ဦးသိန်းညွန့်က တော်တော်လေးမြို့နယ်ကို ပြန်ကြည့်တဲ့ အမတ်လို့ ပြောရမယ်။ တစ်ခုခုတစ်စုံတစ်ရာဖြစ်ရင်လည်း သူရောက်လာပြီး ဖြေရှင် ပေးတာများပါတယ်။ မဲပေးရမယ်ဆိုရင် ဘာပဲဖြစ်ဖြစ်ကိုယ့်မြို့နယ်ကို ပြန်ပြီးဂရုစိုက်ပေးတဲ့သူကိုပဲ မဲပေးရမှာပဲ’’ဟု သင်္ဃန်းကျွန်းမြို့နယ်နေ အသက် (၅၀)အရွယ် ဦးချစ်မောင်က ဆိုသည်။

ဒေါ်ဇင်မာအောင်
(ရန်ကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)

၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ် စားလှယ်လောင်း ရှစ်ရာကျော်တွင် ဒေါ်ဇင်မာအောင်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။

မဇင်မာအောင်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုကာ ရန်ကုန်တိုင်းဒေသ ကြီး ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဖမ်းဆီးခံကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေးလှုပ်ရှား မှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ရက်ပေါင်း ၆၀အတွင်း လွှတ်တော်ခေါ်ယူရေး လှုပ်ရှားမှုများကြောင့် ဒေါ်ဇင်မာအောင်သည် နှစ်ရှည်ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ကာ အကျဉ်းထောင်ထဲတွင် ၁၁ နှစ်ကျော် နေ ထိုင်ခဲ့ရပြီး ၂၀၀၉ တွင် စက်တင်ဘာအတွင်း မန္တလေးအကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက်ပိုင်းတွင် ဒေါ်ဇင်မာအောင်သည် အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးလှုပ်ရှားမှုများ တိုးတက်ရေးအတွက်လေ့ကျင့်မှုများပေးနေသည့် Rain Fall Gender Study Group နှင့် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းတို့ကို ပူးတွဲတည်ထောင် သူတစ်ဦးဖြစ်လာသည်။

‘‘ကျွန်မအရွေးခံရမယ်ဆိုရင် ရန်ကင်းက ပြည်သူတွေအတွက် လူငယ်ဖွံ့ဖြိုးရေးစင်တာတစ်ခုတည်ထောင်ဖို့ရှိပါတယ်။ ဒီစင်တာကနေ အမျိုးသမီးခေါင်းဆောင်တွေထွက်လာဖို့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ ဆောင်ရွက်မှာပါ’’ဟု အသက် ၃၉ နှစ်အရွယ် ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့ပြင် လွှတ်တော်တွင်းသို့ ရောက်ရှိသွားပါက ဒီမိုကရေစီနည်းလမ်း မကျသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကာ တိုင်းပြည်အတွက် မလိုအပ်သည့်ဥပဒေများကို ပယ်ဖျက်ခြင်းလည်း ပြုလုပ်မည်ဟု ၎င်းကဆို သည်။

‘‘ကျွန်မတို့ခေါင်းဆောင် ပြောသလိုပဲ ကျွန်မကို တာဝန်ပေး ကြည့်ပါ။ တာဝန်ပေးကြည့်လို့ ကျွန်မတို့က အမှန်တကယ် ပြည်သူတွေ အတွက် မဆောင်ရွက်ပေးနိုင်ဘူးဆိုရင် မဲနဲ့ပဲ ကျွန်မတို့ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ်က ပြန်ခေါ်လိုက်ပါ’’ဟု ၎င်းက ပြောသည်။

၎င်းသည် ဒဂုံတက္ကသိုလ်မှ B.Sc(Botany) ဘွဲ့ရရှိခဲ့ပြီး အမေရိကန်နိုင်ငံ စတန်းဖို့ဒ်တက္ကသိုလ်တွင် Democracy Rule of Law and Development သင်တန်း တက်ရောက်ခဲ့သူတစ်ဦးဖြစ်သည်။

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူ ဒေါ်ဇင်မာအောင် သည် ၂၀၁၂ တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ချီးမြှင့်သော အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆု (International Women of Courage) ကိုရရှိခဲ့ပြီး ၂၀၁၄ World Economic Forum တွင် Youth Global Leader အဖြစ် ရွေးချယ်ဖော်ပြခြင်းခံခဲ့ရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကင်းပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဒေါ်ဇင်မာအောင်သည် ပါတီခြောက်ခုမှ အမျိုးသားအမတ်လောင်း ခြောက်ဦးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဒေါ်ဇင်မာအောင်သည်  ကျားမရေးရာတန်းတူညီမျှ ရရှိရေးအတွက် ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း၊ နိုင်ငံရေး ဖြတ်သန်းမှုအနေဖြင့် လည်း အကျဉ်းထောင်အတွင်း ဆယ်နှစ်ကျော်နေခဲ့ရသည့်အတွက် အခက်အခဲနှင့် ကြုံတွေ့လာသည့်အခါတွင် ကြံ့ကြံ့ခိုင်ဖြတ်ကျော်နိုင် ကြောင်း၊ နိုင်ငံရေးခံယူချက်ဖြင့် နိုင်ငံရေးကို ဇောက်ချလုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ နိုင်ငံရေးနှင့်ပတ်သက်၍ လေ့လာမှုများပြုလုပ်ထားသူတစ်ဦးဖြစ်သည့်အပြင်  နိုင်ငံတကာအတွေ့အကြုံများလည်းရှိသော ကြောင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် အထောက်အကူဖြစ်စေသည့် အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးချယ်ရန်သင့် တော်ကြောင်း ဒေါ်ဇင်မာအောင်နှင့် လုပ်ဖော်ကိုင်ဖက် Triangle အမျိုး သမီးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ခင်လေးကပြောသည်။

ရန်ကင်းမြို့နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ဒေသခံ မဲဆန္ဒနယ်ရှင်အများစုက သတိထားမိကြပြီး ဒေါ်ဇင်မာအောင်သည်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ကို သိရှိထားသည်ဟု ယင်းမြို့နယ်အတွင်း နေထိုင်သည့် ကိုစည်သူကပြောသည်။

‘‘အခုကတော့ မဲဆွယ်နေကြတာပဲ။ တချို့လည်း ကားနဲ့သီချင်းဖွင့် ပြီး ဆွယ်ကြတယ်။ အပြိုင်အဆိုင်ပဲ ဒေါ်ဇင်မာအောင်ကတော့ လူသိများ တယ်’’ဟု ကိုစည်သူက သုံးသပ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List