ကယားပြည်နယ်အတွင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့သည် ငြိမ်းချမ်းရေး ချိုးငှက်ပုံများကို အသုံးပြု မဲဆွယ်လျက်ရှိကြောင်း ဒေသခံများနှင့် နိုင်ငံရေးပါတီများထံမှ သိရသည်။
ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့သည် ၎င်းတို့ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ ဖြစ်သော ကယားပြည်နယ် ရှားတောမြို့နယ်နှင့် ဘော်လခဲမြို့နယ်များတွင် ငြိမ်းချမ်းရေးချိုးငှက် လိုဂိုအမှတ်တံဆိပ်ပါ အင်္ကျီ၊ ဦးထုပ်များနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေကြောင်း ကယားလူမျိုးစုဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစောဒယ်နီယယ်က ပြောကြားသည်။
“သူတို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ဝေတာ မဟုတ်ဘူး၊ ကြားလူတွေက လုပ်ပေးတာ။ တကယ်တမ်း ငြိမ်းချမ်းရေးချိုးငှက် ဆိုတာက ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပဲ ပတ်သက်ရမှာပဲလေ၊ အခုဟာက သူတို့က ခုတုံးလုပ်တဲ့ သဘော ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
အလားတူ ရှားတောမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများတွင်လည်း ငြိမ်းချမ်းရေးချိုးငှက် ရုပ်ပုံပါ လက်ကမ်းစာစောင်များနှင့် ဦးထုပ်များကို လိုက်လံဝေငှမှုများ ရှိကြောင်း ရှားတောမြို့နယ် ဒေသခံ ဦးစိုးရယ်က ဆိုသည်။
“ရွာတွေမှာဆိုရင် ဆန်အိတ်တွေ ပေးတာတွေလည်း ရှိတယ်၊ လက်ကမ်းစာစောင်မှာက သမ္မတကြီးပုံပါတယ်။ ပြီးရင် ငြိမ်းချမ်းရေးချိုးငှက်ပုံ ပါတယ်” ဟု ဆိုသည်။
ထို့အပြင် ဘော်လခဲမြို့နယ် အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဒေသခံများထံသို့ ဦးထုပ်များကို လိုက်လံဝေငှကြောင်း ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) တွင် ယှဉ်ပြိုင်မည့် ကယားလူမျိုးစု ဒီမိုကရေစီပါတီ ကိုယ်စား
လှယ်လောင်း ဦးညွန့်ရွှေက ပြောကြားသည်။
“မြို့ပေါ်မှာ ဝေနေတာတော့ တွေ့တယ်၊ သူတို့က ပါတီကိုယ်စားပြု မဟုတ်တော့ ငြိမ်းချမ်းရေးချိုးငှက်ကို လိုဂိုအဖြစ် သုံးတာလို့ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။
သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်သော်လည်း ကယားပြည်နယ် အတွင်းရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ဦးအောင်မင်းကမူ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းများကြောင့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သတင်းမီဒီယာများကို ဖြေကြားထားသည်။
The Voice Weekly
No comments:
Post a Comment