Thursday, October 08, 2015

အပစ်ရပ် စာချုပ် လက်မှတ်ထိုးခြင်း မထိုးခြင်းအပေါ် အမြင်များ


သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ၂ နှစ် နီးပါးကြာအောင် ဆွေးနွေး ညှိနှိုင်းလာခဲ့ရသည့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)ကို အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရက တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့်သာ လက်မှတ် ရေးထိုးနိုင်ရန် စီစဉ်လျက် ရှိသည်။
တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ်ဟု ဆိုသော်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် အားလုံး မပါဝင်သဖြင့် ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိရာ ယင်းဖြစ်စဉ်အပေါ် ပြည်တွင်း နိုင်ငံရေးအသိုင်းအ၀န်း၏ အမြင်များကို ဧရာဝတီ သတင်းထောက်များဖြစ်သည့် နန်းဆိုင်နွမ်နှင့် ထွန်းထွန်းတို့က ဆက်သွယ်မေးမြန်းထားသည်။

ဦးခွန်ထွန်းဦး
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ

အားလုံး ပါဝင် လက်မှတ်ရေးထိုးဖို့က တဖက်ကလည်း ဖြစ်ချင်တယ်။ အစိုးရလည်း ဖြစ်ချင်တယ်။ ဘာလို့ မဖြစ်ဘူး ဆိုတာကတော့ အတွင်းထဲမှာ ညှိနှိုင်းလို့ မရတဲ့ သဘောမျိုး ရှိတာပေါ့။ အားလုံးပါရင် ကောင်းတာပေါ့။ တဖက်ကလည်း လက်နက်ကိုင် အဖွဲ့တွေလည်း အားလုံး ပါချင်တယ်။ အကုန်လုံး မပါတဲ့အတွက် အားလုံး သိထားဖို့တော့ တို့လိုတယ်လေ။ တယောက်နဲ့ တယောက် ညှိနှိုင်း ရမယ့် သဘောမျိုး ရှိနေတယ်။

ဒါကတော့ ကျနော်တို့ အားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ မဖြစ်သေးဘူး ဆိုရင်တော့ ၇ ဖွဲ့က ဘယ်လောက် အင်အားကောင်းလဲ ဆိုတာ ပြန်ကြည့်ရမယ်လေ။ ထိုးမယ့် ၇ ဖွဲ့ ကလည်း “ဝ” ရဲ့ တဝက်လောက်တောင် မရှိဘူး။ ပြည့်စုံမှု မရှိဘူး။ ပြည့်စုံမှု ရှိအောင်လို့ ထပ်ကြိုးစား ရမှာပေါ့။ လက်မှတ်ထိုးရင်းနဲ့ ဘယ်လို ဆက်ဖြစ်ကြမယ်ဆိုတာ မသိဘူးလေ။ အဖွဲ့ကြီးတွေ မပါဘဲနဲ့လည်း လုပ်သွားလို့ မဖြစ်ပြန်ဘူး။ အဲဒါ အရေးကြီးတယ်။ အားလုံး မပါဝင်ဘူးဆိုရင်တော့ အရာမရောက်ဘူးဆိုတာ အားလုံး သိတယ်လေ။ လူလည်း ပင်ပန်းတယ်။ အချိန်လည်း ကုန်တယ်။ ငွေရေး ကြေးရေးလည်း ကုန်တယ်ဆိုတော့ အခု အားလုံး ပြည့်စုံတဲ့ စာချုပ်ကြီး ဖြစ်လာမယ် လို့ ကျနော် မထင်ဘူး။

အခုတော့ ဒီအစိုးရ သက်တမ်းမှာတော့ ပြီးပြီဆိုတဲ့ အခြေအနေမျိုးတော့ မရှိဘူးပေါ့။ အားလုံး ပါဝင်လာအောင်လို့ နှစ်ဘက်လုံး ကြိုးစား သင့်တာပေါ့လေ။ ဒါပေမယ့် ကျနော်တို့ ရွေးကောက်ပွဲပြီးမှ ဖြစ်မယ်လို့ ထင်ပါတယ်။ တဘက်နဲ့ တဘက် စားပွဲမှာ ထိုင်ညှိတာ အကောင်းဆုံးပါပဲလို့ ကျနော် မြင်ပါတယ်။

ဦးမြအေး
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း

တခု ရှိတာက NCA ရဲ့ အဓိပ္ပာယ်က တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်လေ။ ဆိုလိုချင်တာ တနိုင်ငံလုံး အဖွဲ့အစည်းတွေ ပါဝင် ဖို့ လိုတယ်။ တကယ်တမ်း ပြောရရင် မပြည့်စုံတဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့ စာချုပ်လို့ မြင်ပါတယ်။

အဓိက ကတော့ မြန်မာပြည် ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့အခါမှာ အစိုးရ အဆက်ဆက် ဘယ်အစိုးရပဲ ပြောင်းသွား၊ ပြောင်းသွား ဆိုလိုချင်တာက သမ္မတ ဦးသိန်းစိန်မှ မဟုတ်ပါဘူး။ ဒီမိုကရက်တစ် အစိုးရ တက်လာသည် ဖြစ်ဖြစ် အရင်ဆုံး ပုံဖော်ရမှာက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပဲလို့ ကျနော်မြင်ပါတယ်။ ပုံမဖော်နိုင်ဘဲနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံတနိုင်ငံ မဖြစ်နိုင်ပါဘူး။ ကျနော်မြင်တာပေါ့။ အဲဒီပုံဖော်တဲ့ဟာသည် ရိုးသားမှု အခြေခံနဲ့ သွားသင့်ပါတယ်။ အခုလို မထိုးတဲ့သူတွေကလည်း မထိုးတဲ့ အကြောင်း ရင်း ရှိပါတယ်။ ထိုးတဲ့ သူကလည်း ထိုးတဲ့ အကြောင်းရင်း ရှိပါတယ်။ အဲဒါကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ကိစ္စပါ။ အခုတော့ ကတိုက်ကရိုက် ဖြစ်တာကို ကျနော်ကတော့ အပြစ်မတင်ပါဘူး။ သို့သော်လည်း ရွေးကောက်ပွဲ တခုခုအတွက် မဲဆွယ်တဲ့ လက်နက်ကိရိယာ တခုအဖြစ် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အသုံးမချသင့်ဘူးလို့ ကျနော် ထင်ပါတယ်။

ကျနော် မြင်တာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ စိတ်ပူတဲ့ အချက် ရှိပါတယ်။ အခု အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုတဲ့ အဖွဲ့တွေကို မျက်နှာသာ အရမ်းပေးပြီး စာချုပ် မချုပ်တဲ့အဖွဲ့ကို ထိုးစစ်ဆင်ပြီး စစ်တွေ ပြန်ဖြစ်မှာကို စိုးရိမ်တယ်။ မထိုးတဲ့ အဖွဲ့ အစည်းတွေကို ပိုပါလာအောင် စေ့စပ်ညှိနှိုင်းမှုတွေ ဆက်တိုက် ဆက်တိုက် တဖက်ကလည်း ပြုလုပ်သင့် တယ်လို့ ကျနော် မြင်ပါတယ်။

ဦးအေးသာအောင်
ရခိုင် အမျိုးသား ပါတီ(ANP) ပြောရေး ဆိုခွင့်ရှိသူ

မြန်မာပြည် တိုးတက်ဖို့အတွက် ပြည်တွင်းစစ်ရပ်ဖို့ လိုပါတယ်။ ပြည်တွင်းစစ်ကို ရပ်တန့်ဖို့မှာ၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင် တဲ့ နေရာမှာ တိုင်းရင်းသား လက်နက်ကိုင် အားလုံး လက်မှတ်ထိုးဖို့ သဘောထား ရှိပါတယ်။ နောက်ပိုင်းမှာ ၁၅ ဖွဲ့ပဲ အစိုးရ လက်မှတ်ထိုးဖို့ လက်ခံမယ်။ ကျန်အဖွဲ့တွေကို လက်မှတ်ထိုးအဆင့်မှာ မခေါ်ရဘူးဆိုတဲ့ သဘောထားမျိုးကို တွေ့ရတဲ့အခါ အခုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၀ ကျော် ရှိတဲ့ အထဲက ၇ ဖွဲ့က ထိုးမယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေ ညီညွတ်ရမယ့် အစား အခုတော့ သဘောထား ၂မျိုးနဲ့ ၂ဖွဲ့ ကွဲသွားတယ်။ ကျနော်တို့ ဖြစ်ချင်တာ က တကယ်ပဲ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ အခါမှာ ရေရှည်တည်တံ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင် တယ်။ ဖော်ဆောင်ဆိုရင် အားလုံး ပါဝင်လက်မှတ်ထိုးဖို့ လိုမယ်လို့ ပြောချင်တယ်။ ဒါမှမဟုတ်ရင် လက်မှတ်ထိုးတဲ့အဖွဲ့က ထိုး၊ မထိုးတဲ့အဖွဲ့နဲ့ တိုက်ပွဲတွေ ဆက်ဖြစ် ပြည်တွင်းစစ်ဆိုတာ ဘယ်တော့ ဆုံးတော့မှာလဲ။ ဒီအစိုးရ လက်ထက်မှာ ပြည်တွင်းစစ်ရပ်ဖို့ လက်မှတ်ထိုးနေတယ်ဆိုတဲ့ ပြရုပ် သဘောလုပ်တာကို ကျနော်က မယုံဘူး။ အခု လက်မှတ်ထိုး နောက်မကြာခင် ပြန်တိုက်ဆိုတာ မဖြစ်သင့်ဘူး။ နိုင်ငံရေး သဘောတူညီချက် အာမခံချက် ရဖို့လိုတယ်။ အဲဒီလိုမှ မဟုတ်ရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ် မယ်လို့ မထင်ဘူး။

ဒေါက်တာ မင်းနွယ်စိုး
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ

ငြိမ်းချမ်းရေးကတော့ လိုချင်တာပါပဲ။ ကျနော်တို့ ပြည်တွင်းစစ်ဖြစ်နေတာ ကလည်း အတော်ကြာပြီပဲ။ အမြင်တွေကလည်း အမျိုးမျိုး၊ နိုင်ငံတော် အစိုးရဘက်ကတော့ ငြိမ်းချမ်းရေးအတွက် အချိန်တော်တော်လေး ကြာအောင် ကြိုစားခဲ့တာတော့ ကျနော်တို့ ပါတီက မြင်တယ်လေ။ အခု တကယ်တမ်းထိုးတော့ ၇ဖွဲ့ပဲ ထိုးတယ်။ အများကြီးတော့ ကျန်နေသေးတာ ပေါ့။ ကျနော်ကတော့ အားလုံး ထိုး စေချင်တာပါပဲ။

အရေးကြီးတာကတော့ လောလောဆယ် အပစ်အခတ်ရပ်စဲဖို့ လိုတယ်။ ပြီးမှ ကျနော်တို့ ထပ်ဆွေးနွေးဖို့က နိုင်ငံရေး ဆွေးနွေးပွဲတွေလည်း ရှိဦးမှာကိုး။ အဲဒီမှာတော့ အသေးစိတ် အများကြီး ဆွေးနွေးလို့ ရသေးတယ်။ အခု အားလုံး မပါဝင်တဲ့အတွက် ဆန္ဒတော့ မပြည့်ဘူးပေါ့။ မထိုးတဲ့ အဖွဲ့တွေကို လည်း ဘာကြောင့် မထိုးတာလဲ ဆိုတာကို နည်းနည်းတော့ စာနာမိပါတယ်။ ပါတီအနေနဲ့ကတော့ ငြိမ်းချမ်းရေး ရချင်တယ်။ ပြည်သူတွေဟာ နှစ်ပေါင်း များစွာ စစ်ပွဲတွေကြားမှာ မြေစာပင် ဖြစ်နေခဲ့ရတယ်။ ကျနော်တို့ကို အသိ သက်သေအနေနဲ့ ပါဝင်လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်ချက် ရှိလာရင်တော့ ပါဝင် လက်မှတ်ရေးထိုးမှာပါ။

ဆလိုင်း ကျဲအိုဘိခ်ထောင်
ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ၊ အတွင်းရေးမှူး

NCA က တိုင်းရင်းသားတွေနဲ့ အစိုးရရဲ့ကြားမှာ အပစ်ရပ်ရေးအတွက် သဘောသာဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ အဆင့်ကို မရောက်ခင်မှာ သုံးသပ်ချက်ပေးဖို့ မလိုသေးဘူး ထင်ပါတယ်။ ကျနော့်အနေနဲ့ NCA လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲသွားမယ့် လမ်းကြောင်းကိုတော့ ကြိုဆိုပါတယ်။ NCAကို ဘယ်နှဖွဲ့ လက်မှတ်ထိုးတယ် ဆိုတာထက် သူတို့ စာချုပ်မှာ ဘာတွေ ပါတယ် ဆိုတာကို ကျနော်တို့က ပိုစိတ်ဝင်စားပါတယ်။

ကျနော်တို့အမြင်မှာတော့ အဖွဲ့အားလုံး လူပုဂ္ဂိုလ်အားလုံး စားပွဲပေါ်ထိုင်ပြီး ဆွေးနွေးမှ ဆိုတာထက် သဘောတူညီချက်တွေမှာ ဘာတွေ အာမခံချက်ပေး နိုင်လဲ တိုင်းရင်းသား ပြည်သူတွေရဲ့ကောင်းကျိုးအတွက် ဘယ်လောက် အကျိုးပြုနိုင်မလဲ ဆိုတာပဲ အရေးကြီးပါ တယ်။ လက်မှတ်ရေးထိုးတဲ့အခါမှာ ပါတီကို အသိသက်သေအနေနဲ့ ဖိတ်ကြားခဲ့ရင်တော့ ပါဝင်ပြီး လက်မှတ်ရေး ထိုးသွားမှာ ဖြစ်ပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List