Wednesday, October 07, 2015

တရုတ်နိုင်ငံသားပိုင် ဟန်ဂျင်းအထည်ချုပ် စက်ရုံ အလုပ်သမား ၂၀ အစာငတ်ခံ ဆန္ဒပြနေ


ရွှေပြည်သာ စက်မှုဇုန် (၁) ရှိ တရုတ်နိုင်ငံသားပိုင် ဟန်ဂျင်းအထည်ချုပ် စက်ရုံတွင် ဆန္ဒပြတောင်းဆိုနေကြသည့် အလုပ်သမား ၁,၀၅၇ ဦးထဲမှ ၂၀ သည် အောက်တိုဘာ ၅ ရက်မှ စတင်ပြီး အစာငတ်ခံ ဆန္ဒပြနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်တွင် အလုပ်ရှင်ဘက်က အကြောင်းပြချက် တစုံတရာမပေးဘဲ စက်ရုံတွင်းသို့ ၀င်လာချိန်၌ စာရွက်အလွတ်ပေါ်တွင် ဖိအားပေး လက်မှတ်ရေးထိုးခိုင်းခြင်းကို မကျေနပ်သည့်အတွက် အလုပ်သမား ၁,၀၅၇ ဦးသည် ထိုနေ့မှစတင်ပြီး စက်ရုံရှေ့သို့ထွက်ကာ ဆန္ဒပြ တောင်းဆိုနေခြင်းဖြစ်ကြောင်း ဟန်ဂျင်း အထည်ချုပ်စက်ရုံ၏ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ကျော်မြင့်က ပြောသည်။

“အလုပ်သမားတွေကို အတင်းလက်မှတ်ထိုးခိုင်းတယ်။ ဘာကြောင့် ထိုးခိုင်းတယ် ဆိုတာကို အလုပ်ရှင်ဘက်က မရှင်းပြဘူး။ အလုပ် သမား တွေက အဲဒီဟာကို ရှင်းပြဖို့ တောင်းဆိုတာပါ။ အခု တောင်းဆိုလာတာ ၁၉ ရက် ရှိပါပြီ။ ဘာညှိနှိုင်းဆောင်ရွက်မှုမှ မလုပ် ပေးသေးပါဘူး။ ဒါကြောင့် တောင်းဆိုနေတဲ့ အလုပ်သမားတွေထဲက အလုပ်သမား ၂၀ က အစာငတ်နေပါပြီ ဆိုတာကို ပြောချင်တဲ့ အတွက် အစာငတ်ခံ တောင်းဆိုကြတာပါ”ဟု ဦးကျော်ကျော်မြင့်က ပြောဆိုသည်။

တောင်းဆိုမှုများကို အလုပ်ရှင်မှ မလိုက်လျောသည့်အတွက် ဆန္ဒပြအလုပ်သမား ၁,၀၅၇ ဦးမှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁၇ ဦး သည် အောက်တိုဘာ ၅ ရက်မှ စတင်အစာငတ်ခံ ဆန္ဒပြတောင်းဆို နေကြခြင်း ဖြစ်ကြောင်း သိရသည်။

အခြေခံ လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်တွင် တနိုင်ငံလုံးရှိ အခြေခံ အလုပ်သမားများ အားလုံးကို စက်တင်ဘာလကုန်မှ စတင်ပြီး မည်သည့် လုပ်ငန်းကို မဆို တရက်လျှင် လုပ်အားခ ကျပ် ၃,၆၀၀ ပေးရန် သတ်မှတ် အတည်ပြုခဲ့သည်။

ထိုသို့အတည်ပြုပြီးနောက် စက်တင်ဘာလ ၇ ရက်တွင် ဟန်ဂျင်းစက်ရုံ အလုပ်ရှင်ဘက်မှ အလုပ်သမား ဖယ်ရီများ ပြန်လည် ရုပ် သိမ်းခြင်းနှင့် တရက်လုပ်အားခ ၃၆၀၀ ကျပ်မှ လွဲ၍ အခြားအပိုကြေးများ အားလုံးကိုမပေးရန် အသိပေးစာများ ထုတ်ပြန်ခဲ့ကြောင်း ဆန္ဒပြ အလုပ်သမားများက ပြောသည်။

ထိုသို့ အသိပေးစာ ထုတ်ပြန်ခဲ့သည့်အတွက် စက်ရုံအတွင်းရှိ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များက ညှိနှိုင်းမှု လုပ်ဆောင်ရန် တောင်း ဆို ခဲ့သော်လည်း ရက်ပိုင်းအတွင်း အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ကျော်မြင့် အပါအ၀င် အဖွဲ့ဝင် ၆ ဦးကို အလုပ်မှ ထုတ်ပြစ်ခဲ့ကြောင်း ဦးကျော်ကျော်မြင့် က ပြောပြသည်။

“စက်ရုံကို ညှိနှိုင်းဖို့ စာတင်တယ်။ စက်ရုံဘက်ကနေပြီး ဦးဝင်းရှိန်တို့နဲ့ တွေ့ဆုံညှိနှိုင်းဖို့လုပ်လာလို့ ကျနော်တို့တွေ ဦးဝင်းရှိန်ကို သွားတွေ့ပါတယ်။ သွားတွေ့တဲ့ အခါမှာလည်း ကျနော်တို့နဲ့ ညိနှိုင်းဆွေးနွေးတာမျိုး မဟုတ်ပါဘူး။ သူတို့ပြောတာကို ၁၀ မိနစ်လောက် နားထောင်ပြီး ပြန်လာရတဲ့ သဘောပါ။ သွားတွေ့ပြီး နောက်နေ့ ချက်ချင်းပဲ ကျနော်တို့ကို အလုပ်က ထုတ်လိုက်တယ်။ ကျနော် ထင် တာတော့ အဲဒီလို သွားတွေ့လို့ အလုပ်က ထုတ်တာလားလို့ပေါ့”ဟုလည်း ဦးကျော်ကျော်မြင့်က ပြောသည်။

ဟန်ဂျင်း အထည်ချုပ် စက်ရုံသည် ဂျပန် အော်ဒါအထည်များကို အဓိကချုပ်သည့် စက်ရုံဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလ ၂ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဟန်ဂျင်းစက်ရုံတွင် အလုပ်သမား စုစုပေါင်း ၁,၁၀၀ ရှိပြီး အလုပ်သမား ၁,၀၅၇ ဦးက ယခုလို ဆန္ဒပြ တောင်းဆိုနေခြင်း ဖြစ်သည်။

အခြေခံလုပ်ခလစာ ကျပ် ၃၆၀၀ သတ်မှတ်လိုက်သည့် ခံစားခွင့်သည် ယခု စက်တင်ဘာလကုန်တွင် ခံစားရမည်ဖြစ်ပြီး စက်ရုံအများစုက လုပ်ခလစာ ခံစားခွင့်ကို လတလ၏ ပထမပတ် အကုန်လောက်တွင်မှ ခံစားရမည်ဖြစ်ကြောင်း သိရသည်။

လုပ်ခလစာ ကျပ် ၃၆၀၀ ပေးသည့်အတွက် ဖြစ်ပေါ်လာမည့် တုံ့ပြန်မှု အခြေအနေများကို ယနေ့အထိ မသိနိုင်သေးသော်လည်း၊ တရက်လျှင် ကျပ် ၃၆၀၀ လုပ်ခလစာ သတ်မှတ်ပြီးနောက်ပိုင်း စက်တင်ဘာလအတွင်း ရန်ကုန်တိုင်း အတွင်းရှိ စက်ရုံများမှ အလုပ် သမား ၈၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List