Thursday, October 08, 2015

သမ္မတဖြစ်မှ ဦးဆောင်နိုင်မှာလားဟု ဒေါ်စု မေး အစိုးရ အဖွဲ့ ခေါင်းဆောင်ဟာ ကျမပဲလို့ဆို


ဒေါ်စုက သူသမ္မတ မဖြစ်လျင်လည်း သူ၏ပါတီကဖွဲ့သည့် အစိုးရကို ဦးဆောင်မည်ဟု အခိုင် အမာပြောသည်။ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ တည်ကြည်သည်ဟု ပြောကြားသကဲ့သို့ တရုတ်သမ္မတ ရှီကျင်ပင်းနှင့်လည်း နွေးထွေးမှုရှိသည်ဟု ဒေါ်စုကဆိုသည်။

အိန္ဒိယနှင့် တရုတ်ကို ပိုမိုကောင်းမွန်သော မိတ်ဆွေများ၊ ပိုမိုကောင်းမွန် သော အိမ်နီးချင်း နိုင်ငံများ ဖြစ်လာရန် ကူညီလိုသည်ဟုလည်း ဒေါ်စုက ပြောကြားသည်။ မြန်မာ အတိုက် အခံခေါင်းဆောင်နှင့် အဲန်အဲလ်ဒီ ပါတီဥက္ကဋ္ဌ  ဒေါ်စုက သူသည် သမ္မတ ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ သူ့ပါတီက ဖွဲ့စည်းသော မည်သည့် အစိုးရအဖွဲ့တွင် မဆို ဦးဆောင်မည် ဖြစ်ကြောင်း ယုံကြည်ချက် ခိုင်မာစွာဖြင့် ပြောကြားခဲ့သည်။

သီတင်းပတ်များစွာ ငြိမ်သက်နေပြီး သုံးနှစ်နီးပါးကြာပြီးမှ အိန္ဒိယ မီဒီယာ အဖွဲ့အစည်းနှင့် ပထမဆုံးအကြိမ် အင်တာဗျူးတွင် ဒေါ်စုက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာ နိုင်ငံတွင် ရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ တွင် ကျင်းပမည်ဖြစ်ပြီး ကွယ်လွန်သူ ခင်ပွန်း သည် ဗြိတိသျှလူမျိုးဖြစ်နေ သော ဒေါ်စုအား အခြေခံဥပဒေက သမ္မတဖြစ်ခွင့် မပေးပေ။ သို့သော်လည်း NLD ပါတီ မဲအများစုအနိုင်ရရှိကာ အာဏာရလာမည်ဟု ကျယ်ကျယ် ပြန့်ပြန့် မျှော်လင့်ထားကြသည်။ ရန်ကုန် အင်ယားကန်ဘေးရှိ နေအိမ်တွင် အိန္ဒိယ ယနေ့ရုပ်သံ အစီအစဉ် To The Point သို့ ဒေါ်စုက ပြောကြားမှုများကို ဘာသာပြန် ဖေါ်ပြထားပါသည်။

“ကျမ ရှင်းရှင်းလင်းလင်း ပြောထားတာရှိပါတယ်။ NLD က ရွေးကောက်ပွဲ နိုင်လို့ အစိုးရ တစ်ရပ်ဖွဲ့ရင် အဲဒီအစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်က ကျမဖြစ်မှာပါ။ ကျမသမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ်ပေါ့”ဟု To The Point သို့ပြောခဲ့သည်။ 

ခင်ဗျား သမ္မတမဖြစ်ရင် အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဘယ်လိုဖြစ်လာမလဲ။ 

ဘာလို့မဖြစ်နိုင်ရမလဲ။ နိုင်ငံကို ဦးဆောင်ဖို့ သမ္မတ ဖြစ်ဖို့ လိုလို့လား။  

ဒါဆို ဒါဟာ ဒေါက်တာမန်မိုဟန်ဆင်း သမ္မတဖြစ်ခဲ့တုံးက အိန္ဒိယမှာ ဆိုနီယာဂန္ဒီရဲ့ အခန်းကဏ္ဍလိုမျိုးပေါ့။

မဟုတ်ပါဘူး။ အဲဒီလိုမျိုး မဟုတ်ပါဘူး။ ရှင်စောင့်ကြည့်ပါ။ ကျမတို့ ရွေးကောက်ပွဲကို ရာနှုန်းပြည့် နိုင်တယ်လို့ မျှော်လင့်ပါ။ အဲဒီနောက် ကျမစိတ်ထဲရှိတာ ရှင်သိရမှာပါ။  

အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်တဲ့ အခြေအနေ တစ်ရပ်ရှိရင် အဲဒီအစိုးရရဲ့ ခေါင်းဆောင်ဟာ သမ္မတ ဟုတ်ဟုတ် မဟုတ်ဟုတ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်မယ်ဆိုတာလား။

.“သိပ်မှန်တာပေါ့ NLD အစိုးရ အဖွဲ့ရဲ့ ခေါင်းဆောင်ဟာ ကျမပဲ ဖြစ်ဖို့ရှိတာပေါ့။ ဘာဖြစ် လို့လဲဆိုတော့ ကျမက ကျမပါတီရဲ့ ခေါင်းဆောင် ဖြစ်နေလို့ပဲ” ဟု ပြောခဲ့သည်။

အိန္ဒိယယနေ့ရုပ်သံနှင့် ဆွေးနွေးမှုတွင် အိန္ဒိယ၀န်ကြီးချုပ်မိုဒီနှင့် သူမ၏ ကိုယ်ပိုင် ဆက်ဆံရေး၊ တရုတ်သမ္မတ ရှီကျင်ပင်း၏ သူမအပေါ် ထင်မြင်ချက်၊ အိန္ဒိယနှင့် တရုတ် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရာတွင် အခန်းကဏ္ဍတွင် ပါဝင်လိုသည့် သူမ၏ဆန္ဒနှင့် ပတ်သက်သည့် ပြောကြားချက်များကို အဓိကထား ဖော်ပြထားသည်။ ထို့အပြင် ထောက်ခံသူများသို့ သူမ၏ ပြောကြားချက်များလည်း ပါဝင်သည်။

အိန္ဒိယ ၀န်ကြီးချုပ်မိုဒီနှင့် ပတ်သက်၍ ပြောရာတွင် ဒေါ်စုက မိုဒီသည် အတော်ကလေး တည်ကြည်သော၊ မိမိခံစားချက် အယူအဆများကို ထုတ်ပြောရန် နောက်တွန့်သူ ဖြစ်သည် ဆိုသည်။

"သူဟာ အတော်ကလေး တည်ကြည်တယ်လို့ အထင်ရောက် စေပါတယ်။ ရှက်ရွံ့သော ဆိုတဲ့ စကားလုံးက တည်ကြည်သော ဆိုတဲ့စကားလုံး ဖြစ်လား ကျမမသိပါဘူး။ ဒါပေမဲ့ ခက်ခဲတဲ့ အခြေအနေမှာတော့ သူက ရွံ့မနေပါဘူး။ သူဟာ တကယ်တော့ လူတော် တစ်ယောက်ပါ” ဟု ဆိုခဲ့သည်။

ထို့အပြင် ဒေါ်စုက ထပ်မံပြောသည်မှာ "သူဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက် လာဖို့ သူ့မှာ ကူညီချင်စိတ်ရှိတယ်လို့ ကျမထင်ပါတယ်။ သူ့မှာ နိုင်ငံအတွက် သာမက ဒီမို ကရေစီရေးလှုပ်ရှားမှုအတွက် ကျမတို့အတွက်လည်း ကြီးမားတဲ့ စိတ်စေတနာရှိပါတယ်" ဟုဆိုသည်။

အိန္ဒိယ အပေါ်အထူးတလည် ခင်တွယ်စိတ်လည်းရှိသည်ဟု ဒေါ်စုကဆိုသည်။ လက်ရှိ အိန္ဒိယ-မြန်မာ ဆက်ဆံရေးမှာ မဆိုးဟုလည်း ဒေါ်စုကပြောသည်။ "လွန်ခဲ့တဲ့ သုံး-လေး နှစ်လောက်တုံးကတော့ မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အိန္ဒိယက တော်တော်လေးကို သတိရှိလွန်းပါတယ်။ အခုက တိုးတက်မှု တစ်ခုတော့ရှိပါတယ်။ တကယ်တော့ သူတို့က ကျမတို့နဲ့ ဝေးဝေးနေဖို့ ကြိုးစားခဲ့ကြတာပါ။ အဲဒီအတွက် ကျမ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမက အိန္ဒိကတွေကို အထူး တလည် ခင်မင်စိတ်ရှိနေလို့ပါ"ဟု ဒေါ်စုကဆိုသည်။

“အိန္ဒိယနှင့်မြန်မာခေါင်းဆောင်တို့သည် လွတ်လပ်ရေး မရမီကာလများ ကတည်းက ရင်းနှီးသော မိတ်ဆွေများဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ အိန္ဒိယနိုင်ငံကြီးက စစ်အစိုးရနဲ့ ဆက်ဆံရေး ကောင်းချင်တော့ ဒီမိုကရေစီကို ကျောခိုင်းနေခဲ့တော့ ကျမ စိတ်မကောင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေတွေက ပြောင်းနေပါပြီ။ တစ်စိတ် တစ်ပိုင်းအားဖြင့် ဒီကပြောင်းလဲမှုတွေ ကြောင့်ရော၊ အိန္ဒိယ ကိုယ်တိုင်ရဲ့ ပြောင်းလဲမှုတွေ ကြောင့်ရော ကျမတို့ဟာ တစ်ဦးကိုတစ်ဦး ကူညီနိုင်တဲ့ မိတ်ဆွေကောင်းတွေ အမြဲ ဖြစ်လိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။ အတိတ်ဆိုတာက ကျမတို့အတွက် သင်ခန်းစာ ယူဖို့ပါပဲ။ ဒေါသထွက်ဖို့၊ မကျေမချမ်းဖြစ်ဖို့ မဟုတ်ပါဘူး” ဟု ဒေါ်စုက ဆိုသည်။

အိန္ဒိယဒီမိုကရေစီသည် မြန်မာအတွက် သင်ခန်းစာတစ်ခုဟုလည်း ဒေါ်စုကဆိုသည်။ "ရှင်တို့အမြဲတမ်း ကူညီနိုင်တဲ့ နည်းလမ်း တစ်ခုကတော့ ကျမတို့ ရင်ဆိုင်နေရတာ ထက်ပိုများတဲ့ အရာတွေ ရှင်တို့ ရင်ဆိုင်ဖို့ရှိနေသည့်တိုင် ဒီမိုကရေစီဟာ ရှင်သန် နိုင်တယ်ဆိုတာ ပြသခြင်းပဲ။ ဒီမိုကရေစီတန်ဘိုးတွေ အခိုင်အမာ ရှိနေတာကို ပြောတာပါ" ဟုပြောသည်။

သူအာဏာရလာပါက ယခုနှစ်ဇွန်လက ဖြစ်ပျက်ခဲ့သည်ဟု ယုံကြည်ရသော ကိစ္စကဲ့သို့ သံသယရှိ ရာဇ၀တ်သားကို အပူတပြင်းလိုက်လံ ဖမ်းဆီးရသည့် မစ်ရှင်များကို ခွင့်ပြုမပြု မေးမြန်းရာ ပွင့်လင်းမြင်သာမှုရှိရေး ပြောကြားခဲ့ သည်။

"ကျမက ပွင့်လင်းမြင်သာမှုကို လိုလားပါတယ်။ ကျမတို့ဟာ အိမ်နီးချင်းတွေ အဖြစ် ကျမတို့ရဲ့ နယ်ခြားတွေပေါ်မှာ ငြိမ်းချမ်းရေးနဲ့ ကျမတို့နှစ်နိုင်ငံကြား အမှန်တကယ် နားလည်မှု တည်ဆောက်ဖို့ဆိုရင် ပွင့်လင်းမြင်သာမှု ပိုရှိရ မယ်။ ပွင့်လင်းမြင်သာမှု မရှိခြင်းက ခန့်မှန်းချက် ကောလာဟလနဲ့ သံသယ အမျိုးမျိုးကို ဖန်တီးပါတယ်။ ချစ်ကြည်မှုရဲ့ အုတ်မြစ်တွေကိုလည်း တိုက်စား ပစ်ပါတယ်" ဟု ဆိုခဲ့သည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် ပွင့်လင်းမြင်သာမှု၏ ဆိုလိုချက်နှင့် ဒုတိယ အနေဖြင့် တိတ်တဆိတ်နှင့် လျို့ဝှက်စွာ မလုပ်ရခြင်းတို့နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ဒေါ်စုက “လုံလောက်တဲ့ သတင်းအချက်အလက် ဆိုတာ မရှိပါဘူး။ ဘာတွေ ဖြစ်ပျက်နေသလဲ၊ သူတို့ ဘာတွေလုပ်နေသလဲ၊ ပြသနာဖြေရှင်းမှုမှာ ပြည်သူတွေကို ပါဝင်စေချင်တာ ဘာ့ကြောင့်လဲဆိုတာနဲ့ ပတ်သက်ပြီး အစိုးရတွေဟာ ပိုပြီးပွင့်လင်းရမယ်။ ရေရှည်မှာ ပြည်သူတွေ မပါဘဲနဲ့ ဘယ်ပြသနာကိုမှ မရှင်းနိုင်ပါဘူး” ဟုပြောကြားခဲ့သည်။  

အိန္ဒိယအစိုးရကို ခင်ဗျားပေးနေတဲ့ သတင်းစကားက ပွင့်လင်းမြင်သာမှုရှိရင် ဘာတွေ လုပ်နေတယ် ဆိုတာသိရင် ဘာ့ကြောင့် လုပ်နေတယ်ဆိုတာ သိရင် ပူးပေါင်း ဆောင်ရွက်ရေး ဆိုတာ ရှိတယ်ပေါ့။

“မှန်ပါတယ်။ ပြည်သူတွေလည်း သိပါစေပေါ့” 

တိတ်တဆိတ် လျို့ဝှက်စွာလုပ်ကိုင်ခြင်းဟာ လက်ခံနိုင်စရာမဟုတ်ဘူးပေါ့။

“လုံးဝလက်မခံပါဘူး။ တစ်ခါတစ်လေမှာ ကျမတို့ သတိထားရတာ ဂရုစိုက်ရတာ ရှိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သိပ်မြန်မြန်ဆန်ဆန်ကြီး ပြောလို့မရတဲ့ အခါတွေ ရှိတယ်။ ဒါပေမဲ့ ဖုံးကွယ်တဲ့ အုပ်ချုပ်မှု ဖြစ်လာတဲ့ အထိတော့ မကြာရပါဘူး” ဟု ဖြေခဲ့သည်။

အိန္ဒိယ သူပုန်များမြန်မာတွင် ခိုလှုံနေမှုနှင့် ပတ်သက်၍ ယေဘုယျပြောကြား ရာတွင် ဒေါ်စုက ဒါဟာကြီးမားသည့် ပြဿနာဟု ဆိုသည်။ သို့သော် တစ်ဖက်တွင် ပြဿနာများ ရှိလာသည့်အခါ သူပုန်များ နယ်စပ်ကိုဖြတ်မည် ကို နှစ်ဖက်စလုံးက နားလည်လက်ခံရန် လိုသည် ဟုလည်း ဒေါ်စုက ထပ်မံ ပြောကြားခဲ့သည်။

“ကျမ လိုအပ်နေတာက ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပါ။ ရှင်တို့ရဲ့ နာဂတွေ နဲ့ ငြိမ်းချမ်းရေး လုပ်ရမှာဖြစ်သလို ကျမတို့ဘက်မှာ ရှိနေသူတွေနဲ့လည်း ငြိမ်းချမ်းရေး လုပ်ရမှာပါ။ အိမ်နီးချင်း နိုင်ငံတွေဟာ ငြိမ်းချမ်းရေးအတွက် အမြဲတမ်း ပူးပေါင်းဆောင်ရွက် နေရမှာပါ” ဟု ဒေါ်စုက ပြောသည်။

တရုတ်နှင့် ပတ်သက်၍မူ သူ အာဏာရလျင် တရုတ်-မြန်မာဆက်ဆံရေး ကောင်းလိမ့်မည် ဟုလည်း ဒေါ်စုကပြောသည်။ “ကျမတို့မှာ အိန္ဒိယနဲ့ရော၊ တရုတ်နဲ့ပါ ဆက်ဆံရေး ကောင်းကို ထိန်းသိမ်းလာတဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပါတယ်။ အထူးသဖြင့် လွတ်လပ်ရေး ရပြီးတဲ့နောက် ချက်ခြင်းလိုလိုပါပဲ။ ဒါက ကျမတို့ရဲ့ နိုင်ငံခြားရေး ပေါ်လစီပါ။ မြန်မာဟာ အိန္ဒိယနဲ့ အရမ်းရင်းနှီးမှု ရှိနေတဲ့အချိန်မှာ တရုတ်ကွန်မြူနစ် အစိုးရကို ပထမဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံတစ်ခုပါ”ဟု ဒေါ်စုက ပြောသည်။

မြန်မာနှင့် ချစ်ကြည်ရင်းနှီးမှုအတွက် တရုတ်နှင့် အိန္ဒိယတို့ ပြိုင်ဘက် ဖြစ်လာနိုင်မှုအပေါ် စိုးရိမ်မှု သို့မဟုတ် ကြိုဆိုမှုရှိ မရှိမေးမြန်းရာ

“စိုးရိမ်တယ်လို့ ပြောမှာမဟုတ်သလို အထူးသဖြင့် ကြိုဆိုတယ်လို့တော့ မပြောပါဘူး။ ကျမတို့ နှစ်နိုင်ငံစလုံးနဲ့ ရိုးသားစွာ ဆက်ဆံသွားကြရင် သူတို့နှစ်နိုင်ငံကြားက ဆက်ဆံ ရေးနဲ့ ပတ်သက်လို့ ကျမတို့ ကူညီနိုင်ပါတယ်” 

ပြဿနာတွေ ကျော်လွှားနိုင်ဖို့ မြန်မာဟာ အိန္ဒိယနဲ့ တရုတ်ကို ကူညီနိုင်ပါသလား။

ဘာလို့ မကူညီနိုင်ရမှာလဲ၊ သူတို့နှစ်နိုင်ငံစလုံး ပိုကောင်းတဲ့မိတ်ဆွေ အိမ်နီးချင်းတွေ ဖြစ်လာအောင် ကျမတို့ ဘာလို့ မကူညီနိုင်ရမှာလဲ။ 

ဒီကိစ္စနဲ့ ပတ်သက်လို့ ခင်ဗျားက ရှေ့ဆောင်ရှေ့ရွက်လုပ်မယ်ပေါ့။

“အယုံကြည် လွန်လို့တော့မဖြစ်ဘူးပေါ့။ ဒါပေမဲ့ မိတ်ဆွေတွေ ပေါင်းစည်းဖို့ မိတ်ဆွေ တစ်ယောက်အနေနဲ့ ကျမတို့ အမြဲတမ်း အဆင်သင့်ရှိနေပါတယ်” 

မိတ်ဆွေတစ်ဦးက ဘ၀တူမိတ်ဆွေနှစ်ဦးကို ပေါင်းစည်း ပေးမယ်ပေါ့။

“မှန်ပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ကျမတို့အတွက်လည်း အကျိုးရှိလို့ပါ။ ရှီကျင်ပင်း နဲ့ကတော့ အစည်းအဝေးကောင်း တစ်ခုပါ ။ အလွန် ကျေနပ်မှု ရှိပါတယ်။ ပြောရဆိုရတာ သက်သာ လွယ်ကူပါတယ်။ ခေါင်းဆောင်တစ်ဦး ဖြစ်တယ်ဆိုတာ သိသာပါတယ်” 

သူက ဖော်ရွေတယ်ပေါ့။ ပြေပြေလည်လည် ပြောဖို့လွယ်ကူသလား။

လွယ်ကူပါတယ်။ 

သူက ခင်ဗျားကို နွေးနွေးထွေးထွေး ဆက်ဆံတဲ့သူတစ်ဦးပေါ့။

ဟုတ်ပါတယ်

သူ့မှာ မိုဒီလိုရွံ့တွန့်တွန့်မရှိဘူးပေါ့။

“မရှိပါဘူး နိုင်ငံကြီးတွေက ခေါင်းဆောင်တွေဟာ ခံစားချက် ယူဆချက်ကို ပွင့်ပွင့် လင်းလင်းထုတ်ပြောဖို့ နည်းနည်းတော့ ရွံ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  သူတို့မှာ အားလုံးကို ပွင့်လင်းစွာ ပြောလို့မရတဲ့ အနေအထား ရှိနေလို့ပါ။ ဒါပေမဲ့ သူတို့ နှစ်ယောက်ကတော့ မတူပါဘူး။ မစ္စတာမိုဒီက အိန္ဒိယလူမျိုးပါ။ ကျမမှာ အိန္ဒိယ မိတ်ဆွေတွေ အများကြီးရှိပါတယ်။ အိန္ဒိယ လူမျိုးတွေနဲ့ဆို ကျမက သက်တောင့် သက်သာရှိပါတယ်။ မိုဒီရဲ့ ရွံ့တွန့်တွန့်ရှိနေမှုက အတားအဆီး တစ်ခု မဟုတ်ပါဘူး” 

မြန်မာနိုင်ငံအားအုပ်ချုပ်ရေးနှင့် ပတ်သက်၍ အဆင်သင့်ဖြစ်မဖြစ်၊ စိန်ခေါ်မှု၊ သံသယနှင့် စိုးရိမ်မှုတို့နှင့် ပတ်သက်၍မူ

“ကြောက်မက်ဖွယ် စိန်ခေါ်မှုတစ်ခုပါ။ ကျမအခန်းထဲမှာ တစ်ယောက်တည်း ရှိနေချိန် မှာတော့ ဒီလိုမထင်ပါဘူး။ ဒါဟာ ကြောက်မက်ဖွယ်စိန်ခေါ်မှုပါ။ ဒါကိုလက်ခံပါတယ်။ ဒါ့ကြောင့် ဒါကိုရင်ဆိုင်ဖို့ ကျမတို့ အသင့်ပြင်ထားဖို့ လိုပါတယ်။ ကျမစိုးရိမ်တယ်လို့ ပြောနိုင်မယ် မထင်ပါဘူး။ တစ်ချိန်မှာ တစ်ခု တစ်ဆင့်ချင်းပေါ့။ ဒီလိုလုပ်ရင် စိုးရိမ်စရာ မရှိပါဘူး။  ရှင်ဟာ အလွန်လက် တွေ့ကျ လာမှာပါ”

သို့သော်လည်း ရိုဟင်ဂျာအရေးတွင် နုတ်ဆိတ်မှု၊ ဗုဒ္ဓဘာသာ အမျိုးသားရေး ၀ါဒကို ဝေဖန်ရန် စိတ်မပါမှုတို့ကြောင့် အနောက်မှ ထောက်ခံခဲ့သူ အများအပြားက သူမအပေါ် စိတ်ပျက်လျက်ရှိသည်။ ဒေါ်စုက ယင်းသည် လက်တွေ့ကျသော နိုင်ငံရေးသမား ဖြစ်သည်ဆိုသည်။ ထို့အပြင် ချီးကျူး အမွမ်းတင် ခံရသောပုဂ္ဂိုလ်ဟုလည်း အခေါ်မခံလိုဟု ဆိုသည်။

“ကျမ နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပြီး နိုင်ငံရေးမှာ တက်တက်ကြွကြွ ပတ်သက်ပြီး တဲ့နောက်မှ သူတို့က ကျမကို အမွမ်းတင်ခံရတဲ့ ပုဂ္ဂိုလ်တစ်ဦး လို သဘောထား ခဲ့တာပါ” ဟု ဒေါ်စုကဆိုသည်။

အနောက်နိုင်ငံများမှ သူမအား ဝေဖန်သူများသည် သူမအားအကဲဖြတ်သည့် စံများမှာ ဆန့်ကျင်ဘက် အသွင်နီးပါး ပြောင်းသွားခဲ့သည်ဟု ဒေါ်စုက ပြော သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List