ရုရှားနိုင်ငံပိုင် တိုက်လေယာဉ်တွေဟာ ဆီးရီးယားနိုင်ငံကနေတဆင့် တူရကီနိုင်ငံပိုင် ဝေဟင်ပိုင်နက်ထဲ တစ်ကြိမ်ထက်မနဲ ဝင်လာတဲ့အတွက် တူရကီက မကျေမနပ် ဖြစ်နေသလို နေတိုးမဟာမိတ် အဖွဲ့ကလည်း ဒီလို ကျူးကျော်မှုနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။
တူရကီနိုင်ငံဟာ နေတိုးအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ တူရကီနိုင်ငံထဲ ရုရှားပိုင် F-16 ဂျက်လေယာဉ်တွေ နယ်ကျွံဝင်ရောက်လာတဲ့အတွက် တူရကီက လေယာဉ်တွေ စေလွှတ်ပြီး လှည့်ပြန်ခိုင်းခဲ့ရပါတယ်။
ဒါ့အပြင် တူရကီနိုင်ငံပိုင် ဂျက်လေယာဉ် နှစ်စင်းကိုလည်း ဘယ်နိုင်ငံ ပိုင်ဆိုင်တယ်ဆိုတာကို မသိရတဲ့ MIG-29 လေယာဉ်က အနှောင့်အယှက် ပေးတာမျိုး လုပ်ခဲ့တယ်လို့လည်း တူရကီ ကာကွယ်ရေးတပ်က ပြောပါတယ်။
တူရကီအနေနဲ့ ကျူးကျော်ဝင်ရောက်မှုတွေကို အနီးကပ်စောင့်ကြည့်မှာ ဖြစ်ပြီး ငှက်တစ်ကောင် ပျံသန်းလာရင်တောင် သိနိုင်မှာ ဖြစ်တယ်လို့ တူရကီနိုင်ငံ ဝန်ကြီးချုပ်က ပြောပါတယ်။
ရုရှားလေယာဉ်တွေ နယ်ကျော် ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး တူရကီ အစိုးရက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး သတိပေးခဲ့သလို သုံးရက်အတွင်း ဒုတိယအကြိမ် ထပ်ဖြစ်လို့ ထပ်မံ ဆင့်ခေါ် လိုက်ပါတယ်။
ဒါ့အပြင် တူရကီ နိုင်ငံခြားရေး ဝန်ကြီးက ရုရှား နိုင်ငံခြားရေး ဝန်ကြီးကို ဖုန်းဆက်ပြီး စကားပြောခဲ့သလို တူရကီက နေတိုးမဟာမိတ် တပ်တွေကို လည်း ဖုန်းဆက်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် အစိုးရကတော့ ရုရှားရဲ့ လုပ်ရပ်တွေဟာ ရန်စရာရောက်ပြီး အဲဒီအပေါ် စိုးရိမ်မိတဲ့အကြောင်း တူရကီကသာ သူ့မှာ ရှိတဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးချမယ်ဆိုရင် အဲဒီ လေယာဉ်တွေ ပစ်ခတ်ခံရမှာ ဖြစ်တယ် လို့ ပြောသွားခဲ့ပါတယ်။
တူရကီရဲ့ တောင်းဆိုချက်အရ နေတိုးအဖွဲ့ကလည်း အစည်းအဝေးတစ်ရပ် ကျင်းပမှာဖြစ်တယ်လို့ နေတိုးအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးက ပြောပါ တယ်။
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကတော့ ရုရှားပိုင် SU-30 တိုက်လေယာဉ်က တူရကီပိုင်နက်ထဲ စက္ကန့်ပိုင်းလောက် ဝင်ရောက်မိပြီး ရာသီဥတု မကောင်း မွန်လို့ နယ်ကျွံတာဖြစ်ကြောင်း ဖြေရှင်းချက် ပေးထားပါတယ်။
ရုရှားက ဆီးရီးယား သမ္မတကို ကူညီပြီး IS ကို တိုက်ခိုက်တာကို တူရကီက မကျေမနပ်ဖြစ်နေပါတယ်။
တူရကီနဲ့ အနောက်တိုင်းနိုင်ငံတွေကတော့ ဆီးရီးယား သမ္မတ Bashar al-Assad ကို ရာထူးကနေ ဆင်းပေးဖို့ လိုလားနေတာ ဖြစ်ပါတယ်။
ABC
No comments:
Post a Comment