Tuesday, October 06, 2015

အရှေ့အလယ်ပိုင်းဒေသကို ကယ်တင်ရန် ရုရှား၏ လေကြောင်းထိုးစစ်များ အထူးအရေးပါဟု ဆီးရီးယားသမ္မတ ပြောကြား


ဆီးရီးယားနိုင်ငံတွင် ရုရှား၊ ဆီးရီးယားနှင့် မဟာမိတ်တို့၏ စစ်ဆင်ရေးများ အောင်မြင်မှုသည် အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံး ပျက်သုဉ်းမည့်အရေးကို ကယ်တင်ရန် လွန်စွာအရေးပါသည့် ကိစ္စဖြစ်သည်ဟု သမ္မတ ဘာရှားအာဆတ်က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားအစိုးရက ဆီးရီးယားရှိ IS စစ်သွေးကြွ ပစ်မှတ်များကို ပိုမိုအရှိန်မြှင့်တင်ကာ လေကြောင်းထိုးစစ်များ ပြုလုပ်သွားမည်ဟု ထုတ်ဖော်ကြေညာပြီး နောက်တစ်ရက်တွင် သမ္မတအာဆတ်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ဆီးရီးယားနှင့် အီရတ်၌ အနောက်နိုင်ငံများနှင့် အာရပ်မဟာမိတ်များ၏ နှစ်ကာလကြာရှည်စွာ လုပ်ဆောင်ခဲ့သော လေကြောင်းစစ်ဆင်ရေးများသည် တန်ပြန်ဆိုးကျိုးများကိုသာ ဖြစ်ထွန်းစေခဲ့သည်ဟု ဘာရှားအာဆတ်က ဆိုသည်။

သို့သော် ဆီးရီးယား၊ ရုရှား၊ အီရန်နှင့် အီရတ်တို့ မဟာမိတ်ဖွဲ့ကာ IS အုပ်စုများကို ထိုးစစ်ဆင်ခြင်းက စစ်မှန်သော ရလဒ်ကောင်းများကို ဖြစ်ထွန်းစေလိမ့်မည် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ မဟာမိတ်တွေရဲ့ ထိုးစစ်နဲ့စစ်ဆင်ရေးတွေ အောင်မြင်မှ ဖြစ်မယ်၊ မဟုတ်ရင် နိုင်ငံတစ်နိုင်ငံ၊ နှစ်နိုင်ငံတည်း ပျက်စီးမှာ မဟုတ်ဘူး၊ ဒေသတစ်ခုလုံး ပျက်စီးသွားတာမျိုးနဲ့ ကျွန်တော်တို့ ရင်ဆိုင်ရလိမ့်မယ်” ဟု အီရတ်နိုင်ငံပိုင် ရုပ်သံဌာနနှင့် တွေ့ဆုံရာ၌ ဘာရှားအာဆတ်က ပြောကြားသည်။

ဆီးရီးယားနှင့် ရုရှားတို့က ရုရှား၏ လေကြောင်းထိုးစစ်များသည် IS စစ်သွေးကြွ အုပ်စုများကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နှင့် ဗြိတိန်တို့က ယင်းထိုးစစ်များသည် ဘာရှားအာဆတ် အစိုးရကို တော်လှန်ပုန်ကန်နေသည့် လက်နက်ကိုင် သူပုန်များကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသာ ဖြစ်သည်ဟု ပြောကြားသည်။

ရုရှားနိုင်ငံက ဆီးရီးယား၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း လေကြောင်းထိုးစစ် အကြိမ်ပေါင်း ၂၀ ခန့် လုပ်ဆောင်ခဲ့ပြီး IS စစ်သွေးကြွအုပ်စု ပစ်မှတ် ၁၀ ခုကို တိုက်ခိုက်ချေမှုန်းခဲ့ပြီး ဖြစ်သည်ဟု တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားသည်။
ရုရှားထိုးစစ်ကြောင့် IS စစ်သွေးကြွတို့၏ စစ်ရေးလေ့ကျင့်ရေးစခန်း တစ်ခုနှင့် အသေခံဗုံးခွဲရာတွင် အသုံးပြုသော ခါးပတ်စက်ရုံ တစ်ခုတို့ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်ဟု ဆိုသည်။

“သူတို့ရဲ့ ထိန်းချုပ်ကွပ်ကဲရေး စနစ်တွေ၊ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါတယ်၊ အကြမ်းဖက်တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ အခြေခံအဆောက်အဦတွေကိုလည်း ချေမှုန်းပစ်နိုင်ခဲ့တယ်” ဟု ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

ဆီးရီးယားနိုင်ငံ ဟွမ်းမြို့အနီးရှိ ဒေသခံများ၏ အဆိုအရ ရုရှားဘက်မှဟု ယူဆရသည့် ဂျက်တိုက်လေယာဉ်များသည် ဆီးရီးယား လွတ်မြောက်ရေးတပ်ဖွဲ့၏ စစ်စခန်းများကို တိုက်ခိုက်သွားခြင်းဖြစ်ပြီး IS ပစ်မှတ်များ မဟုတ်ဟု ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List