Saturday, October 10, 2015

ရွေးကောက်ပွဲအောင်နိုင်ရေး အလှူငွေသိန်း ၁၅၀ ခန့် ရရှိပြီဟု ဒေါက်တာညိုညိုသင်း ထုတ်ဖော်ပြောကြား



တရားဝင်မဲဆွယ်ခွင့်ပြု ပြီး တစ်လပြည့်သည့်အချိန်တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ၌ သုံးစွဲရန် အများပြည်သူမဲဆန္ဒရှင်များ၏ လှူဒါန်းငွေကျပ်သိန်းပေါင်း ၁၅၀ ခန့် ရရှိနေပြီဖြစ်ကြောင်း ဒေါက်တာ ညိုညိုသင်းက ပြောသည်။ ‘‘အခုသိန်း ၁၅၀ လောက်ရှိ နေပြီ။ ကမ်ပိန်းဆင်းရင်းနဲ့ လှူကြ တာများတယ်။ အတိအကျတော့ သေချာတွက်ချက်မှုမပြုရသေးတဲ့ အတွက် ဘယ်နှယောက်က လှူ ထားတယ်ဆိုတာတော့ ပြောလို့ မရသေးဘူး’’ဟု ဗဟန်းမဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်အတွက် တစ်သီးပုဂ္ဂလ၀င်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းက ပြော သည်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေ အရ ကျပ်သိန်း ၁၀၀ သာ သုံးစွဲ ခွင့်ရှိသည့်အတွက် ယင်းပမာဏ ထက်ကျော်လွန်သော ငွေကြေး များကို လူမှုရေးလုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အောင်နိုင်ရေး ရုံးခန်းများ စတင်ဖွင့်လှစ်သည့် စက်တင်ဘာ ၈ ရက်မှစတင်ကာ မိမိမဲဆန္ဒနယ် နှင့် မဲဆန္ဒနယ်ပြင်ပပြည်သူများက လာရောက်လှူဒါန်းခဲ့ခြင်း ဖြစ် ကြောင်း ဒေါက်တာ ညိုညိုသင်း က ပြောသည်။

‘‘လူလတ်တန်းစား ပြည်သူ တွေကပဲ လာလှူထားတာပါ။ ခရို နီတွေ မပါပါဘူး။ နောက်ထပ်လှူ မယ်ဆိုပြီး ပြောထားတဲ့သူတွေ လည်းရှိပါတယ်။ ဒီအတွက် သီးခြားအလှူခံခဲ့တာ မဟုတ်ပါဘူး။ ကျွန်မကို အားပေးတဲ့သူတွေက တစ်ဆင့်စကားနဲ့ လာလှူသွားကြ တာပါ’’ဟု ၎င်းက ပြောသည်။

သက်ဆိုင်ရာ လွှတ်တော် များအတွက် ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေ များ၌ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် မိမိကိုယ်ပိုင်ငွေဖြင့်သော်လည်းကောင်း၊ နိုင်ငံသား တစ်ဦးချင်းက ဖြစ်စေ၊ ကုမ္ပဏီ အစုအဖွဲ့များက ဖြစ်စေ ထည့်ဝင်လှူဒါန်းသော အလှူငွေများဖြင့်သော်လည်းကောင်း ရွေးကောက်ပွဲဆိုင်ရာအသုံးစရိတ်အဖြစ် သုံးစွဲနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။သို့သော် အခြားနိုင်ငံများနှင့် နိုင်ငံခြားအဖွဲ့အစည်းများမှ လှူ ဒါန်းသော အလှူငွေများကို လက် ခံသုံးစွဲခြင်းမပြုရန် တားမြစ်ကန့် သတ်ထားသည်။

ဗဟန်းမြို့နယ်တွင် တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးနေသော ဒေါက်တာညိုညိုသင်းကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
7Day Daily


No comments:

Post a Comment

My Blog List