Saturday, October 10, 2015

ကြောက်စိတ် အားနာစိတ်ဖြင့် မဲမပေးရန် ဦးတင်ဦး ပြော


နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များအနေနှင့် ကြောက်စိတ် အားနာစိတ် တို့ဖြင့် မဲမပေးမိကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုဥက္ကဋ္ဌ ဦးတင်ဦးက မော်လမြိုင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ပြောကြားသည်။

မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် ကြောက်စရာမလိုပါဘဲ လွတ်လပ်၊ လုံခြုံစွာ မဲပေးနိုင်ကြောင်း အောက်တိုဘာ ၇ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ကမ်းနားလမ်းဟိုတယ် မြက်ခင်းပြင်တွင် ကျင်းပခဲ့သည့် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံး ဟောပြောပွဲတွင် ၎င်းက ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲသို့ ဒေသခံ မဲဆန္ဒရှင် ထောင်နှင့်ချီ တက်ရောက်ကြသည်။

“ကျေးလက်မှာရှိနေတဲ့ ပြည်သူလူထုတွေဟာ အကြောက်တရား ရှိနေသေး ပါတယ်။ အချို့ကလည်းပဲ အထက်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကနေ ခြိမ်းခြောက်မှုလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါတွေကိုလည်း ကြောက် စရာ မလိုပါဘူး၊ မဲပေးတဲ့အခါမှာ လွတ်လွတ်လပ်လပ် ပေးနိုင်တဲ့အပြင် လုံလုံခြုံခြုံ မဲပေးနိုင်တယ်” ဟု ဦးတင်ဦးက ပြောသည်။

NLD ပါတီ အင်အားသည် ကျေးလက်နှင့် အလုပ်သမားများကြားတွင် အများဆုံးရှိပြီး ထိုကျေးလက်ရှိ အလုပ်သမား၊ လယ်သမားများ၏ ဘဝ တိုးတက်ကောင်းမွန်အောင် ဖြည့်ဆည်းလုပ်ကိုင်နိုင်မှသာလျှင် တိုးတက်မည်ဖြစ်သည့် အတွက် ကျေးလက်ရှိ ပုဂ္ဂိုလ်များအားလုံး သိအောင်လုပ်ရန် လိုကြောင်း ၎င်းက ပြောသည်။

ပြောင်းလဲမှုအတွက် စိတ်ဓာတ်ပြင်းထန်သော်လည်း ပါတီတစ်ခုခု၊ ပုဂ္ဂိုလ်တစ်ဦးဦးက ဆိုလာပြားကဲ့သို့သော ထောက်ပံ့မှုများအပေါ် အားနာစိတ်ဖြင့် မဲမပေးမိရန်လိုကြောင်း ဦးတင်ဦးက ထောက်ပြသည်။

“ငါးမျှားတဲ့အခါမှာ ငါးမျှားချိတ်မှာ ငါးစာကိုတပ်ပြီး မျှားတဲ့အတွက် ငါးစာသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်တာမျိုး ဖြစ်မှာစိုးတာကြောင့် ငါးစာကို မမြင်ဘဲ နောက်က ငါးမျှားချိတ်ကို မြင်ပါလို့ လေးလေးနက်နက် ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရွးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအတွက် အောက်တိုဘာ ၇ ရက်နေ့နှင့် ၈ ရက်နေ့နှင့် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ရေး၊ မုဒုံ အစရှိသည့် မြို့နယ်များ၌ မဲဆွယ်စည်းရုံး ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

(Dawei Watch)
The Voice Weekly

No comments:

Post a Comment

My Blog List