မြန်မာ့ပညာရေးကဏ္ဍအတွင်း တပ်မတော်သားများ ပါဝင်နေခြင်းကို လက်မခံကြောင်း ပြသသည့်အနေနှင့် အစိမ်းရောင်ဖဲပြား(Green Ribbon)ကမ်ပိန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်လုပ်ဆောင်နေပြီဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်(MTF)ထံမှ သိရသည်။
အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အခမ်း အနားကို မန္တလေးမြို့တော်တွင် ကျင်းပရာတွင် အဆိုပါကမ်ပိန်းကို စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဆရာ၊ဆရာမများအဖွဲ့ချုပ်ရှိရာ အခြားမြို့ကြီးများ တွင်ပါ တစ်ပြိုင်နက်တည်း လုပ်ဆောင်နေပြီဖြစ်ကြောင်း ယင်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးသုတကပြောကြားသည်။
“ ပညာရေးဝန်ကြီးဌာနအောက်မှာ ဦးစီးဌာနတွေ ရှိပါတယ်။အဆင့်မြင့်ပညာ ဦးစီးဌာန၊ အခြေခံပညာဦးစီး ဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အဲဒီမှာ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်တွေ ကြည့်လိုက်မယ် ဆိုရင် တပ်ကပြောင်းလာတဲ့ ပုဂ္ဂိုလ်တွေချည်းပါပဲ။ ကျွန်တော်တို့ ဆရာ၊ ဆရာမစစ်စစ်တွေကို ၁၉၈၈ခုနှစ်နောက်ပိုင်းမှာ တစ်ယောက်မှ ခန့်ထားခြင်း မရှိပါဘူး။ အဲဒါကြောင့်မို့ ဒီအစိမ်းရောင်ဖဲပြားကို ဒီပွဲမှာ တစ်ခါတည်းလုပ် တာပါ ” ဟု ၎င်းက ဆိုသည်။
ပညာရေးကဏ္ဍဦးဆောင်သူများသည် ပညာရှင်များဖြစ်ရမည့်အစား တပ်မတော်မှပုဂ္ဂိုလ်များဖြစ်နေသည့်အတွက် မူဝါဒအလွဲအမှားများရေးဆွဲ နေကာ လက်ရှိမြန်မာ့ပညာရေးသည် အရှေ့တောင်အာရှတွင် အောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီး မဖြစ်သင့်သည်များ မဖြစ်ပေါ်စေရေးအတွက် အစိမ်းရောင်ဖဲကြိုးကမ်ပိန်းကို လုပ်ဆောင်ခြင်းဖြစ်ကာ နောက်ထပ်လည်း တရားဝင်စာများတင်ကာ ကန့်ကွက်မှုများပြုလုပ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ ချုပ်ထံမှ သိရသည်။
လက်ရှိ ၂၀၁၅ ခုနှစ်သည် မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ထူးခြားသည့်နှစ်တစ်နှစ်ဖြစ်ကာ ဆရာ၊ ကျောင်းသားနှင့် ပြည်သူတို့ လက်တွဲဆောင်ရွက်ခဲ့သော်လည်း နိုင်ငံဖွံဖြိုးတိုးတက်ရေးအလို့ငှာ ပါဝင်လုပ်ဆောင်ခဲ့သည့် ဆရာ၊ကျောင်းသားနှင့် ပြည်သူအချို့တို့ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသဖြင့် ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှုကို အကျည်းတန်စေခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးခံကျောင်းသားများနှင့် ပြည်သူများကို အမျိုးသားရင်ကြားစေ့ရေးအလို့ငှာ အမြန်ဆုံးလွှတ်ပေးရန် အစိုးရထံ တိုက်တွန်းလိုက်သည်ဟု ကမ္ဘာ့ဆရာများနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားကြောင်း အဖွဲ့ချုပ်အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ဆိုသည်။
“ ကျွန်တော်တို့ အဆင့်မြင့်ပညာဦးစီးဌာနမှာတော့ စစ်တပ်ကပုဂ္ဂိုလ်တွေ မရှိဘူးလားဆိုတော့ ရှိတယ်။ ဒါပေမဲ့ အင်မတန်နည်းပါတယ်။အခြေခံပညာ ဦးစီးဌာနနဲ့ ဆက်စပ်နေတဲ့နေရာတွေမှာ ရှိနေတယ်။ ကျွန်တော်တို့က ပုဂ္ဂိုလ်ရေးအရ မကျေနပ်တာမဟုတ်ပါဘူး။ ဒါက ပညာရှင်တွေ ဖြစ်ရမယ့် နေရာပါ။ ဒါကြောင့် ပညာရေးဝန်ကြီးဌာနက အရင်အာဏာရှင်တွေ လက်ထက်တုန်းကအတိုင်းပဲ လုပ်နေတယ်။ ဒါကို ကျွန်တော်တို့ လုံးဝ လက်မခံပါဘူး ” ဟု ဦးသုတက ထပ်လောင်းပြောဆိုသည်။
ပညာရေးလောကတွင် ပညာရှင်မဟုတ်သူများ ပါဝင်နေခြင်းသည် မဖြစ်သင့်သည့်အတွက် ဖဲကြိုးစိမ်းကမ်ပိန်းကို ထောက်ခံကြိုဆိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မဟာအောင်မြေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ကဗျာဆရာငြိမ်းသစ်က ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာန၊တရားရေးစီရင်ရေးဌာန စသည့်နယ်ပယ်များသို့ တပ်မတော်သားများမဝင်ရောက်ရေး ဖဲပြားရင်ထိုးများတပ်ဆင်၍ ကမ်ပိန်းများကို ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှစတင်ကာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပြင်းထန်စွာကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
The Voice Weekly
No comments:
Post a Comment