Saturday, October 10, 2015

ဓမ္မစကူးလ် ဘာသာရေးကျောင်းများ ပါတီနိုင်ငံရေးတွင် မပါဝင်ရန် ကြေညာချက် ထုတ်ပြန်


ဧရာဝတီတိုင်း ဟသာင်္တမြို့ ဓမ္မစကူးလ် ဖောင်ဒေးရှင်းမှ ကလေးငယ်များက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်တခုကို ကြိုဆိုမှု ဖြစ်ပွားခဲ့ပြီးနောက် “ဓမ္မစကူးလ်”အမည်ဖြင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် ယင်းဖောင်ဒေးရှင်းက အောက်တိုဘာ ၇ ရက်တွင် ကြေညာချက်တစောင် ထုတ်ပြန်သည်။

ယင်းကြေညာချက်တွင် ဓမ္မစကူးလ် ဖောင်ဒေးရှင်း၏ မူဝါဒ လမ်းညွှန်ချက် များနှင့်အညီ ဖွင့်လှစ်သင်ကြားနေသော ဓမ္မစကူးလ်ကျောင်း များ အနေဖြင့် ဓမ္မစကူးလ် အမည်ကို အသုံးပြု၍ ပါတီနိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုကြရန်နှင့် ဖောင် ဒေးရှင်း၏ အမှတ်တံဆိပ် (Logo)နှင့် အလံတို့ကိုလည်း ၄င်းလှုပ်ရှားမှုများတွင် အသုံးမပြုကြရန် အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်ဟု ယင်း ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသာသန၀ရ က လက်မှတ်ရေးထိုး၍ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

ဓမ္မစကူးလ် ဖောင်ဒေးရှင်မှ ကလေးငယ်များအား ပါတီအလံ ကိုင်ခိုင်း၍ ပါဝင်စေခဲ့မှုသည် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒု ဥက္ကဋ္ဌ ဦးဌေးဦး၏ ဟင်္သာတမြို့ မဲဆွယ်ခရီးစဉ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဓမ္မစကူးလ် ဖောင်ဒေးရှင်း ဒု ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဉာဏိန္ဒက ဧရာဝတီသို့ မိန့်သည်။

ဆရာတော် ဒေါက်တာ ဉာဏိန္ဒက“ဗုဒ္ဓရဲ့ တရားတော်တွေကို သင်ကြားနေတဲ့ ကလေးငယ်တွေကို ပါတီနိုင်ငံရေးတွေ၊ အစွန်း ရောက် တဲ့ လူမျိုးရေး၊ ဘာသာရေးတွေမှာ မပါစေချင်ဘူး။ ဟောပြောခွင့်၊ သင်ကြားခွင့်လည်း မပေးထားတဲ့အတွက် ဒီလိုလုပ်တာကို လည်း လက်မခံပါဘူး”ဟု မိန့်သည်။

ယခု ဖြစ်စဉ်တွင် ဘာသာတရား အဆုံးအမကို သင်ကြားပေးနေသည့် ကျောင်း၏ ၀တ်စုံနှင့် ပါဝင်စေခဲ့သည့်အတွက် အသုံးချခံရသလို ဖြစ်ခဲ့ကြောင်းလည်း မိန့်ကြားသည်။

ဟသာင်္တမြို့နယ် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးညွှန့်ဦးက“အဘ ဦးဋ္ဌေးဦးလာတုန်းက သွားခဲ့တဲ့ ဘုန်းကြီးကျောင်းက စနေ၊ တနင်္ဂနွေ စာသင်တဲ့ ကလေးတွေက ကြိုတာပါ။ ဖောင်ဒေးရှင်းက ကြေညာချက် ထုတ်တာတော့ မသိသေးပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ဗုဒ္ဓဘာသာ အဆုံးအမ တရားတော်များအား ခေတ်မီ သင်ရိုးညွန်းတန်းများဖြင့် သင်ကြားပေးလျက်ရှိသည့် ဓမ္မစကူးလ်ကျောင်းများကို နိုင်ငံတ၀န်းတွင် ကျောင်းပေါင်း ၄၅၀၀ ကျော်ဖွင့်လှစ်ထားပြီး သင်တန်းဆင်း စာသင်၊ စာချ နှစ်သောင်းခွဲကျော်ဖြင့် ကျောင်းသား ကလေးငယ် ငါးသိန်းကျော်ကို သင်ကြားပေးလျက်ရှိကြောင်း အထက်ပါ ဖောင်ဒေးရှင်းက ပြောသည်။

ဓမ္မစကူးလ်ကျောင်းများကို အမေရိကန်၊ ဂျပန်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် လည်း ဖွင့်လှစ်ထားရှိပြီး ဗုဒ္ဓဘာသာဝင် ကလေးငယ်များအား သင်ကြားပေး လျက်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ ဓမ္မစကူးလ်ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ် မတ်လ ၁၄ရက်နေ့ က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List