Wednesday, October 07, 2015

လူနည်းစုကို လူအများစုက အနိုင်ကျင့်မှု NLD ပါတီ လက်မခံကြောင်း ဦးဝင်းထိန် ပြောကြား


လူနည်းစုကို လူအများစုက အနိုင်ကျင့်မှုများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လက်မခံကြောင်း ယင်းပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောကြားသည်။“လူမျိုးမရွေး ဘာသာ မရွေး လူနည်းစုကို လူအများစုက အနိုင်ကျင့်က NLD မူဝါဒအရ လက်မခံပါဘူး” ဟု ၎င်းက ဆိုသည်။

ယင်းမူဝါဒများကြောင့် NLD ပါတီ တိုက်ခိုက်မှုများ ရှိနေကြောင်း ဦးဝင်းထိန်က ထပ်လောင်း ပြောကြားသည်။

အောက်တိုဘာလ ၆ ရက်နေ့က ပန်းဘဲတန်းမြို့နယ် ၃၂လမ်း အောက်လမ်း၌ ပြုလုပ်သော NLD ပါတီ၏ အောင်နိုင်ရေး ဟောပြောပွဲနှင့် ကိုယ်စားလှယ်လောင်း မိတ်ဆက်အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်က မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခတွင် လူအနည်းစုကို လူအများစုက သတ်ဖြတ်မှုများကို တွေ့မြင်နေရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ အချိန်မီ တားဆီးနိုင်ရန် တိုင်ကြား ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း ဦးဝင်းထိန်ကဆိုသည်။

NLD အစိုးရအဖွဲ့ ဖွဲ့နိုင်ပါက အဓိကကျသည့် လူမျိုးမရွေး ဘာသာမရွေး တန်းတူညီတူ အခွင့်အရေး ရရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ယခုရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း ဘာသာရေးနှင့် သက်ဆိုင်သည့် သွေးထိုးလှုံ့ဆော်မှုများကို ဥပဒေအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာသားများ ပါသည့် လက်ကမ်းစာစောင်များကို ဟင်္သာတမြို့၊ မြောင်းမြမြို့၊ ပုသိမ်မြို့၊ သရက်ချောင်းမြို့၊ ထီးချိုင့်မြို့ တို့တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်လံ ဝေငှနေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် NLD ပါတီက တင်ပြ တောင်းဆိုထားသည်။ သို့ရာတွင် တိုင်ကြားခံရသူများက ထိုသို့ မပြုလုပ်ကြောင်း ငြင်းဆိုထားပြီး ဖြစ်သည်။

စက်တင်ဘာလ ၃၀ ရက်နေ့က NLD နာယက ဦးတင်ဦးနှင့် မဘသမှ ဦးဆောင်ဆရာတော် ဦးဝီရသူတို့ တွေ့ဆုံခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List