Thursday, August 07, 2014

မာရှယ်လော ရုတ်သိမ်းရန် ထိုင်း NCPO စီစဉ်


ထိုင်းငြိမ်းချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေး အမျိုးသား ကောင်စီ (NCPO) အကြီးအကဲတွင် စစ်အုပ် ချုပ်ရေးအမိန့် (မာရှယ်လော)ကို မကြာခင်တွင် ရုတ်သိမ်းမည့် အစီအစဉ် တစ်ရပ် ရှိနေကြောင်း ပြန်လည် စည်းလုံးရေး နှင့် ပြုပြင် ပြောင်းလဲရေးစင်တာမှ ညွှန်ကြား ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ကမ်ပနာ့ ရက်ဒစ် (Kampanart Ruddit) က ဗုဒ္ဓဟူးနေ့က ဆိုခဲ့သည်။

မာရှယ်လော ရုတ်သိမ်းသင့်သော ဒေသများနှင့် ပတ်သတ်၍ NCOP သည် ဆွေးနွေးလျက် ရှိသော်လည်း၊ အစိုးရသစ် တစ်ရပ်ဖွဲ့စည်း ပြီးသည့် အချိန်ထိတိုင်အောင် NCPO က စောင့်ဆိုင်း နိုင်ကြောင်း နှင့် မာရှယ်လောအား တစ်စိတ် တစ်ပိုင်း ရုတ်သိမ်းမည်လော သို့မဟုတ် လုံးဝရုတ်သိမ်းမည်လော ဆိုသည် ကို အစိုးရသစ်အား ဆုံးဖြတ်ခွင့် ပြုဖွယ် ရှိကြောင်းလည်း သူက ဆိုခဲ့သည်။

ကြာသပတေးနေ့ မွန်းလွဲ ၃ နာရီတွင် ထိုင်း အိမ်ရှေ့စံ Maha Vajiralongkorn သည် အမျိုးသား ဥပဒေပြု လွှတ်တော် (NLA) ၏ ပထမဆုံး စည်းဝေးမှု အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို အနန်တာဆမာ ခွန်သရုန်းန် (Ananta Samakhom Throne) ခန်းမတွင် ကြီးမှူးကျင်းပပေးမည်ဖြစ်ကာ၊ NLA သည် ပထမဆုံး အစည်း အဝေးကို သောကြာနေ့ နံနက် ၉နာရီခွဲတွင် ကျင်းပမည် ဖြစ်သည်။ NLA သည် ဝန်ကြီးချုပ် အမည်ကို အဆိုပြု တင်သွင်းခွင့် ရှိသည်။

အမျိုးသား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) ၏ လက်ထောက် အတွင်းရေးမှူးချုပ် ဝေါ်ရာဝစ်ဆုဗွန် (Worawit Sukboon) က NLA အဖွဲ့ဝင်များ အနေဖြင့် ၎င်းတို့၏ ဘဏ္ဍာရေး ရှင်းတမ်း များကို မည်ကဲ့သို့ ကြေညာ သင့်ကြောင်း ကြာသပတေး နေ့တွင် ကော်မရှင် (NACC) က ဆွေးနွေး လိမ့်မည်ဟု ဆိုခဲ့သည်။

သောကြာနေ့တွင် သူ နှင့် အခြား NACC အရာရှိများသည် NLA ဆီသို့သွား လိမ့်မည် ဖြစ်ကာ NLA အဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို NACC ထံသို့ မည်ကဲ့သို့ ကြေညာနိုင်ကြောင်း ရှင်းပြကြမည်ဟု ဆိုသည်။

မကြာခင်တွင် ဖွဲ့စည်းမည့် အမျိုးသား ပြုပြင် ပြောင်းလဲရေး ကောင်စီ (NRC) မှ အဖွဲ့ဝင်များ အနေဖြင့် ကောင်စီဖွဲ့စည်း ပြီးသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ကြေညာရန် လိုမလို နှင့် ပတ်သတ် ၍မူ မသိရှိသေးကြောင်း နှင့် အကြောင်းမှာမူ ထိုကဲ့သို့သော ကောင်စီအဖွဲ့မျိုးမှာ ထိုင်းနိုင်ငံတွင် ပထမဆုံးအကြိမ် ဖွဲ့စည်းခြင်းဖြစ်သောကြောင့် ဖြစ်ကြောင်း သူက ဆိုခဲ့သည်။

NCPO သည် NLA အစည်းအဝေးတွင် ဆွေးနွေးရမည့် မူကြမ်း ၁၄ ခုကို အင်္ဂါနေ့က အတည်ပြုခဲ့ပြီး ထိုထဲတွင် ကုန်းလမ်း ပို့ဆောင်ရေး နှင့် ဉာဏပစ္စည်း မူပိုင်ခွင့် ကိစ္စများလည်း ပါဝင်ကာ မူပိုင်ခွင့်မှာ ယခင်ကထက် တင်းကျပ် လာလိမ့်မည်ဟု NCPO ၏ ပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီး ပက်သမ် ပေါ်န်ရက်တနာ ဒီလော့ နားဖူးခက် (Pathamaporn Rattanadilok na Phuket) က ဆိုသည်။

“NCPO ဟာ NLAက မကြာမီ ဆွေးနွေးအတည်ပြု ပြဌန်းရမယ့်  ဥပဒေကြမ်း ၃၈ ခုကို အတည်ပြု ပေးခဲ့ ပါတယ်” ဟုလည်း သူမက ဆိုခဲ့သည်။

Ref: The Nation
Mizzima - News in Burmese

No comments:

Post a Comment

My Blog List