Friday, August 08, 2014

ရှစ်လေးလုံး အရေးတော်ပုံ ၂၆ နှစ် ပြည့်သော်လည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ မရောက်သေးဟု နိုင်ငံရေးအင်အားစုအချို့ ဝေဖန်


ရှစ်လေးလုံး အရေးတော်ပုံ ၂၆ နှစ် ပြည့်သော်လည်း မြန်မာ့နိုင်ငံရေးသည် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိခြင်း မရှိသေးကြောင်း နိုင်ငံရေး အင်အားစုများက ပြောကြားသည်။

တစ်နိုင်ငံလုံး ဒီမိုကရေစီ လူထုလှုပ်ရှားမှုကို ဖြစ်စေခဲ့သော ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ ၂၆ နှစ် ပြည့်ခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အစိုးရသစ် လက်ထက်တွင် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အခြေအနေသည် ဒီမိုကရေစီ ပြောင်းလဲမှု မဟုတ်သေးဘဲ နိုင်ငံရေး ဖြေလျော့မှု အဆင့်သာ ရှိနေကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ၈၈ မျိုးဆက်ကျောင်းသား ဦးမြအေးက ပြောကြားသည်။

“ဖိနှိပ်မှုကို မခံနိုင်လို့ စခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံပေါ့၊ အောင်မြင်လားဆိုတော့ အထိုက်အလျောက် ပဲ အောင်မြင်သေးတယ်၊ အခု အစိုးရသစ် လက်ထက်မှာ ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုပေမယ့် တစ်ဘက်က ချုပ်ထားတာတွေ ရှိနေသေးတယ်လေ၊ လွတ်လပ်ခွင့်တွေ ပေးနေပါတယ် ဆိုပေမယ့် ပြန်ပြီး တင်းကျပ်နေတာတွေ ရှိတယ်၊ အဲဒီတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလို့ ပြောလို့မရဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံရေး အပြောင်းအလဲများကို ဦးဆောင်နေသော အစိုးရအနေဖြင့် ထိန်းချုပ်မှုများ ဆက်လက် လုပ်ဆောင်နေခြင်းမှာ ပြုပြင်ပြောင်းလဲရေးကို အဟန့်အတား ဖြစ်နေကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်းများ အဖွဲ့ဝင် ဦးမြင့်အောင်က ထောက်ပြ ပြောဆိုသည်။

“အခုနောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေးဟာ ပြောင်းလဲနေပါတယ်လို့ ပြောပေမယ့်၊ စိုးရိမ်စရာ ပြောင်းလဲမှုမျိုး မဖြစ်ဖို့ အစိုးရနဲ့ နိုင်ငံရေးအင်အားစုတွေ ဝိုင်းထိန်းဖို့ လိုပါတယ်၊ အသက်သွေးချွေးတွေ စတေးပြီး တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို တန်းဖိုးထားကြဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့ကတော့ ပြောင်းလဲမှုတွေကိုတော့ တွေ့နေရပါတယ်၊ ဒါပေမဲ့ ယုံကြည်နိုင်လောက်စရာ ပြောင်းလဲတာကို မတွေ့ရသေးဘူးလို့ ပြောချင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ရှစ်လေးလုံး အရေးတော်ပုံမှ စတင်ခဲ့သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ရောက်ရှိစေရန်အတွက် နိုင်ငံရေး အင်အားစုများ ပါဝင်နိုင်သော နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် အဖြေရှာရန်သာ လိုအပ်ကြောင်း မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှ ရဲဘော် ဦးဆန်နီက ထောက်ပြ ပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီ လူထုအုံကြွမှုကြီးကို ဖြစ်စေသော ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော် ပုံတွင် လုံထိန်းများ၏ ဖြိုခွင်းမှုကြောင့် ကျောင်းသူ ကျောင်းသားများ အပါအဝင် ပြည်သူလူထု အမြောက် အမြား သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်သူ ဆွီဒင်လူမျိုး စာရေးဆရာ ဘာတေးလ် လစ်တနာ ရေးသားသည့် ဒေါမာန်ဟုန်စာအုပ်တွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းတွင် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်ရှင်းစင်တာတွင် သုံးရက်တိုင်တိုင် ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိသောကြောင့် အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရန် စသည့် အချက်များ ပါဝင်သော ငွေရတု ကြေညာစာတမ်းတစ်ရပ် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List