ပြည်သူလူထု နားမလည်သော ပီအာ(ရ်) စနစ် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် ဩဂုတ် ၄ ရက် နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်ပွဲကို နံနက် ၈ နာရီမှ စတင်ခဲ့ပြီး ပြည်မြို့ဘုရားနီလမ်း၊ ဗိုလ်ချုပ်လမ်းတစ်လျှောက်၊ ရွှေတံချောင်း လမ်းနှင့် လမ်းမတော်လမ်းနှင့် ဗိုလ်ချုပ်ကျောက်ရုပ် စသည့်နေရာများတွင် လမ်းလျှောက်ချီတက်၍ ပြည်သူလူထုအလို မရှိသော ပီအာ(ရ်)စနစ် အလိုမရှိ၊ ပြည်တွင်းငြိမ်းချမ်းရေးကို ပျက်ပြားစေသော ပီအာ(ရ်)စနစ် အလိုမရှိ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပျက်ပြားစေသော ပီအာ(ရ်)စနစ်အလိုမရှိဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများကြွေးကြော်ခဲ့ပြီး နံနက် ၁ဝ နာရီတွင် ဘုရားနီလမ်း၌ အဆုံးသတ်ခဲ့သည်။
“ ပီအာ(ရ်)စနစ်ကို ပြည်သူလူထုက လက်မခံတာသေချာတယ်။ ဒါကြောင့် ဒီလိုဆန္ဒဖော်ထုတ်တာ ဖြစ်တယ်။ ပီအာ(ရ်)ရဲ့ အချိုးကျစနစ်ကြောင့် ပါတီတစ်ခုတည်းက အနိုင်မရတာမျိုးဖြစ်နိုင်တယ်။ ပြည်သူလူထုက တကယ်စစ်မှန်စွာ ထောက်ခံရင်တောင် မဖြစ်နိုင်တော့ဘူး။ ၂ဝ၁၅ ရွေးကောက်ပွဲကို စိုးရိမ်တယ်။ ဒါကြောင့် ပီအာ(ရ်)စနစ်ကို ကန့်ကွက်ပါတယ်” ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်ခရိုင်) စည်းရုံးရေးမှူး ဦးဝဏ္ဏက ပြောကြားသည်။
ယင်းဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ငါးဦးဖြင့် ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ဩဂုတ် ၁ ရက်က အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြုလုပ်ရန် မသင့်ကြောင်း အကြောင်းပြ ချက်ဖြင့် လက်မခံခဲ့ဘဲ ငြင်းပယ်စာကို ဩဂုတ် ၂ ရက် မွန်းလွဲပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
“အကြောင်းကြားစာကို မြို့နယ်ရဲမှူးက လက်မခံဘူးဆိုပြီး ငြင်းပယ်တယ်။ ငြင်းလည်းမတတ်နိုင်ဘူး။ လုပ်စရာရှိတာ လုပ်ရမှာပဲ။ တရားစွဲချင်စွဲ။ ဖမ်းချင်ဖမ်း။ ခံရုံပဲရှိတယ်။ ပီအာ(ရ်)စနစ်ကို လက်မခံဘူး။ ပြည်သူလူထုကလည်း လက်မခံဘူး။ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် လွှတ်တော်ထဲမှာ မဖြစ်သင့်တာတွေဖြစ် လာလိမ့်မယ်။ ဒီစနစ်က နိုင်ငံနဲ့ မသင့်တော်ဘူးလို့ ထင်တယ်။ ဆိုးကျိုးတွေ အများကြီးဖြစ်လာနိုင်တယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးကျော်ဆန်းက ပြောကြားသည်။
PR စနစ်အား အမျိုးသားလွှတ်တော်တွင် အတည်ပြုပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်း သားပါတီများမှ အပြင်းအထန်ကန့်ကွက်သော်လည်း ထပ်မံ၍ ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးအောင်ဇင်က လွှတ်တော်ဆိုင်ရာရွေးကောက် ပွဲများတွင် PR စနစ်ကျင့်သုံးရေးအဆိုကို တင်သွင်းခဲ့ပြီး ဇူလိုင် ၂၉ရက် က အတည်ပြုခဲ့သည်။
Eleven Media Group
No comments:
Post a Comment