Friday, August 08, 2014

မလေးရှားခရီးသည်တင်လေယာဉ် ပစ်ချခံခဲ့ရသည့်နေရာအနီးတွင် ယူကရိန်း တိုက်လေယာဉ်တစ်စင်း ထပ်မံပစ်ချခံရ



ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ခွဲထွက်ရေးသူပုန်များ ထိန်းချုပ်ထားသည့် နယ်မြေဝေဟင်ပေါ်တွင် ပျံသန်းသွားသည့် အစိုးရ တိုက်လေယာဉ်တစ်စင်းသည် သြဂုတ် ၇ ရက်က ပစ်ချခံခဲ့ရကြောင်း သိရသည်။ ယခုလေယာဉ်ပစ်ချခံခဲ့ရသည့် နေရာသည် မလေးရှားလေကြောင်းလိုင်းမှ လူ ၂၉၈ ဦး သေဆုံးခဲ့သော MH17 လေယာဉ် ဇူလိုင် ၁၇ ရက်တွင် ပစ်ချခံခဲ့ရသည့် နေရာ အနောက်ဘက် ကီလိုမီတာ ၄၀ ခန့်တွင် ဖြစ်သည်။
ဆူခွိုင်းအမျိုးအစား အဆိုပါတိုက်လေယာဉ်သည် လေထဲတွင် ပေါက်ကွဲသွားပြီး လေယာဉ်မှူးများက လေထီးဖြင့် ခုန်ထွက်နိုင် ခဲ့ကြသည်။

သူပုန်တို့ ထိန်းချုပ်ထားရာ ဒိုနက်ဆက်ဒေသမှ အရှေ့မြောက်ဘက် ကီလိုမီတာ ၄၀ အကွာတွင် ယင်း ဂျက်လေယာဉ် ပစ်ချခံခဲ့ ရကြောင်းကို ယူကရိန်း စစ် တပ် ပြောခွင့်ရသူတစ်ဦးက ပြောကြားသည်။

“လေယာဉ်မှူးက လေယာဉ်ကို နေအိမ်တွေပေါ် ပြုတ်မကျအောင် လမ်းကြောင်း ပြောင်းနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုအခါအဆိုပါ လေယာဉ်မှူးကို ရှာဖွေနေကြောင်း သိရသည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ရုရှာထောက်ခံသည့် သူပုန်များနှင့် လေးလကြာတိုက်ပွဲများဖြစ်ပွားခဲ့ရာ တွင် အစိုးရအနေဖြင့် လေယာဉ်များ ဆုံးရှုံးခဲ့ရပြီး ဇူလိုင် ၂၃ ရက်ကလည်း ဆူခွိုင်းဂျက်လေယာဉ်နှစ် စင်း ပစ်ချခံခဲ့ရသည်။ ယင်း လေယာဉ်နှစ်စင်းကို ရုရှားနယ်မြေပိုင်နက်အတွင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ယူကရိန်းအစိုးရက စွပ်စွဲထားသည်။

မလေးရှားလေယာဉ် ပစ်ချခံခဲ့ရသည့်နေရာတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ များက လုပ်ငန်းများကို ရပ်ဆိုင်းထားပြီးနောက် ယင်းနေရာတွင် အပစ်ခတ်ရပ်စဲ မှုကို ယူကရိန်းအစိုးရက ပယ်ဖျက်လိုက်သည်။
Ref:AFP

Mizzima - News in Burmese

No comments:

Post a Comment

My Blog List