Friday, August 08, 2014

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေပေါ်၌ KNU/KNLA မှ ခြံစည်းရိုးဝင်ခတ်သဖြင့် မြေပိုင်ဆိုင်မှုကို စစ်ဆေးကာ မြို့နယ်စည်ပင်က တရားစွဲမည်


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ်(၄၈)ရပ်ကွက်ရှိ ပိုင်ဆိုင်မှု အငြင်းပွား ဖွယ်ဖြစ်နေသည့် မြေပေါ်၌ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဗဟိုဌာနချုပ် (စီးပွားရေးတပ်ဖွဲ့)ကခြံစည်း ရိုး ဝင်ရောက်ခတ်သဖြင့် မြေပိုင်ဆိုင်မှုကိုစစ်ဆေးပြီး မြို့နယ်စည်ပင်က တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ဒီကိစ္စကို စည်ပင်နဲ့အိုးအိမ်ပေါင်းပြီး မြေပိုင်ဆိုင်မှုအထောက်အထားတွေကို စစ်ဆေးနေပါတယ်။ ပြီးရင်မြေပိုင်ဆိုင်မှု အမည်ပေါက်သူကို စည်ပင်ရဲ့ ခွင့်ပြုချက်မရဘဲ ခြံစည်းရိုးခတ်လို့ စည်ပင်ဥပဒေ နဲ့အညီ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်”ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးလှမျိုးက ဩဂုတ် ၇ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

အဆိုပါမြေနေရာမှာ အလျား ၁၂ဝ၊ အနံ ၅၆ဝ ကျယ်ဝန်းပြီး မူလမြေပိုင်ရှင်နှင့် မြေအမည်ပေါက်သူကြား အငြင်းပွားမှုများဖြစ်နေပြီး အနီးရှိ အ.ထ.က (၄)ကျောင်းဝင်းမြေနှင့်လည်း ဆက်စပ်နေသဖြင့် ကျောင်းပိုင်မြေဟုလည်း အငြင်းပွားမှုဖြစ်ပွားလျက်ရှိသောမြေဖြစ်ကြောင်း ယင်းရပ်ကွက်တွင်း နေထိုင်သူများထဲမှ သိရသည်။

“ဒီလိုမျိုး KNU/KNLA ကခြံစည်းရိုးခတ်တာနဲ့ပတ်သက်ပြီး စည်ပင်ကလည်း သတိပေးစာ ထုတ်ထား တယ်။ မဖျက်ရင် ဥပဒေနဲ့အညီ တရားစွဲဆိုတာ၊ ဒဏ်ရိုက်တာတွေ လုပ်သွားမယ်လို့ သိရတယ်။ လောလော ဆယ်ထိကတော့ ဒီမြေကွက်ထဲမှာ KNU/KNLA က တဲထိုးပြီး လာနေထားတယ်”ဟု အမှတ်(၄၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုဦးက ဩဂုတ် ၇ ရက်တွင် ဆိုသည်။

အဆိုပါ ကျောင်းဝင်းနှင့်ဆက်စပ်နေပြီး ပိုင်ဆိုင်မှုအငြင်းပွားဖွယ်ဖြစ်နေသည့် မြေနေရာကို ဩဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် KNU/KNLA မှ လူအင်အား ၁ဝ ယောက်ခန့်ဖြင့် ဆိုင်းဘုတ်များ စိုက်ထူကာ ခြံစည်းရိုးခတ်မှုများကို သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရှိဘဲ ဥပဒေမဲ့လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ယင်းနှင့်ပတ်သက်၍ ဩဂုတ် ၃ ရက်တွင် ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

အဆိုပါမြေနေရာကို ကျောင်းအဆောက်အအုံ၊ ကျောင်းဆောင်များ တိုးချဲ့ဆောက်လုပ်နိုင်ရန် ကျောင်း အကျိုးဆောင်အဖွဲ့မှကျောင်းပိုင်မြေအဖြစ် သတ်မှတ်ပေးရန်သက်ဆိုင်ရာသို့ ၁၉၉၇ ခုနှစ်ကတည်းက တင်ပြခဲ့သော်လည်း ဂရန်မထုတ်ပေးခဲ့သဖြင့် ကျောင်းပိုင်မြေအဖြစ် သတ်မှတ်ရန်ခက်ခဲနေခြင်း သာဖြစ်ကြောင်း ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များမှ သိရသည်။

“ကျွန်တော်တို့က လယ်သမားဘက်က ခတ်တာပါ။ ဒီကိုခတ်ဖို့ အမိန့်ပေးတာ ကျွန်တော်ပေးတာပါ။ ဘာကြောင့်လဲဆိုရင် ဒါကကျွန်တော်အထက်လူကြီးအမိန့်နဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ စခတ်မယ့်အချိန်က စည်ပင်သာယာကိုတင်မယ့်အချိန်မှာ ဒီခြံကိစ္စမှာက သာမန်အပြင်လူ မသိနိုင်တဲ့ကိစ္စတွေ အများကြီးရှိနေပါတယ်။ အရင်ကဒါက လှည်းကူးအပိုင်ဖြစ်လို့ လှည်းကူးရုံးမှာ မူလလယ်သမားရဲ့ပိုင်ဆိုင်မှု အထောက်အထားလည်း ရှိပါတယ်”ဟုKNU/KNLA ငြိမ်းချမ်းရေးကောင်စီဗဟို ဌာနချုပ် (စီးပွားရေးတပ်ဖွဲ့) မှ ရန်ကုန်တိုင်းတာဝန်ခံဗိုလ်မှူး မိုက်ကယ်က ပြောကြားသည်။

မြေယာကိစ္စအကြောင်းပြု၍ KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) တို့ မြဝတီမြို့အနီး တင်းမာမှုဖြစ်ပွားသည့်ဖြစ်စဉ် တစ်ခု ၂ဝ၁၃ ခုနှစ် ဩဂုတ် ၁၃ ရက်က ဖြစ်ပွားခဲ့ဖူးသည်။ 

ထို့ပြင် ယခုနှစ် ဇွန် ၁၂ ရက်ကလည်း အပစ်အခတ်ရပ်စဲထားသည့် KNU/KNLA (PC) နှင့်KNU-NDA ငြိမ်းချမ်းရေးအဖွဲ့တို့အကြား ပဋိပက္ခဖြစ်စဉ်တစ်ခု စစ်ကိုင်းမြို့တွင် ဖြစ်ပွားခဲ့ပြီး ညှိနှိုင်းဆွေးနွေး၍ ပြေလည်မှုရခဲ့ကြောင်း သိရသည်။

KNU/KNLA တို့ကဲ့သို့ ငြိမ်းချမ်းရေးအဖွဲ့အချို့သည် ယခင်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့် လက်ထက်က ငြိမ်းချမ်းရေးယူကာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသည့်အဖွဲ့အစည်းများ ဖြစ်သည်။ ယခုကဲ့သို့သော ဖြစ်စဉ်မျိုးသည် ၎င်းတို့၏ စီးပွားရေးဆိုင်ရာ စည်းကမ်းပိုင်းလျော့နည်းမှုအပေါ် မေးခွန်း ထုတ်စရာဖြစ်နေကြောင်းနှင့် ယခင်က “ဝ” ငြိမ်းချမ်းရေးအဖွဲ့၏ လုပ်ရပ်မျိုးကဲ့သို့ ပင်ဖြစ်နေကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List