Friday, August 08, 2014

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်ရေး နိုင်ငံရေးပါတီများနှင့် ၀န်ကြီး ဦးအောင်မင်း တွေ့ဆုံမည်


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးတွင် နိုင်ငံရေးပါတီများ၏ အကြံဥာဏ်များပါ ရယူနိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် နိုင်ငံရေး ပါတီတို့ သြဂုတ်လ (၁၁)ရက်နေ့တွင် မြန်မာငြိမ်းချမ်းရေးစင်တာ၌ တွေ့ဆုံမည်ဟု သိရှိရသည်။

“အဓိကက တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးကိစ္စမှာ နိုင်ငံရေးပါတီတွေရဲ့ အကြံဥာဏ်ပေါ့ နောက်တစ်ခုက Political Dialog မှာ ပါဝင်နိုင်ဖို့ တွေ့ဆုံမှာဖြစ်တယ်”ဟု ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင် ရေးကော်မတီမှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

 မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် နိုင်ငံရေးပါတီ အချို့ တွေ့ဆုံ ၍ ငြိမ်းချမ်းရေးဆွေးနွေးခြင်းများကို MPC ၌ မကြာခဏဆွေးနွေးလေ့ရှိသော်လည်း ယခု အကြိမ်မှာ နိုင်ငံရေးပါတီ(၆၀)ကျော်(သို့) နိုင်ငံရေးပါတီ တချို့နှင့်သာ တွေ့ဆုံမည် ဟုတ်/မဟုတ်မသိရှိရသေး ကြောင်း နိုင်ငံရေးပါတီအချို့က ဆိုသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးပါတီတွေ ပါကိုပါရမယ့် သဘောမှာရှိတယ်။ တစ်တိုင်းပြည်လုံး အပစ် အခတ်ရပ်စဲရေး ပြီးသွားပြီဆိုရင် ဆက်ပြီးတော့ Political Frame Work မူဘောင်သတ်မှတ်တဲ့ လုပ်ငန်း ဘယ်သူတွေ ပါဝင်ရမလဲဆိုရင် နိုင်ငံရေးပါတီတွေက အခန်းကဏ္ဍအနေနဲ့ ပါဝင်ရမှာ ဖြစ်တယ် ဒါ့အပြင် Political Dialog လို့ခေါ်တဲ့ နိုင်ငံရေးဆွေးနွေးတဲ့အခါကျတော့လည်း တပ်မတော် ၊ အစိုးရ ၊ တိုင်းရင်း သားလက်နက်ကိုင် ၊ နိုင်ငံရေးပါတီတွေပါ ပူးပေါင်းပြီးလုပ်မှ အောင်မြင်မယ်လို့ ခံယူပါတယ်။ “ ဟု တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ စည်းရုံးရေးကော်မတီကြီး တာဝန်ခံ ဦးဟန်ရွှေက ပြောသည်။

နိုင်ငံရေးပါတီများအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန်လိုအပ်ပြီး ဒီမိုကရေစီဖော်ဆောင် နေသည့် နိုင်ငံတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးကြောင်း ကချင်ငြိမ်းချမ်း ရေး အကျိုးတော် ဆောင်အဖွဲ့ဝင်(PCG) ဦးစန်းအောင်က သုံးသပ်ပြောဆိုသည်။

အဆိုပါ တွေ့ဆုံမှုကို သြဂုတ်လ(၁၁)ရက် နံနက်(၉)နာရီတွင် မြန်မာငြိမ်းချမ်းရေးစင်တာ၌ ကျင်းပမည် ဖြစ်ပြီး သြဂုတ်လ(၁၅)ရက်နေ့တွင် ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တို့ တွေ့ဆုံကာ တတိယအကြိမ် လိုင်ဇာထိပ်သီးညီလာခံမှ ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် လက်မှတ်ရေးထိုးရေးအတွက် ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ သိရှိရ သည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List